လူသားဗဟိုပြုသော AI အနာဂတ်ကို ပုံဖော်ခြင်း- ၂၀၂၆ ခုနှစ် AI သက်ရောက်မှုဆိုင်ရာ ထိပ်သီးအစည်းအဝေး
နာရင်ဒြာ မိုဒီ (အိန္ဒိယနိုင်ငံဝန်ကြီးချုပ်)
လူသားသမိုင်း၏ အရေးပါသော အချိုးအကွေ့တစ်ခုတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် AI သက်ရောက်မှုဆိုင်ရာ ထိပ်သီးအစည်းအဝေးသို့ ကမ္ဘာတစ်ဝန်းမှ စုဝေးရောက်ရှိခဲ့ကြပါသည်။ ကျွန်ုပ်တို့အိန္ဒိယနိုင်ငံသားများအတွက် ကမ္ဘာအရပ်ရပ်မှ နိုင်ငံ့အကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ ကိုယ်စားလှယ်များနှင့် တီထွင်ဆန်းသစ်သူများကို နွေးထွေးစွာကြိုဆိုခွင့်ရခြင်းသည် အလွန်ဝမ်းမြောက်ဂုဏ်ယူဖွယ်ရာ အခိုက်အတန့်ဖြစ်ပါသည်။
အိန္ဒိယနိုင်ငံသည် မိမိဆောင်ရွက်သမျှ ကိစ္စရပ်တိုင်းတွင် အတိုင်းအတာပမာဏနှင့် စွမ်းအင်အင်အားကို အပြည့်အဝထည့်သွင်းလေ့ရှိရာ ဤထိပ်သီးအစည်းအဝေးတွင်လည်း တူညီစွာ အပြည့်အဝဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံပေါင်း ၁၀၀ ကျော်မှ ကိုယ်စားလှယ်များ စုပေါင်းတက်ရောက်ခဲ့ကြပြီး တီထွင်သူများက ခေတ်မီဆန်းသစ်သော AI ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ခင်းကျင်းပြသခဲ့ကြပါသည်။ ပြပွဲခန်းမများအတွင်း လူငယ်ထောင်ပေါင်းများစွာက သိလိုသည်များကို မေးမြန်းရင်းဖြစ်နိုင်ခြေရှိသော အနာဂတ်များကို စိတ်ကူးပုံဖော်နေကြသည်ကို တွေ့မြင်ရပါသည်။ ၎င်းတို့၏ စူးစမ်းလိုစိတ်များက ဤအစည်းအဝေးကို ကမ္ဘာပေါ်တွင် အကြီးမားဆုံးနှင့် အများပြည်သူအကျုံးဝင်ဆုံးသော AI ထိပ်သီးအစည်းအဝေး ဖြစ်လာစေခဲ့ပါသည်။ ဤသည်မှာ အိန္ဒိယ၏ ဖွံ့ဖြိုးတိုးတက်မှုခရီးစဉ်တွင် အရေးကြီးသော မှတ်တိုင်တစ်ခုအဖြစ် ကျွန်ုပ်မြင်မိပါသည်။ အကြောင်းမှာ AI ဆန်းသစ်တီထွင်မှုနှင့် လက်တွေ့အသုံးချမှုအတွက် လူထုလှုပ်ရှားမှုတစ်ရပ်မှာ အမှန်တကယ်ပင် စတင်နေပြီဖြစ်သောကြောင့် ဖြစ်ပါသည်။
လူသားသမိုင်းတွင်ယဉ်ကျေးမှုလမ်းကြောင်းကို ပြောင်းလဲစေခဲ့သည့် နည်းပညာအပြောင်းအလဲ များစွာရှိခဲ့ပါသည်။ ဉာဏ်ရည်တု (AI) နည်းပညာသည် မီး၊ စာပေ၊ လျှပ်စစ်နှင့် အင်တာနက်တို့ကဲ့သို့ပင် အရေးပါသော အဆင့်အတန်းတွင်ရှိပါသည်။ သို့သော် AI ၏ ထူးခြားချက်မှာ ယခင်က ဆယ်စုနှစ်နှင့်ချီ၍ ကြာမြင့်ခဲ့သော အပြောင်းအလဲများကို ရက်သတ္တပတ်အနည်းငယ်အတွင်း ဖော်ဆောင်နိုင်ခြင်းနှင့် တစ်ကမ္ဘာလုံးကို သက်ရောက်မှုရှိစေခြင်းပင် ဖြစ်ပါသည်။
AI ကို စက်ဗဟိုပြုခြင်းထက် လူသားဗဟိုပြုခြင်းကသာလျှင် အရေးကြီးဆုံးဖြစ်
AI သည် စက်ပစ္စည်းများကို ဉာဏ်ရည်ထက်မြက်စေရုံသာမက လူသားတို့၏ ရည်မှန်းချက်များကိုပါ အဆပေါင်းများစွာ တိုးမြှင့်ပေးနိုင်သည့် စွမ်းအားတစ်ရပ်ဖြစ်ပါသည်။ AI ကို စက်ဗဟိုပြုခြင်းထက် လူသားဗဟိုပြုခြင်းကသာလျှင် အရေးကြီးဆုံးဖြစ်ပါသည်။ ဤထိပ်သီးအစည်းအဝေးတွင် ကျွန်ုပ်တို့သည် 'Sarvajana Hitaya, Sarvajana Sukhaya' (အားလုံး၏ အကျိုးစီးပွား၊ အားလုံး၏ ချမ်းသာသုခ) ဟူသော မူဝါဒဖြင့် လူသားတို့၏ ကောင်းကျိုးချမ်းသာကို ကမ္ဘာလုံးဆိုင်ရာ AI ဆွေးနွေးမှုများ၏ ဗဟိုချက်တွင် ထားရှိခဲ့ပါသည်။
နည်းပညာသည် လူသားများကို အစေခံရမည်ဖြစ်ပြီး လူသားများက နည်းပညာ၏ အစေခံမဖြစ်စေရဟု ကျွန်ုပ်အမြဲတစေ ယုံကြည်ပါသည်။ UPI မှတစ်ဆင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုဖြစ်စေ၊ ကိုဗစ် ကာကွယ်ဆေးထိုးခြင်းဖြစ်စေ၊ ကျွန်ုပ်တို့သည် မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျကျန်မနေစေဘဲ ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများ လူတိုင်းထံသို့ရောက်ရှိစေရန် ဆောင်ရွက်ခဲ့ပါသည်။ ဤစိတ်ဓာတ်မျိုးကိုပင် စိုက်ပျိုးရေး၊ လုံခြုံရေး၊ မသန်စွမ်းသူများအတွက် အကူအညီပေးရေးနှင့် ဘာသာစကားမျိုးစုံသုံးကိရိယာများ စသည့်နယ်ပယ်များမှ ကျွန်ုပ်တို့၏ တီထွင်သူများ၏ လက်ရာများတွင် တွေ့မြင်ခဲ့ရပါသည်။
အိန္ဒိယနိုင်ငံတွင် AI ၏ စွမ်းဆောင်နိုင်ရည်ကိုပြသနေသည့် သာဓကများစွာရှိနေပြီဖြစ်ပါသည်။ မကြာသေးမီက အိန္ဒိယနို့ထွက်ပစ္စည်းသမဝါယမ (AMUL)မှ စတင်လိုက်သော 'Sarlaben' အမည်ရှိ AI ဒစ်ဂျစ်တယ် အကူအညီပလက်ဖောင်းသည် အမျိုးသမီးအများစုပါဝင်သော နို့စားနွားတောင်သူ ၃ ဒသမ ၆ သန်းအတွက် နွားများ၏ ကျန်းမာရေးနှင့် ထုတ်လုပ်မှုဆိုင်ရာ လမ်းညွှန်ချက်များကို မိမိတို့ဘာသာစကားဖြင့် အချိန်နှင့်တစ်ပြေးညီ ကူညီပေးလျက်ရှိပါသည်။ ထို့အတူ 'Bharat VISTAAR' ဟု ခေါ်သော AI ပလက်ဖောင်းသည်လည်း ရာသီဥတုမှသည် ဈေးကွက်ပေါက်ဈေးအထိ အချက်အလက်များကို ဘာသာစကားမျိုးစုံဖြင့် တောင်သူများထံ ပံ့ပိုးပေးလျက်ရှိပါသည်။
လူသားများက စက်ပစ္စည်းများအတွက် အချက်အလက် (Data) သို့မဟုတ် ကုန်ကြမ်းများမျှသာ မဖြစ်စေရပါ။ ယင်းအစား AI သည် တစ်ကမ္ဘာလုံးဆိုင်ရာ ကောင်းကျိုးအတွက် ကိရိယာတစ်ခုဖြစ်ရမည်ဖြစ်ပြီး ကမ္ဘာ့တောင်ဘက်ခြမ်း (Global South) နိုင်ငံများအတွက် တိုးတက်မှုတံခါးသစ်များကို ဖွင့်လှစ်ပေးရပါမည်။ ဤမျှော်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်ရန် အိန္ဒိယနိုင်ငံသည် လူသားဗဟိုပြု AI စီမံအုပ်ချုပ်မှုအတွက် MANAV မူဘောင်ကို တင်ပြခဲ့ပါသည်။
M - Moral and Ethical Systems: AI သည် ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ်ဆိုင်ရာ လမ်းညွှန် ချက်များပေါ်တွင် အခြေခံရမည်။
A - Accountable Governance: ပွင့်လင်းမြင်သာသော စည်းမျဉ်းများနှင့် ခိုင်မာသော ကြီးကြပ်ကွပ်ကဲမှု ရှိရမည်။
N - National Sovereignty: အချက်အလက်များအပေါ် နိုင်ငံအလိုက် ပိုင်ဆိုင်ခွင့်ကို လေးစားရမည်။
A - Accessible and Inclusive: AI သည် လက်ဝါးကြီးအုပ်မှုမဟုတ်ဘဲ လူတိုင်းလက်လှမ်းမီနိုင်ရမည်။
V - Valid and Legitimate: AI သည် တည်ဆဲဥပဒေများကို လိုက်နာရမည်ဖြစ်ပြီး စစ်ဆေးအတည်ပြုနိုင်ရမည်။
“လူသား” ဟု အဓိပ္ပာယ်ရသည့် MANAV သည် ၂၁ ရာစု လူသားတန်ဖိုးများပေါ်တွင် အခြေခံထားသည့် AIဆိုင်ရာ မူဝါဒများကို ပံ့ပိုးပေးပါသည်။
Deepfakes နှင့် သတင်းမှားများ၏ ဘေးအန္တရာယ်ကို ရင်ဆိုင်နေရ
ယုံကြည်မှုသည် AI အနာဂတ်၏ အခြေခံအုတ်မြစ်ဖြစ်ပါသည်။ မျိုးဆက်သစ် AI (Generative AI) စနစ်များက ကမ္ဘာကိုအကြောင်းအရာအသစ်များဖြင့် လွှမ်းမိုးလာသည်နှင့်အမျှ ဒီမိုကရေစီလူ့အဖွဲ့အစည်းများသည် Deepfakes နှင့် သတင်းမှားများ၏ ဘေးအန္တရာယ်ကို ရင်ဆိုင်နေရပါသည်။ အစားအစာများတွင် အာဟာရဓာတ်အညွှန်းများပါရှိသကဲ့သို့ ဒစ်ဂျစ်တယ် အကြောင်းအရာများတွင်လည်း စစ်မှန်မှုဆိုင်ရာအညွှန်းများ ပါရှိရပါမည်။ ရေစာ(Water-marking) ထည့်သွင်းခြင်းနှင့်ရင်းမြစ်ကို စစ်ဆေးခြင်းဆိုင်ရာ ဘုံစံနှုန်းများချမှတ်နိုင်ရန် ကမ္ဘာ့မိသားစုဝင်များကို ကျွန်ုပ်တိုက်တွန်းလိုပါသည်။ အိန္ဒိယနိုင်ငံသည် ဉာဏ်ရည်တုဖြင့် ဖန်တီးထားသော အကြောင်းအရာများကို ရှင်းလင်းစွာ အမှတ်အသားပြုရန် ဥပဒေအရပြဋ္ဌာန်းခြင်းဖြင့် ဤလမ်းစဉ်သို့ စတင်ခြေလှမ်းနေပြီ ဖြစ်ပါသည်။
ကျွန်ုပ်တို့ ကလေးငယ်များ၏ ကောင်းကျိုးချမ်းသာသည် ကျွန်ုပ်တို့ အလေးအနက်ထားရမည့် ကိစ္စဖြစ်ပါသည်။ AI စနစ်များကို တာဝန်ယူမှုရှိသော၊ မိသားစုက လမ်းညွှန်မှုပေးနိုင်သောပုံစံဖြင့် တည်ဆောက်ရမည်ဖြစ်ပြီး ကျွန်ုပ်တို့၏ ပညာရေးစနစ်များကဲ့သို့ပင် ဂရုတစိုက်ရှိရပါမည်။
နည်းပညာသည် ဗျူဟာမြောက်ပိုင်ဆိုင်မှုတစ်ခုအဖြစ် သိမ်းဆည်းထားခြင်းထက် မျှဝေအသုံးပြုမှသာလျှင် အကြီးမားဆုံးသော အကျိုးကျေးဇူးကို ရရှိစေပါသည်။ ပွင့်လင်းသော ပလက်ဖောင်းများ (Open Platforms)သည် သန်းပေါင်းများစွာသော လူငယ်များကို နည်းပညာပိုမိုလုံခြုံစေရန်နှင့် လူသားဗဟိုပြုဖြစ်စေရန် ကူညီပေးနိုင်ပါသည်။ ဤစုပေါင်း ဉာဏ်ရည်သည် လူသားမျိုးနွယ်၏ အကြီးမားဆုံး သော အင်အားဖြစ်ပါသည်။ AI သည် ကမ္ဘာလုံးဆိုင်ရာ ဘုံအကျိုးစီးပွားအဖြစ် ဆင့်ကဲတိုးတက်သွားရပါမည်။
ကျွန်ုပ်တို့သည် လူသားများနှင့် ဉာဏ်ရည်တုစနစ်များ အတူတကွဖန်တီးခြင်း၊ အတူတကွအလုပ်လုပ်ခြင်းနှင့် အတူတကွတိုးတက်လာမည့် ခေတ်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ပါသည်။ အသက်မွေးဝမ်းကျောင်း လုပ်ငန်းသစ်များ ပေါ်ထွက်လာပါလိမ့်မည်။ အင်တာနက်စတင်ပေါ်ပေါက်စဉ်က ဖြစ်နိုင်ခြေများကို မည်သူမျှ စိတ်ကူးမယဉ်နိုင်ခဲ့သော်လည်း နောက်ဆုံးတွင် အခွင့်အလမ်းသစ်များစွာကို ဖန်တီးပေးခဲ့သကဲ့သို့ AIသည်လည်း ထိုနည်းတူပင် ဖြစ်ပါလိမ့်မည်။
ကျွန်ုပ်တို့၏ စွမ်းရည်ထက်မြက်သော လူငယ်များသည် AI ခေတ်၏ စစ်မှန်သော မောင်းနှင်အားများ ဖြစ်လာမည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။ ကျွန်ုပ်တို့သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးနှင့် အစုံလင်ဆုံးသော ကျွမ်းကျင်မှုလေ့ကျင့်ရေးအစီအစဉ်များကို လုပ်ဆောင်ခြင်းဖြင့် လူငယ်များ၏ စွမ်းရည်ကို မြှင့်တင်ပေးလျက်ရှိပြီး ဘဝတစ်သက်တာလေ့လာနိုင်စေရန် အားပေးလျက်ရှိပါသည်။
အိန္ဒိယနိုင်ငံသည် ကမ္ဘာ့အကြီးမားဆုံးသော လူငယ်အင်အားနှင့် နည်းပညာကျွမ်းကျင်သူများ စုဝေးရာနေရာများထဲမှအပါအဝင် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ကျွန်ုပ်တို့၏ စွမ်းအင်စွမ်းပကားနှင့် ရှင်းလင်းပြတ်သားသော မူဝါဒများဖြင့် AI ၏ အလားအလာများကို အပြည့်အဝအသုံးချရန် အကောင်းဆုံးအနေအထားတွင် ရှိနေပါသည်။ ဤထိပ်သီးအစည်းအဝေးတွင် အိန္ဒိယကုမ္ပဏီများက ကိုယ်ပိုင် AI မော်ဒယ်များနှင့် အသုံးချဆော့ဖ်ဝဲလ်များကို ထုတ်ဖော်ပြသနိုင်ခဲ့ခြင်းသည် ကျွန်ုပ်တို့ လူငယ်တီထွင်သူများ၏ နည်းပညာနက်ရှိုင်းမှုကို ထင်ဟပ်စေပါသည်။
ကျွန်ုပ်တို့၏ AI ဂေဟစနစ် ဖွံ့ဖြိုးတိုးတက်စေရန်ခိုင်မာသော အခြေခံအဆောက်အအုံများကို တည်ဆောက်လျက်ရှိပါသည်။ India AI Mission အောက်တွင် ကျွန်ုပ်တို့သည် GPU ထောင်ပေါင်း များစွာကို အသုံးပြုထားပြီး မကြာမီထပ်မံတိုးချဲ့သွားမည်ဖြစ်ပါသည်။ ကမ္ဘာ့အဆင့်မီ ကွန်ပျူတာ တွက်ချက်မှုစွမ်းပကားကို သင့်တင့်သောနှုန်းထားဖြင့် ရရှိနိုင်ခြင်းကြောင့် အသေးစားလုပ်ငန်းသစ်များပင် ကမ္ဘာ့အဆင့်မီ ဖြစ်လာနိုင်ပါသည်။ ထို့ပြင် အမျိုးသားအဆင့် AI သိုလှောင်ရုံ (National AI Repository) ကို တည်ထောင်ခြင်းဖြင့် အချက်အလက်များနှင့် AI မော်ဒယ်များကို လူတိုင်းအသုံးပြုနိုင်အောင် ဆောင်ရွက်ထားပါသည်။ ဆီမီးကွန်ဒတ်တာများမှသည် အချက်အလက် အခြေခံအဆောက်အအုံများ၊ တက်ကြွသော လုပ်ငန်းသစ်များနှင့် လက်တွေ့သုတေသနများအထိ တန်ဖိုးကွင်းဆက်တစ်ခုလုံးကို ကျွန်ုပ်တို့ အာရုံစိုက်ဆောင်ရွက်နေပါသည်။
အိန္ဒိယ၏ မတူကွဲပြားမှု၊ ဒီမိုကရေစီနှင့် လူဦးရေဆိုင်ရာ တက်ကြွမှုများသည် အများပြည်သူ အကျုံးဝင်သော ဆန်းသစ်တီထွင်မှုအတွက် မှန်ကန်သောပတ်ဝန်းကျင်ကို ပေးစွမ်းပါသည်။ အိန္ဒိယတွင် အောင်မြင်သော ဖြေရှင်းနည်းများသည် ကမ္ဘာတစ်ဝန်းရှိ လူသားအားလုံးအတွက် အသုံးဝင်နိုင်ပါသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံများသို့ ကျွန်ုပ်တို့၏ဖိတ်ခေါ်ချက်မှာ - အိန္ဒိယတွင် ပုံစံထုတ်တီထွင်ကြပါ၊ ကမ္ဘာကြီးအတွက် ပံ့ပိုးပေးကြပါ၊ လူသားမျိုးနွယ်အတွက် ဆောင်ရွက်ပေးကြပါဟူ၍ ဖြစ်ပါသည်။ ။
