Skip to main content

နိုင်ငံ့အရေးဆောင်ရွက်မည့် နိုင်ငံရေးသမားများဖြစ်ရန်လိုသည်

ကေတုမတီ သောင်းအေး

ဒီမိုကရေစီအခြေခံထားသော လူ့အဖွဲ့အစည်းတိုင်းတွင် နိုင်ငံရေးသမား၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါသည်။ နိုင်ငံရေးသမားများသည် ပြည်သူများကို ကိုယ်စားပြု၍ နိုင်ငံ၏ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရမည်ဖြစ်ပါသည်။ နိုင်ငံရေးသမားကောင်းသည် ရွေးကောက်ပွဲများတွင် အနိုင်ရရှိခြင်းတို့ထက် ပိုမိုကျယ်ပြန့်သော အရည်အချင်းများရှိရပါမည်။ ထိုအရည်အချင်းများတွင် ကိုယ်ကျင့်တရားကောင်းမွန်မှု၊ အများပြည်သူအကျိုးအတွက် ဆောင်ရွက်ပေးလိုမှု၊ ဒီမိုကရေစီစနစ်နှင့်ကိုက်ညီသည့် လူသားအခွင့်အရေးအပေါ် လေးစားမှုတို့ပါဝင်ပါသည်။

ရှေးဂရိတွေးခေါ်ပညာရှင် အရစ္စတိုတယ်က နိုင်ငံရေးဆိုသည်မှာ “လူသားများသည် လုံခြုံစိတ်ချစွာ ရှင်သန်ရပ်တည်နိုင်ရေးအတွက် နိုင်ငံကိုတည်ထောင်ကြသော်လည်း နိုင်ငံတည်ထောင်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကောင်းမွန်သောဘဝရရှိရန်ဖြစ်သည်” (Men form states to secure a bare subsistence; but the ultimate object of the state is the good life)ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ အမေရိကန်နိုင်ငံရေးသိပ္ပံပညာရှင် ဒေးဗစ်အစ်စတန်(David Easton)က နိုင်ငံရေးကို လူ့အဖွဲ့အစည်းတစ်ခုအတွက် တန်ဖိုးများကို အခွင့်အာဏာဖြင့် ခွဲဝေဆုံးဖြတ်ခြင်း(the authoritative allocation of values for a society)ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။

အမျိုးသားအကျိုးစီးပွားကို ရှေးရှု

နိုင်ငံရေးကို အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုကြသော်လည်း နိုင်ငံရေး၏အန္တိမရည်မှန်းချက်မှာ နိုင်ငံတော်တည်ဆောက်ရေးသာဖြစ်ပါသည်။ နိုင်ငံရေးသည်မတူညီသည့်နိုင်ငံရေး အမြင်၊ မတူညီသည့်သဘောထားရှိသူများက နိုင်ငံတည်ဆောက်ရေးအတွက် အမျိုးသားအကျိုးစီးပွားကိုရှေးရှုပြီး အကောင်းဆုံးများကိုရွေးချယ်ကာ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်။ နိုင်ငံရေးသည် မိမိနှင့်အမြင်မတူ၊ သဘောထားမတူသူများကို ဆန့်ကျင်ရသည့် ပုံစံမျိုးမဟုတ်ဘဲ မတူညီသောအရာများထဲမှ နိုင်ငံအတွက် အကောင်းဆုံးအခြေအနေများကို ရွေးချယ်ကာ နိုင်ငံကောင်းရာကောင်းကျိုးအတွက် ဆောင်ရွက်ရပါသည်။ မိမိပြိုင်ဘက်က ပြောဆိုသမျှကို ကန့်ကွက်ခြင်းမျိုးသည် မဖြစ်သင့်ဘဲ နိုင်ငံတော်အတွက်ကောင်းမွန်သော ပြောဆိုချက်၊ လုပ်ကိုင်ဆောင်ရွက်ချက်များဖြစ်ပါက လက်ခံပေးရမည်ဖြစ်သည်။ နိုင်ငံရေးဆောင်ရွက်ရာတွင် ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ ချစ်ခြင်း၊ မုန်းခြင်းကင်း၍ နိုင်ငံကောင်းကျိုးအတွက် ဆောင်ရွက်သင့်သည်များကို ပြတ်သားစွာဆောင်ရွက်ရန်လိုပါသည်။       

နိုင်ငံ့အရေးဆိုသည်မှာ “နိုင်ငံအတွင်း မှီတင်းနေထိုင်သော ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားနှင့်သက်ဆိုင်သည့် ကိစ္စရပ်များကိုဆိုလိုခြင်းဖြစ်သည်။ နိုင်ငံ၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ နိုင်ငံတကာအသိုင်းအဝိုင်းအတွင်း ဂုဏ်သိက္ခာရှိစွာရပ်တည်နိုင်ရေး၊ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတများကို ရေရှည်အကျိုးရှိအောင် ထိန်းသိမ်းရေးတို့လည်း နိုင်ငံ့အရေးတွင် အရေးပါသောအချက်များဖြစ်ပါသည်။ နိုင်ငံ့အရေးက အစိုးရတစ်ရပ် သို့မဟုတ် အဖွဲ့အစည်းတစ်ခု တည်း၏ ကိစ္စမဟုတ်ဘဲ “နိုင်ငံသားတိုင်း၏ ကံကြမ္မာကို ဆုံးဖြတ်ပေးနေသည့် ဘုံအရေးကိစ္စ”သာဖြစ်ပါသည်။ အချို့ရုပ်ရှင်ရုံများ၌ နိုင်ငံတော်အလံကိုပင် အလေးမပြုကြသူများနှင့် နိုင်ငံတော်သီချင်း သီဆိုခြင်းမရှိကြသူများပင်ရှိကြသည်ဟု စိတ်မကောင်းဖြစ်ဖွယ် သိရှိရပါသည်။ နိုင်ငံသားများအနေဖြင့် လူပုဂ္ဂိုလ်ကိုအစွဲပြု၍ ချစ်ခြင်းထက်မှန်ကန်သော တိုင်းချစ်ပြည်ချစ်စိတ်ဖြင့် နိုင်ငံအပေါ်စောင့်ထိန်းရမည့် တာဝန်များကိုစောင့်ထိန်းပြီး ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်ရမည်ဖြစ်ပါသည်။ နိုင်ငံ့ဝန်ထမ်းများကလည်း ပါတီနိုင်ငံရေးလုပ်၍မရသော်လည်း နိုင်ငံ့အရေးတွင် အားလုံးတာဝန်ရှိကြသည်သာဖြစ်ပါသည်။ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပသည့်နယ်မြေများတွင် မဲပေးပိုင်ခွင့်ရှိသူ ၂၄ သန်းကျော်အနက် မဲလာရောက်ပေးသူ ၁၃ ဒသမ ၁၄ သန်းခန့်ရှိပါသည်။ မဲပေးသည့်ရာခိုင်နှုန်းမှာ ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းဖြစ်ပါသည်။ ရွေးကောက်ခံရသူများအနေဖြင့် ဒီမိုကရေစီကိုလိုလားသူပြည်သူများက မဲပေးရွေးချယ်ထားခြင်းဖြစ်သောကြောင့် တိုင်းချစ်ပြည်ချစ်စိတ်ဖြင့် နိုင်ငံကောင်းကျိုးအတွက် အလုပ်လုပ်ရန်လိုအပ်ပါသည်။

တိုင်းချစ်ပြည်ချစ်စိတ်များရှိရန်လို

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား အမှာစကားပြောကြားရာတွင် “နိုင်ငံ့အရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံဖြတ်သန်းခဲ့သည့် သမိုင်းကြောင်းအရ နိုင်ငံသားအားလုံး တိုင်းချစ်ပြည်ချစ်စိတ်ရှိရန်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းအရ နိုင်ငံသူ နိုင်ငံသားများအနေဖြင့် လူပုဂ္ဂိုလ်စွဲရှိကြသည်ကိုလည်းတွေ့ရကြောင်း၊ လူပုဂ္ဂိုလ်ကိုအစွဲပြု၍ တိုင်းချစ်ပြည်ချစ်စိတ်ရှိခြင်းထက် နိုင်ငံအပေါ်အစွဲပြု၍ နိုင်ငံသားတိုင်းမှန်မှန်ကန်ကန် တိုင်းချစ်ပြည်ချစ်စိတ်ရှိရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း တိုင်းချစ်ပြည်ချစ်စိတ်များရှိရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ်ပြီး နိုင်ငံရေးနှင့်နိုင်ငံ့အရေးကို ခွဲခြားစွာသိမြင်ကာ နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

နိုင်ငံရေးကောင်းမွန်ပါက တည်ငြိမ်မှုနှင့်တရားဥပဒေစိုးမိုးမှု အားကောင်းလာပြီး ငြိမ်းချမ်းရေးကိုလည်း အထောက်အပံ့ပြုထိန်းသိမ်းနိုင်ပါသည်။ နိုင်ငံရေးမကောင်းပါက အခွင့်အာဏာကို ကိုယ်ကျိုးအတွက် မတရားသဖြင့်အသုံးချမှုများ၊ အဂတိလိုက်စားမှုများနှင့်မညီမျှမှုများဖြစ်ပေါ်လာကာ ပြည်သူ့ယုံကြည်မှုပျက်စီးသွားနိုင်ပါသည်။ ထို့ကြောင့် နိုင်ငံရေးကောင်းမွန်ခြင်းသည် အာဏာရသူများအတွက်မဟုတ်ဘဲ ပြည်သူ့လူမှုစီးပွားဘဝမြှင့်တင်ရန်နှင့် နိုင်ငံ၏အနာဂတ်ကို တည်တံ့ခိုင်မြဲစေရန်အတွက် အလွန်အရေးပါသည်ကို တွေ့ရပါသည်။

နိုင်ငံရေးကောင်းမွန်ရန်အတွက် ပြည်သူတစ်ဦးချင်းစီ၏ တာဝန်ယူမှု၊ တာဝန်သိတတ်မှု၊ နိုင်ငံရေးခေါင်းဆောင်များ၏ ကိုယ်ကျင့်တရားနှင့် စနစ်တကျစီမံအုပ်ချုပ်နိုင်မှုတို့ အားလုံးပေါင်းစပ်ရန် လိုအပ်ပါသည်။ ပြည်သူများအနေဖြင့် နိုင်ငံရေးအသိပညာရှိအောင်လေ့လာခြင်း၊ သတင်းအချက်အလက်များကို မှန်၊ မမှန်စဉ်းစား ချင့်ချိန်သုံးသပ်ပြီး အကြမ်းမဖက်သောနည်းလမ်းဖြင့် မိမိအမြင်ကို ဥပဒေနှင့်အညီလွတ်လပ်စွာထုတ်ဖော်ခြင်းတို့ ပြုလုပ်သင့်ပါသည်။ နိုင်ငံရေးခေါင်းဆောင်များကလည်း မိမိကိုယ်ကျိုးထက် ပြည်သူ့အကျိုးကို ဦးစားပေးကာ ဥပဒေအပေါ် လေးစားလိုက်နာခြင်း၊ ပြည်သူ့အသံကို နားထောင်ခြင်းနှင့် ပွင့်လင်းမြင်သာစွာ လုပ်ကိုင်ခြင်းများ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ နိုင်ငံတော်၏ တရားဥပဒေစိုးမိုးမှုကိုအခြေခံ၍ မိမိနိုင်ငံ၏ လက်ရှိအခြေအနေနှင့်ကိုက်ညီသည့် ဒီမိုကရေစီယဉ်ကျေးမှုကို တည်ဆောက်နိုင်မှသာ ကောင်းမွန်သောနိုင်ငံရေးစနစ်တစ်ရပ်အဖြစ် ရပ်တည်နိုင်မည်ဖြစ်ပါသည်။

နိုင်ငံ့အရေးကောင်းမွန်ပါက လူသားအရင်းအမြစ်များကို ထိရောက်စွာအသုံးချနိုင်ပြီး နိုင်ငံ၏ သဘာဝအရင်းအမြစ်များကိုလည်း ရေရှည်အကျိုးရှိအောင် ထိန်းသိမ်းစီမံနိုင်ပါသည်။ နိုင်ငံ့အရေးမကောင်းပါက ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးစနစ်များ အားနည်းလာပြီး လူတန်းစားမညီမျှမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ ထိုအခြေအနေများကတစ်ဆင့် လူမှုစီးပွားချို့တဲ့ခြင်း၊ ကျန်းမာရေးအားနည်းခြင်းများနှင့်အတူ မတည်ငြိမ်မှုများကို ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် နိုင်ငံ့အရေး ကောင်းမွန်ခြင်းသည် လက်ရှိမျိုးဆက်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ငြိမ်းချမ်းတည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံကို အမွေချန်ထားပေးနိုင်ရန် အရေးပါသော အခြေခံအချက်တစ်ရပ်ဖြစ်ပါသည်။

လူ့စွမ်းအားအရင်းအမြစ်ကို မြှင့်တင်

နိုင်ငံ့အရေးကောင်းမွန်စေရန်အတွက် အရေးအကြီးဆုံးမှာ တိုင်းချစ်ပြည်ချစ်စိတ်ကိုအခြေပြု၍ ပြည်သူ့အကျိုးကိုရှေးရှုသည့်စနစ်မှန်ဖြင့် တိုင်းပြည်ကိုဦးဆောင်သည့် နိုင်ငံ့ခေါင်းဆောင်ကောင်းများနှင့် အသိပညာနှင့်ပြည့်စုံသည့် နိုင်ငံသားတို့ ပေါင်းစပ်ရန်လိုအပ်ပါသည်။ တရားဥပဒေစိုးမိုးရေး၊ ကောင်းမွန်သောအုပ်ချုပ်ရေး၊ ငြိမ်းချမ်းရေးနှင့်ညီညွတ်ရေးတို့သာမက ပညာရေးနှင့် ကျန်းမာရေးစနစ်များကို အရည်အသွေးပြည့်မီအောင် ဖော်ဆောင်ခြင်းကလည်း လူ့စွမ်းအားအရင်းအမြစ်ကို မြှင့်တင်ပေးကာ နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုပါသည်။ စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းနှင့် သဘာဝအရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲခြင်းတို့က နိုင်ငံ့အကျိုးစီးပွားကို တည်တံ့ခိုင်မြဲမှုနှင့် နိုင်ငံ၏အနာဂတ်အတွက် အကျိုးဖြစ်ထွန်းသောလမ်းကြောင်းသို့ ရောက်ရှိနိုင်မည်ဖြစ်ပါသည်။

မိမိနိုင်ငံရေးပါတီ၏ အကျိုးစီးပွားကိုသာ ဦးစားပေးခြင်း၊ နိုင်ငံတော်၏အကျိုးကို ဦးစားပေးမှုမရှိခြင်း၊ နိုင်ငံတော်၏အကျိုးစီးပွားကို ထိခိုက်စေနိုင်သော မမှန်ကန်သည့် မဲဆွယ်စည်းရုံးမှုများပြုလုပ်ခြင်းများနှင့် ပါတီ၏အကျိုးစီးပွားကိုသာအဓိကထားပါက နိုင်ငံ၏အမျိုးသားညီညွတ်မှုကို ပျက်စီးစေနိုင်ပါသည်။ နိုင်ငံရေးသမားများသည် ပါတီ၏အကျိုးစီးပွားကိုသာမက နိုင်ငံတော်၏ ကောင်းရာကောင်းကျိုးကိုလည်း အစွမ်းကုန်ဆောင်ရွက်ရန်လိုပါသည်။ နိုင်ငံကောင်းအောင်လုပ်ပါက ကျွဲကူးရေပါဆိုသကဲ့သို့ သက်ဆိုင်ရာ ပါတီ၏ပုံရိပ်လည်းကောင်းလာမည်ဖြစ်ပါသည်။ ရွေးကောက်ခံနိုင်ငံရေးသမားများသည် ပြည်သူ့အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများကောင်းမွန်အောင် ဆောင်ရွက်ပေးပါက ပါတီ၏ပုံရိပ်လည်း အလိုလိုတက်လာပြီး အလုပ်နှင့်စည်းရုံးပြီးသားဖြစ်သွားမည်ဖြစ်ပါသည်။

နိုင်ငံရေးသမားများအနေဖြင့် အာဏာရရေးကိုသာ အဓိကထားကြိုးပမ်းလာပါက တိုင်းပြည်အတွက် ကောင်းကျိုးထက်ဆိုးကျိုးက ပိုများလာနိုင်ပါသည်။ နိုင်ငံရေးအာဏာရရန်အတွက် မဲမသမာမှုကဲ့သို့သော မသင့်လျော်သော နည်းလမ်းများကိုအသုံးပြုခြင်း၊ လူပုဂ္ဂိုလ်ကိုအစွဲပြု၍ ပြည်သူ့စိတ်ကိုလှုံ့ဆော်ခြင်းနှင့် မမှန်ကန်၊ မလုပ်နိုင်သော ကတိများပေးခြင်းတို့သည် နိုင်ငံအတွက် မှန်ကန်သောလမ်းကြောင်း ပေါ်ရောက်ရှိနိုင်သော နိုင်ငံရေးသမားများ၏အလုပ်မဟုတ်ဘဲ အာဏာရရန် ရည်ရွယ်လုပ်ဆောင်ခြင်းသာဖြစ်ပါသည်။

နိုင်ငံရေးအာဏာကိုအသုံးချ၍ ပုဂ္ဂလိကကြီးပွားချမ်းသာရေးကိုသာ ရည်ရွယ်ဆောင်ရွက်ခြင်းသည် နိုင်ငံရေးအကျင့်ပျက်ခြစားမှုကို ဖြစ်ပေါ်စေသော အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေး အကျိုးအတွက် အဂတိလိုက်စားမှုများပြားလာပါက ပြည်သူ့ဘဏ္ဍာကိုဆုံးရှုံးစေပြီး ပြည်သူများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မှုမရှိသဖြင့် တိုင်းပြည်ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးကိုပါ ထိခိုက်စေပါသည်။ ထို့ကြောင့် နိုင်ငံရေးသမားများသည် မိမိအတွက် အခွင့်အရေးရမည်ဆိုပါက ဘနဖူးသိုက်တူးမည့်သူမျိုး၊ ဘယ်သူသေသေငတေမာရင်ပြီးရောဆိုသည့် စိတ်ထားရှိသူမျိုး မဖြစ်ရန်လိုအပ်ပါသည်။

နိုင်ငံ့အရေးဆောင်ရွက်ကြသည့် နိုင်ငံရေးသမားများသည် မိမိ ပါတီကောင်းစားရေးသက်သက်ကိုသာဆောင်ရွက်ခြင်း၊ မိမိအာဏာရရေးသာ ဦးတည်ဆောင်ရွက်ခြင်း၊ ပုဂ္ဂလိကကြီးပွားချမ်းသာရေးအတွက် အကျိုးအမြတ်ရယူခြင်းတို့ကို ဆောင်ရွက်ခြင်းမပြုဘဲ တိုင်းချစ်ပြည်ချစ်စိတ်ကိုအခြေခံ၍ ပြည်သူလူထုတစ်ရပ်လုံး၏ အကျိုးစီးပွားကိုဆောင်ရွက်ရန် လိုအပ်ပါသည်။ နိုင်ငံရေးစနစ်ကောင်းရှိနေသော်လည်း ထိုစနစ်ကို အသုံးချဆောင်ရွက်သူများတွင် ကိုယ်ကျင့်တရားကောင်းမွန်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပြည်သူ့အကျိုးစီးပွားကို ဦးစားပေးမှုတို့မရှိပါက နိုင်ငံရေးသည် အကျိုးမဖြစ်ထွန်းနိုင်ပါ။ နိုင်ငံရေးသမားကောင်းသည် ဥပဒေကို လေးစားလိုက်နာသူ၊ ပြည်သူ့အသံကို နားထောင်နိုင်သူ၊ ပြည်သူ့အကျိုးထမ်းရွက်သူ ဖြစ်ရပါမည်။

နိုင်ငံ့အရေးဆောင်ရွက်မည့် နိုင်ငံရေးသမားများသည် မတူညီသောအမြင်များကို ရန်သူအဖြစ်မမြင်ဘဲ နိုင်ငံ့အရေးကို အခြေခံထား၍ဆွေးနွေးညှိနှိုင်းခြင်း၊ တိုင်းချစ်ပြည်ချစ်စိတ်ဖြင့် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွား ရှေးရှုဆောင်ရွက်ခြင်းတို့လုပ်ရန် လိုအပ်ပါသည်။ ထို့အပြင် မိမိပါတီကောင်းစားရေးအတွက်သာ ဆောင်ရွက်ခြင်း၊ မိမိနှင့်မိမိပါတီ အာဏာရရေးအတွက်သာ ဆောင်ရွက်ခြင်း၊ ပုဂ္ဂလိကကြီးပွားချမ်းသာရေးအတွက်သာ ဆောင်ရွက်ခြင်းမပြုဘဲ နိုင်ငံ့အနာဂတ်ကို မြော်တွေးကာ ပြည်သူ့အကျိုးစီးပွားအတွက် အစဉ်တစိုက် နိုင်ငံ့အရေးကိုကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပေသည်။ ။