နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများ၏ အိမ်အပြန်ဂုဏ်ယူဖွယ်ရာ အနာဂတ်ခရီးလမ်း အပိုင်း (၂)
မင်းခန့်
တတိယမြောက်ရွေးချယ်စရာလမ်းကြောင်းကတော့ အစိုးရဝန်ထမ်းအဖြစ် မလုပ်ကိုင်လိုဘဲ ပြည်တွင်း၊ ပြည်ပပုဂ္ဂလိကကဏ္ဍတွေမှာ ဝင်ရောက်လုပ်ကိုင်လိုသူတွေအတွက် အလုပ်သမားဝန်ကြီးဌာနက ချိတ်ဆက်ဆောင်ရွက်ပေးမယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်အရ အလုပ်သမားဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ပူးပေါင်းပြီး စစ်မှုထမ်းတာဝန်ပြီးဆုံးသူတွေကို ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံတွေမှာ ဦးစားပေးခန့်အပ်သွားမှာ ဖြစ်ပါတယ်။
တပ်မတော်ကနေ စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဟောင်းတွေရဲ့ စည်းကမ်းလိုက်နာမှု၊ အဖွဲ့အစည်းနဲ့ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်တတ်မှု၊ ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲနိုင်မှုအပြင် ကိုယ်ကာယကြံ့ခိုင်မှုနဲ့ မှန်ကန်တဲ့စိတ်ဓာတ်ရေးရာတွေဟာ ပုဂ္ဂလိကလုပ်ငန်းခွင်တွေအတွက် အလွန်တန်ဖိုးရှိလှတဲ့ လူသားအရင်းအမြစ်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက သူတို့ကို ဝမ်းပန်းတသာ လိုလိုလားလား လက်ကမ်းကြိုဆိုလျက်ရှိပါတယ်။ ဒါ့အပြင် အလုပ်သမားဝန်ကြီးဌာနနဲ့ ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီတွေပူးပေါင်းပြီး ပြည်ပနိုင်ငံတွေကို အလုပ်သမားစေလွှတ်တဲ့နေရာမှာလည်း စစ်မှုထမ်းတာဝန်ကျေပွန်ခဲ့သူတွေကို အထူးဦးစားပေးစေလွှတ်သွားဖို့ စီစဉ်ဆောင်ရွက်နေပြီဖြစ်ပါတယ်။
ဒုတိယနဲ့ တတိယလမ်းကြောင်းတွေကို ရွေးချယ်လိုကြတဲ့ ပြည်သူ့စစ်မှုထမ်းတွေအတွက် “စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီ” က အထူးအစီအစဉ်တစ်ရပ်ကို စီစဉ်ပေးထားပါတယ်။ အဲဒီအစီအစဉ်ကတော့ အစိုးရဝန်ထမ်း အဖြစ်ဖြစ်စေ၊ ပုဂ္ဂလိကဝန်ထမ်းအဖြစ်ဖြစ်စေ ဝင်ရောက်လုပ်ကိုင်လိုသူတွေအနေနဲ့ မိမိတို့ လုပ်ကိုင်မယ့်လုပ်ငန်းခွင်မှာ အထောက်အကူဖြစ်စေမယ့် ခိုင်မာတဲ့အတတ်ပညာတွေ တတ်မြောက်ထားဖို့အတွက် သင်တန်းတက်ရောက်ခွင့်ရရှိရေး စီစဉ်ပေးလျက်ရှိပါတယ်။
သင်တန်းပေါင်း ၁၀၀ ကျော်မှာ တက်ရောက်ခွင့်ရရှိနိုင်ရေး ပြင်ဆင်ထားပြီးဖြစ်
သူတို့တွေကို ဘက်စုံလွှမ်းခြုံနိုင်တဲ့ အသက် မွေးဝမ်းကျောင်းပညာရပ်တွေ စနစ်တကျ သင်ယူနိုင်အောင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနစတဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေက ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ပေးပြီး နိုင်ငံတစ်ဝန်းမှာရှိတဲ့ သင်တန်းကျောင်းတွေမှာ ဖွင့်လှစ်မယ့် သင်တန်းအမျိုးအစားပေါင်း ၁၀၀ ကျော်မှာ တက်ရောက်ခွင့်ရရှိနိုင်ရေးကိုလည်း အသင့်ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။
ဒီသင်တန်းတွေကို ကာလတို၊ ကာလလတ်နဲ့ ကာလရှည်ဆိုပြီး စနစ်တကျခွဲခြား သတ်မှတ်ပေးထားပါတယ်။ သင်ကြားပေးမယ့် ဘာသာရပ်တွေအနေနဲ့ကတော့ လျှပ်စစ်၊ စက်ပြင်၊ ဆောက်လုပ်ရေး၊ ဂဟေဆက်၊ ကွန်ပျူတာနဲ့ မိုဘိုင်းဖုန်းပြုပြင်ခြင်း စတဲ့စက်မှုလက်မှု ပညာရပ်တွေပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စိုက်ပျိုးမွေးမြူရေးနည်းပညာတွေ၊ ဟိုတယ်ဝန်ဆောင်မှုနဲ့ စီမံခန့်ခွဲမှုဆိုင်ရာပညာရပ်တွေအထိ ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းသင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ ဒီသင်တန်းအများစုကို နိုင်ငံတော်ကနေ စရိတ်ငြိမ်း တာဝန်ယူသင်ကြားပေးသွားမှာဖြစ်ပြီး နေထိုင်စားသောက်ရေးကိုပါ တစ်ပါတည်းအခမဲ့စီစဉ်ပေးသွားမှာဖြစ်လို့ ပြည်သူ့စစ်မှုထမ်းလူငယ်တွေအနေနဲ့ ဘဝတိုးတက်ရေးအတွက်ကို လက်လွတ်မခံသင့်တဲ့ အခွင့်အရေးကောင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။
ဒီသင်တန်းတွေရဲ့ အနှစ်သာရဟာ ရိုးရှင်းတဲ့အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးရုံ သက်သက်ထက် များစွာပိုမိုနက်နဲကျယ်ပြန့်ပါတယ်။ နိုင်ငံတော်ကနေပြီး စနစ်တကျ စီစဉ်ပေးထားတဲ့ လေ့ကျင့်သင်ကြားရေးအစီအစဉ်တွေကို အောင်မြင်စွာပြီးမြောက်သွားမယ့် လူငယ်တွေဟာ သာမန်လုပ်သား (Unskilled Labours) အဆင့်ကနေ လုပ်ငန်းခွင်မှာ လက်တွေ့ကျကျ ဦးဆောင်နိုင်စွမ်းရှိတဲ့ တန်ဖိုးမြင့်ကျွမ်းကျင်လုပ်သား (Skilled Labours) တွေအဖြစ် ဘဝအဆင့်အတန်းမြင့်မားစွာ ကူးပြောင်းရောက်ရှိသွားကြမှာ ဖြစ်ပါတယ်။ ဒီလို ကြီးမားတဲ့ရည်မှန်းချက်တွေ အောင်မြင်ပေါက်မြောက်စေဖို့အတွက် နိုင်ငံတော်အစိုးရအနေနဲ့ အမျိုးသားအဆင့်ကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) နဲ့ မဟာဗျူဟာမြောက်ချိတ်ဆက်ပြီး အလေးထားဆောင်ရွက်ပေးလျက်ရှိပါတယ်။
ကာလရှည်သင်တန်းဆင်းသူတွေ လက်ဝယ်ပိုင်ဆိုင်ရရှိမယ့် ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ် (Certificate of Recognition) တွေဟာ ပြည်တွင်းမှာသာမကဘဲ နိုင်ငံတကာအဆင့်မီ စံချိန်စံညွှန်းတွေနဲ့ပါ ကိုက်ညီမှုရှိစေဖို့ စနစ်တကျ ရေးဆွဲသတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ပနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ ရည်မှန်းချက်ရှိသူတွေအတွက်လည်း ဒီအသိအမှတ်ပြုလက်မှတ်ဟာ နိုင်ငံတကာအလုပ်အကိုင် ဈေးကွက်ဆီကိုယုံကြည်မှုရှိရှိ ဝင်ရောက်နိုင်မယ့် အသိအမှတ်ပြုလက်မှတ်များကိုရရှိစေမှာ ဖြစ်ပါတယ်။
တစ်နေ့တခြား ခေတ်မီဖွံ့ဖြိုးတိုးတက်လာတဲ့ စက်မှုဇုန်တွေ၊ အရှိန်အဟုန်နဲ့ လည်ပတ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြီးတွေနဲ့ ဝန်ဆောင်မှုကဏ္ဍအသီးသီးမှာ လိုအပ်နေတဲ့ လူ့စွမ်းအား အရင်းအမြစ်တွေကို ဘက်စုံလွှမ်းခြုံထားတဲ့ ဒီသင်တန်းဆင်း ပြည်သူ့စစ်မှုထမ်းဟောင်းတွေက အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သူတို့တွေဟာ နိုင်ငံတော်ရဲ့ စီးပွားရေးမောင်းနှင်အားအတွက် အားအထားရဆုံးနဲ့ အဖိုးတန်ဆုံးသော လူသားအရင်းအမြစ်ကောင်းတွေ ဖြစ်လာကြမှာကတော့ အသေအချာပဲ ဖြစ်ပါတယ်။
လိုအပ်မယ့် အရင်းအနှီးနဲ့ ချေးငွေတွေ၊ နည်းပညာတွေ ပံ့ပိုးသွားမှာဖြစ်
စတုတ္ထနဲ့ နောက်ဆုံးလမ်းကြောင်းကတော့ စစ်သားကြီးလည်းမလုပ်ချင်၊ အစိုးရဝန်ထမ်းလည်း မလုပ်ချင်ဘဲ မိမိတို့ရဲ့ဇာတိချက်ကြွေမွေးရပ်မြေကိုပြန်ပြီး လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းများအပါအဝင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လိုသူတွေကိုလည်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့က အလုပ်အကိုင်အခွင့်အလမ်းများ ကူညီဖန်တီးပေးဖို့ အသင့်စောင့်ကြိုလျက်ရှိပါတယ်။ စစ်မှုထမ်းဆောင်မှု တာဝန်ကျေပွန်သူတွေအနေနဲ့ မိမိတို့ရဲ့ရပ်ရွာကို ပြန်လည်ရောက်ရှိချိန်မှာ ယခင်လက်ငုတ်လက်ရင်း အလုပ်အကိုင်သာမက လုပ်ငန်းအသစ် စတင်လုပ်ကိုင်လိုသူများအနေနဲ့ လိုအပ်မယ့် အရင်းအနှီးနဲ့ ချေးငွေတွေကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက သတ်မှတ်ချက်နဲ့အညီ ထုတ်ချေးပေးမှာဖြစ်သလို စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအတွက် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက နည်းပညာတွေကို ပံ့ပိုးပေးသွားမှာဖြစ်ကြောင်း ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်း ကြားသိရပါတယ်။
ဒီလို သတ်မှတ်ကာလပြည့်မြောက်အောင် တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ပြည်သူ့စစ်မှုထမ်းတွေရဲ့ အနာဂတ်ခရီးလမ်းကို ဘက်ပေါင်းစုံက စီစဉ်ဆောင်ရွက်ပေးလျက်ရှိသလို သတ်မှတ်ကာလအတွင်း ကာကွယ်ရေးတာဝန်တွေကိုထမ်းဆောင်ရင်း ကိုယ်လက်အင်္ဂါထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းတွေအတွက်ကိုလည်း လိုအပ်တဲ့ ဆေးဝါးကုသမှုတွေကို အပြည့်အဝ တာဝန်ယူကုသပေးလျက်ရှိပါတယ်။
ဆေးရုံတက်ရောက်ကုသနေစဉ် ကာလတစ်လျှောက်လုံးမှာ သူတို့ကိုစစ်မှုထမ်းအဖြစ် ဆက်လက်သတ်မှတ်ထားပြီး လစာနဲ့စရိတ် ခံစားခွင့်တွေကို တစ်ပြားတစ်ချပ်မှ လျော့နည်းသွားခြင်းမရှိစေဘဲ အပြည့်အဝခံစားခွင့်ပြုထားပါတယ်။ ဒါ့အပြင် သူတို့ရဲ့ကျန်းမာရေးအခြေအနေနဲ့ ကိုက်ညီမှုရှိမယ့် ကွန်ပျူတာ၊ စက်ချုပ်၊ ဆံသနဲ့ အိမ်တွင်း လျှပ်စစ်ပစ္စည်းပြုပြင်ခြင်း စတဲ့လက်တွေ့အသုံးဝင်မယ့် အသက်မွေးဝမ်းကျောင်းပညာရပ်တွေကိုလည်း သင်ကြားပေးပြီး ဘဝရပ်တည်မှုခိုင်မာစေဖို့ စနစ်တကျစီမံပေးလျက်ရှိပါတယ်။ ဒါ့အပြင် နိုင်ငံပိုင်စက်ရုံတွေ၊ ကုမ္ပဏီတွေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေမှာ သူတို့ကျွမ်းကျင်မှုနဲ့ ကိုက်ညီမယ့်နေရာတွေမှာ ရွေးချယ်ပြီး တာဝန်ပေးခန့်အပ်သွားမှာ ဖြစ်တယ်လို့လည်း ကြားသိရပါတယ်။
ဒီလိုမျိုး နိုင်ငံတော်အစိုးရနဲ့ တပ်မတော်ကနေပြည်သူ့စစ်မှုထမ်းတွေကို စတင်ဆင့်ခေါ်ချိန်ကစလို့ တာဝန်ပြီးဆုံးပြီး အိမ်အပြန်အနာဂတ်ခရီးလမ်းအထိ အစစအရာရာ စနစ်တကျ စီမံဆောင်ရွက် ပေးမှုတွေအပေါ် ပြည်သူ့စစ်မှုထမ်းဟောင်းတွေအနေနဲ့ အထူးပဲ ကျေနပ်ဂုဏ်ယူကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ အမှန်စင်စစ်မှာတော့ ပြည်သူ့ စစ်မှုထမ်းတွေဟာ သာမန်အရပ်သား လူငယ်ဘဝကနေ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး စုရပ်တွေကတစ်ဆင့် မွန်မြတ်လှတဲ့ တပ်မတော်သားဘဝကို ရောက်ရှိလာခဲ့ကြတာပဲ ဖြစ်ပါတယ်။
အဲဒီကနေတစ်ဆင့် စနစ်ကျတဲ့ ပြုစုပျိုးထောင် လေ့ကျင့်ပေးမှုတွေနဲ့အတူ အခက်အခဲတွေကို ဖြတ်သန်းကျော်လွှားခဲ့ကြပြီး သတ်မှတ်ကာလအတွင်း တာဝန်ထမ်းဆောင်ရင်း တပ်မတော်သားတွေရဲ့ ပင်ပန်းဆင်းရဲမှု၊ ကိုယ်ကျိုးစွန့်အနစ်နာခံမှုနဲ့ ပေးဆပ်စွန့်လွှတ်မှုတွေကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံနားလည်ခဲ့ကြပြီပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြည်သူ့စစ်မှုထမ်းဟောင်းတွေအဖြစ်နဲ့ မိမိတို့ရဲ့ ဇာတိမြို့ရွာတွေကို ပြန်လည်ရောက်ရှိချိန်မှာ အရပ်ဘက်နဲ့ စစ်ဘက်အကြား အပြန်အလှန် ယုံကြည်နားလည်မှုကိုတည်ဆောက်ပေးမယ့် ခိုင်မာတဲ့ အင်အားတစ်ရပ်အနေနဲ့ ဂုဏ်ယူဖွယ်ပေါ်ထွန်းလာတော့မှာဖြစ်သလို လူမှုပတ်ဝန်းကျင်အလယ် ဂုဏ်သိက္ခာမြင့်မားစွာ ရပ်တည်နိုင်ကြတော့မှာ ဖြစ်ပါတယ်။
ထူးခြားပြောင်မြောက်တဲ့ သမိုင်းမှတ်တိုင်သစ်တစ်ခုဖြစ်
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စတင်အသက်သွင်းခဲ့တဲ့ ဒီဥပဒေဟာ နိုင်ငံတော်ကာကွယ်ရေးနဲ့ တပ်မတော်သမိုင်းအတွက် ထူးခြားပြောင်မြောက်တဲ့ သမိုင်းမှတ်တိုင်သစ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီလိုဂုဏ်ယူဖွယ် သမိုင်းမှတ်ကျောက် တင်နိုင်ခဲ့ခြင်းဟာ မကြာမီ အိမ်ပြန်လာကျတော့မယ့် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းလူငယ်တွေရဲ့ ကြီးမားလှတဲ့ စွမ်းဆောင်ချက်တွေကြောင့်ဆိုတာကို နိုင်ငံသားအားလုံးက ဂုဏ်ယူဝမ်းမြောက်စွာ အသိအမှတ်ပြုကြရမှာ ဖြစ်ပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်ကျင့်သုံးချိန်က နိုင်ငံတော်နဲ့တပ်မတော်ကို ဆန့်ကျင်တိုက်ခိုက် ခဲ့ကြတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ အပြုသဘောမဆောင်တဲ့ ဝေဖန်နှောင့်ယှက်မှုတွေကို အောင်ပွဲနဲ့အတူ အိမ်ပြန်လာကြမယ့် ပြည်သူ့စစ်မှုထမ်းတွေက အောင်မြင်စွာကျော်လွှားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အထူးသဖြင့် ပြည်သူ့စစ်မှုထမ်း စစ်သည်တော်တွေရဲ့ ရဲစွမ်းသတ္တိနဲ့ စိတ်ဓာတ်ခိုင်မာမှုကို အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့တွေအနေနဲ့ လက်တွေ့စစ်မြေပြင်မှာ နဖူးတွေ့၊ ဒူးတွေ့ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။ ဒါကြောင့်လည်း အကြမ်းဖက်သောင်းကျန်းသူတွေနဲ့ နိုင်ငံတော်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသူတွေဟာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ်တွေကို နှောင့်နှေးဟန့်တားလျက်ရှိပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ အခြေအမြစ်မရှိတဲ့သတင်းတွေဖြစ်တဲ့ ပြည်သူ့စစ်မှုထမ်းတက်ရောက်ဖို့ လူငယ်တွေကို အတင်းအဓမ္မဖမ်းယူခြင်းဆိုတဲ့ သတင်းအမှား၊ တာဝန်ပြီးဆုံးတဲ့ပြည်သူ့စစ်မှုထမ်းတွေကို အတင်းအဓမ္မ တာဝန်ထမ်းဆောင်စေခြင်းနဲ့ အမျိုးသမီးစစ်မှုထမ်းစာရင်းကောက်ယူခြင်းတွေဆိုတဲ့ သတင်းအတုတွေနဲ့ လူမှုကွန်ရက်တွေကတစ်ဆင့် လှုံ့ဆော်နှောင့်ယှက်လျက်ရှိပါတယ်။
ဒီလိုဝေဖန်ထိုးနှက် နှောင့်ယှက်မှုတွေကြားက ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်ခဲ့တဲ့ လူငယ်တွေဟာ နိုင်ငံတော်ရဲ့ သမိုင်းစာမျက်နှာသစ်ကို ရဲရဲဝံ့ဝံ့ဖွင့်လှစ်ခဲ့ကြသူတွေဖြစ်ကြပါတယ်။ နှစ် နှစ်တာကာလအတွင်း သူတို့ရရှိခဲ့တဲ့ ရှားပါးလှတဲ့ အတွေ့အကြုံ၊ သံမဏိလိုမျိုးစည်းကမ်းနဲ့ ကြံ့ခိုင်တဲ့ စိတ်ဓာတ်ခွန်အားတွေဟာ နောင်တစ်ချိန် သူတို့ရဲ့ ဘဝတစ်သက်တာအတွက် တန်ဖိုးမဖြတ်နိုင်လောက်တဲ့ အရင်းအနှီးတွေဖြစ်လာမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့လည်း ခိုင်မာတိကျတဲ့ အလုပ်အကိုင်ဖန်တီးပေးရေးစီမံချက်တွေ၊ လက်တွေ့ကျတဲ့အသက်မွေးဝမ်းကျောင်း သင်တန်းတွေအပြင် တိကျခိုင်မာတဲ့မူဝါဒတွေနဲ့ပါ နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းတွေအတွက် အိမ်အပြန်ဂုဏ်ယူဖွယ်ရာ အနာဂတ်ခရီးလမ်းကောင်းကို သာယာဖြောင့်ဖြူးစွာနဲ့ လျှောက်လှမ်းနိုင်ဖို့ ဘက်ပေါင်းစုံက စီမံဆောင်ရွက်ပေးနေခြင်းဖြစ်ပါတယ်။
ဒါကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာ နိုင်ငံတော်ရဲ့ကာကွယ်ရေးစွမ်းပကားကို မြှင့်တင်ပေးနိုင်ရုံသာမက အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရေး များစွာအထောက်အကူ ပြုမှာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူ့စစ်မှုထမ်းတာဝန်ကို အောင်မြင်စွာထမ်းဆောင်ခဲ့ကြတဲ့ တာဝန်ကျေတဲ့ နိုင်ငံ့သားကောင်းလူငယ်တွေဟာ မကြာမီအချိန်အတွင်း အရပ်ဘက်လူ့ဘောင်အဖွဲ့အစည်းတွေဆီကို ဂုဏ်ယူဝင့်ကြွားစွာ ပြန်လည်ရောက်ရှိပြီး နိုင်ငံတော်တည်ဆောက်ရေး ကဏ္ဍအသီးသီးမှာ ခွန်အားသစ်တွေအဖြစ် တက်ကြွစွာပါဝင်လာကြတော့မှာဖြစ်ပါကြောင်း ဝမ်းမြောက်ဂုဏ်ယူဖွယ်ရာ ရေးသားတင်ပြလိုက်ရပါတယ်။
