ကမ္ဘာ့နိုင်ငံများတွင်ဆောင်ရွက်နေသည့် MSME လုပ်ငန်းများ
စိုးသူရ
ယနေ့ခေတ် ကမ္ဘာ့နိုင်ငံများတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများတည်ထောင်ခြင်းကို မြှင့်တင်ဆောင်ရွက်နေသည်။ MSME လုပ်ငန်းများသည်ကမ္ဘာ့စီးပွားရေး၏ မောင်းနှင်အားများအဖြစ်တည်ရှိနေပြီး စက်မှုလုပ်ငန်းများဖွံ့ဖြိုးရေးကိုလည်း အကူအညီပေးနေကြောင်း တွေ့ရှိရသည်။ MSME လုပ်ငန်းများသည် ကမ္ဘာပေါ်ရှိ လုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းကိုလည်းကောင်း၊ ကမ္ဘာပေါ်ရှိ အလုပ်အကိုင်နေရာ ၅၀ ရာခိုင်နှုန်းကိုလည်းကောင်း ကိုယ်စားပြုနေကြောင်း တွေ့ရှိရသည်။
လက်ရှိအချိန်တွင် ကမ္ဘာပေါ်၌ MSME လုပ်ငန်းများ အောင်မြင်စွာလုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ရာတွင် ပေးဆောင်ရမည့် အခွန်ငွေများလျှော့ချပေးခြင်းအပြင် အခြားသောအကူအညီများကိုလည်း ပံ့ပိုးပေးလျက်ရှိသည်။ ကမ္ဘာ့နိုင်ငံများရှိ အစိုးရများအနေဖြင့် MSME လုပ်ငန်းများကို အားပေးသည့်အနေဖြင့် လုပ်ငန်းဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပေးခြင်းနှင့် ဉာဏ်ရည်တုနည်းပညာအပါအဝင် အီလက်ထရွန်နစ် ကူးသန်းရောင်းဝယ်ရေးစင်္ကြံများ ဖွင့်လှစ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
ကမ္ဘာ့နိုင်ငံများတွင် MSME လုပ်ငန်းများကို အောက်ပါအတိုင်း မြှင့်တင်ဆောင်ရွက်နေကြောင်း တွေ့ရှိရသည်။
ကမ္ဘောဒီးယားနိုင်ငံရှိ MSME လုပ်ငန်းများသည် နိုင်ငံ့စီးပွားရေး၏ ကျောရိုးများအဖြစ်တည်ရှိနေပြီး နိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ ၉၉ ဒသမ ၈ ရာခိုင်နှုန်းကို MSME လုပ်ငန်းများက ကိုယ်စားပြုကာ လုပ်သားအင်အား၏ ၇၀ ရာခိုင်နှုန်းသည်လည်း MSME လုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်နေကြောင်း တွေ့ရှိရသည်။ ၂၀၂၂ ခုနှစ်တွင် ထုတ်ပြန်သည့် အချက်အလက်များအရ MSME လုပ်ငန်းများမှ ဝင်ငွေသည် ပြည်တွင်းအသားတင်ထုတ်လုပ်မှု တန်ဖိုး၏ ၆၃ ရာခိုင်နှုန်းကို ကိုယ်စားပြုသည်။
ကမ္ဘောဒီးယားအစိုးရသည် နိုင်ငံပိုင် MSME ဘဏ်ကို တည်ထောင်ထားပြီး MSME လုပ်ငန်းများ ချဲ့ထွင်နိုင်ရန်အတွက် တစ်နှစ်လျှင် ခုနစ်ရာခိုင်နှုန်း အတိုးနှုန်းဖြင့် ချေးငွေများထုတ်ချေးလျက်ရှိသည်။
နိုင်ငံအတွင်းရှိ MSME လုပ်ငန်းများအား ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းများအဖြစ် လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် SeT4SME ကဲ့သို့သော နယ်စပ်ဖြတ်ကျော် အီလက်ထရွန်နစ်ကုန်သွယ်ရေးစနစ်ကို မြှင့်တင်ဆောင်ရွက်နေပြီး လုပ်ငန်းဆိုင်ရာ အခွန်ကင်းလွတ်ခွင့်များကိုလည်း ခွင့်ပြုပေးနေကြောင်း သိရသည်။
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် ကမ္ဘောဒီးယားနိုင်ငံ Techo Startup Center တို့သည် ကမ္ဘောဒီးယားနိုင်ငံတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ဒစ်ဂျစ်တယ် အသွင်ပြောင်းမှုကို အရှိန်မြှင့်တင်ရန်အတွက် Digital Adoption Initiative (DAI) ကို ၂၀၂၅ ခုနှစ် အတွင်းလုပ်ငန်းစတင်ဆောင်ရွက်ခဲ့သည်။ DAI သည် ကမ္ဘောဒီးယားနိုင်ငံမှ MSME ရာပေါင်းများစွာအား ၂၀၂၈ ခုနှစ်အထိ ဒစ်ဂျစ်တယ်နည်းပညာများကို လက်ခံကျင့်သုံးရန် ကူညီပေးမည်ဖြစ်ပြီး ၎င်းတို့၏ ယှဉ်ပြိုင်နိုင်စွမ်းနှင့် ထုတ်လုပ်မှုစွမ်းအားကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း သိရသည်။ ယခုအစီအစဉ်သည် ကမ္ဘောဒီးယား ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူ့အဖွဲ့အစည်းမူဝါဒမူဘောင် ၂၀၂၁-၂၀၃၅ နှင့်အညီ တက်ကြွသော ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်ရန် ကမ္ဘောဒီးယား၏ ကျယ်ပြန့်သော ကြိုးပမ်းအားထုတ်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
ဗီယက်နမ်နိုင်ငံသည် MSME လုပ်ငန်းများဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေပြီး ၎င်းအစီအစဉ်အရ ကျေးလက်ဒေသရှိလုပ်ငန်းများကို နည်းပညာစင်္ကြံများမှတစ်ဆင့် ကမ္ဘာ့ဈေးကွက်သို့ရောက်ရှိရေးဆောင်ရွက်နေသည်။ စည်းမျဉ်းပိုင်းဆိုင်ရာ ပံ့ပိုးခြင်းအဖြစ် ၂၀၁၈ ခုနှစ်တွင် MSME ထောက်ပံ့ရေးဥပဒေအရ တရားဝင်ကဏ္ဍရှိ လုပ်ငန်းစတင် ဆောင်ရွက်သည့် MSME လုပ်ငန်းများအား လုပ်ငန်းစတင်တည်ထောင်သည့် ပထမသုံးနှစ်အတွင်း ကော်ပိုရိတ်ဝင်ငွေခွန် ၁၀၀ ရာခိုင်နှုန်းအထိ ကင်းလွတ်ခွင့်ပြုသည်။ နိုင်ငံအတွင်း ၂၀၃၀ ပြည့်နှစ်အရောက်တွင် ဉာဏ်ရည်တုနည်းပညာ စင်္ကြံအသုံးပြုသည့် MSME လုပ်ငန်းအရေအတွက် ၃၀၀၀၀၀ အထိရှိလာရန် ရည်မှန်းချက်ထားရှိ ဆောင်ရွက်နေသည်။ MSME လုပ်ငန်းများအောင်မြင်ရေးအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အကူအညီပေးသည့် MSME လုပ်ငန်းများအား အခွန်ငွေနှစ်ရာခိုင်နှုန်းလျှော့ပေးသည့် အစီအစဉ်ကိုဆောင်ရွက်နေသည်။ အခွန်ငွေလျှော့ပေးသည့်လုပ်ငန်းများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ နည်းပညာမြင့်စိုက်ပျိုးရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများပါဝင်သည်။ MSME လုပ်ငန်းများဖွံ့ဖြိုးရေးအတွက် နည်းပညာမြင့် သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများဆိုင်ရာ စီမံကိန်းများနှင့် ကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများအား တိုက်ရိုက်ချေးငွေပေးအပ်ပြီး ဉာဏ်ရည်တုနည်းပညာနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းများဆိုင်ရာ သုတေသန စင်တာများတည်ထောင်ခြင်းအတွက် ကနဦး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကုန်ကျစရိတ်၏ ငါးဆယ်ရာခိုင်နှုန်းကို ပံ့ပိုးပေးနေသည်။
မလေးရှားနိုင်ငံသည် နိုင်ငံအတွင်းရှိ အမျိုးသမီးများဦးဆောင်သည့် MSMEလုပ်ငန်း၊ လူငယ်များဦးဆောင်သည့် MSME လုပ်ငန်းနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး ဆောင်ရွက်နေသည့် MSME လုပ်ငန်းများအတွက် အစိုးရက ချေးငွေရင်းဂစ်လေးဆယ်ဘီလီယံကို သတ်မှတ်ပေးခဲ့သည်။ MSME လုပ်ငန်းများစီမံခန့်ခွဲရေးအတွက် Central Coordinating Agency ကိုဝန်ကြီးဌာန ၁၄ ခုဖြင့် ဖွဲ့စည်းထားရှိပြီး ဝန်ကြီးဌာနအချင်းချင်း လုပ်ငန်းများပူးပေါင်းဆောင်ရွက်စေခြင်းဖြင့် လုပ်ငန်းများနှောင့်နှေးမှုကို မဖြစ်စေဘဲ လုပ်ငန်းများအောင်မြင်နေကြောင်း တွေ့ရှိရသည်။ အမျိုးသမီးများဦးဆောင်သည့် MSME လုပ်ငန်းများအား ပံ့ပိုးရန်အတွက် ချေးငွေပမာဏ ရင်းဂစ်သန်း ၄၇၀ သတ်မှတ်ထားပြီး ၎င်းချေးငွေကို လုပ်ငန်းဆောင်ရွက်မည့် ကိရိယာများဝယ်ယူခြင်းနှင့် လုပ်ငန်းချဲ့ထွင်ခြင်းတို့အတွက် ချေးငွေပေးမည်ဖြစ်သည်။ ၎င်းအပြင် တီထွင်ဆန်းသစ်သည့် စိတ်ကူးများရှိသော်လည်း အရင်းအနှီးမရှိသည့် လူငယ်စီးပွားရေးလုပ်ငန်းရှင်များအား ချေးငွေများပေးအပ်မည့်အစီအစဉ်အရ SME ဘဏ်များက အသက် ၁၈ နှစ်မှ ၃၀ အတွင်းရှိ လူငယ်စီးပွားရေးလုပ်ငန်းရှင်များအား ချေးငွေရင်းဂစ် ၁၀၀၀၀၀ ကို အတိုးနှုန်းလျော့နည်းစွာဖြင့် ထုတ်ချေးလျက်ရှိကြောင်း တွေ့ရှိရသည်။
၎င်းအပြင် အသက် ၄၀ အောက်ရှိ ဘွဲ့ရများအား လုပ်ငန်းတည်ထောင်ရန်အတွက် ချေးငွေရင်းဂစ် ၅၀၀၀၀၀ အထိ ခွင့်ပြုပေးနေသည်။
ထို့ပြင် နိုင်ငံအတွင်းရှိ MSME လုပ်ငန်းများတွင် သာမန်လုပ်ငန်းမှ ဒစ်ဂျစ်တယ်စနစ်သုံး MSME လုပ်ငန်းအဖြစ်မြှင့်တင်ရေးအတွက် ချေးငွေ ၃ ဒသမ ၈ ဘီလီယံကို Bank Negara Malaysia (BNM) က ချေးငွေထုတ်ချေးပေးခဲ့သည်။
အထက်ပါနိုင်ငံများကို လေ့လာပါက MSME လုပ်ငန်းများဖွံ့ဖြိုးခြင်းဖြင့် နိုင်ငံများရှိ နိုင်ငံသားများ၏ လူမှုစီးပွားဘဝများအဆင်ပြေလာသည်ကိုတွေ့ရှိရသည်။ ပြည်ပမှ မှာယူရမည့်ပစ္စည်းများကို နိုင်ငံအတွင်း ထုတ်လုပ်နိုင်ခြင်းနှင့် နိုင်ငံသားများအတွက် အလုပ်အကိုင်များရရှိခြင်းမှာလည်း အားသာချက်များပင်ဖြစ်သည်။
ကမ္ဘာ့နိုင်ငံများတွင် MSME လုပ်ငန်းများမြှင့်တင်ရေးကို အထူးအလေးထားဆောင်ရွက်နေရာ နိုင်ငံအသီးသီးရှိ စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးတွင် အကျိုးကျေးဇူးများစွာရှိပြီး နိုင်ငံဖွံ့ဖြိုးရေးအတွက် အောင်မြင်စွာဆောင်ရွက်နိုင်သည်ကို တွေ့ရှိရသည်။ သို့ဖြစ်ရာ အနာဂတ်ကာလတွင် MSME လုပ်ငန်းများ ချဲ့ထွင်ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့နိုင်ငံများတွင် အောင်မြင်မှုရရှိစေရေးအတွက် ယခုဆောင်းပါးကို ရေးသားလိုက်ရပါသည်။ ။
ကိုးကား - ADB, Techo Startup Center launch initiative to accelerate MSME digitalization in Cambodia
