Skip to main content

ခရီးစဉ်ဒေသများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ကြီးအကြောင်း

မြင့်ထွေး(ဟိုတယ်/ခရီး)

ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ စတင်ဖြစ်ပေါ်လာပုံ

ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ယခင်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန)က မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ တွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေအသစ်ကို ပြဋ္ဌာန်းခဲ့ပြီး ဥပဒေနှင့်အညီ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၊ ခရီးသွားလုပ်ငန်းကော်မတီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီများကို အဆင့်ဆင့်ဖွဲ့စည်းခဲ့ပြီး ခရီးသွားလုပ်ငန်းများ စနစ်တကျနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေသစ်နှင့်အညီ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေးတွင် လူထုအခြေပြုခရီးသွားလုပ်ငန်းများ ဖော်ထုတ်ရန် ခရိုင်/မြို့နယ် ခရီးစဉ်ဒေသဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့များ (Destination Management Organization–DMO) ဖွဲ့စည်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ခရိုင်/မြို့နယ်အဆင့် ခရီးစဉ်ဒေသဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့များကို ဒေသလိုအပ်ချက်အရ ဖွဲ့စည်းဆောင်ရွက်သွားကြရန်နှင့် ဖွဲ့စည်းဆောင်ရွက်သွားမည့် အစီအစဉ်ကိုလည်း ပြန်လည်တင်ပြစေခဲ့ပါသည်။

ခရီးစဉ်ဒေသဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့ (DMO) အဖွဲ့ဝင်များကို ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ဒုတိယဥက္ကဋ္ဌ(၁)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဥပဒေအရာရှိ၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီ၊ သာသနာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဟိုတယ်/မိုတယ်တည်းခိုခန်းများမှ ကိုယ်စားလှယ်၊ ခရီးသွားလုပ်ငန်းရှင်များမှ ကိုယ်စားလှယ်၊ ဧည့်လမ်းညွှန်များမှကိုယ်စားလှယ်၊ စားသောက်ဆိုင်လုပ်ငန်းရှင်များမှ ကိုယ်စားလှယ်၊ ပို့ဆောင်ရေးလုပ်ငန်းရှင်များမှ ကိုယ်စားလှယ်၊ မြို့မိမြို့ဖနှင့် CSO များမှ ကိုယ်စားလှယ်၊ HSP သင်တန်းတက်ရောက်ပြီးသည့် သင်တန်းဆရာများက အဖွဲ့ဝင်များအဖြစ်ပါဝင်ပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်/မြို့နယ်အဆင့်တာဝန်ခံများက အတွင်းရေးမှူးအဖြစ် အဖွဲ့ဝင်ပျမ်းမျှ ၂၃ ဦးစီဖြင့် ဖွဲ့စည်းသွားရန်ဖြစ်ပါသည်။

အထက်ပါဖွဲ့စည်းမှုနှင့်အတူ ခရီးစဉ်ဒေသဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့ (DMO)၏ လုပ်ငန်းတာဝန်များကိုလည်း သတ်မှတ်ပေးခဲ့ရာအဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များမှာ ဒေသခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် အလွန်အရေးပါလှသည်။ အထူးသဖြင့် ဒေသခရီးသွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖွဲ့ဝင်များက အရေးကြီးသော အဓိကမောင်းနှင်အားတွင်ပါဝင်နေပြီး အဖွဲ့ဝင်တစ်ဦးချင်းစီ၏ ကိုယ်ရည်ကိုယ်သွေးများကို ဆန်းစစ်နိုင်မည့်အခြေအနေတစ်ရပ်ဖြစ်သကဲ့သို့ ဖော်ထုတ်ပြသနိုင်မည့် အခွင့်အရေးရှိနေသည်ကို တွေ့ရှိရပါသည်။

လုပ်ငန်းတာဝန်များ

DMO အဖွဲ့ဝင်များ၏ အဓိကဖော်ဆောင်ရမည့် လုပ်ငန်းတာဝန်များမှာ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက ချမှတ်ထားသော လမ်းညွှန်ချက်များနှင့်အညီဆောင်ရွက်ရန်၊ သက်ဆိုင်ရာခရီးစဉ်ဒေသအသီးသီးတို့တွင် ခရီးသွားလာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဝန်ဆောင်မှုအဆင့်အတန်းနှင့် အရည်အသွေးမြင့်မားတိုးတက်ရေး၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထောက်အကူပြုမည့်လုပ်ငန်းများကို ဆက်စပ်လုပ်ငန်းအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ပြည်တွင်း/ပြည်ပခရီးသွားများသာမက ဒေသခံ ပြည်သူများအတွက်ပါ လုံခြုံရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ စိတ်အနှောင့်အယှက်မဖြစ်စေရေး၊ စိတ်ကျေနပ်မှုရရှိရေးတို့ကို နှစ်ဖက်သဟဇာတဖြစ်အောင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန်၊ သက်ဆိုင်ရာ ခရီးစဉ်ဒေသအသီးသီးတို့တွင် ခရီးစဉ်အသစ်များဖော်ထုတ်ရန်၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ခရီးသွားနှင့် ဆက်စပ်လုပ်ငန်းအဖွဲ့အစည်းများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ရန်၊ ခရီးသွားဧည့်သည်များက ခရီးစဉ်များကို လွယ်လင့်တကူသွားလာနိုင်ရန်၊ ဇုန်၊ လမ်းညွှန်မြေပုံ၊ ဆိုင်းဘုတ်များစိုက်ထူရန်၊ သမိုင်းဝင်အိမ်များ၊ ရှေးဟောင်းသာသနိက အဆောက်အအုံများအား အမည်နာမများ ချိတ်ဆွဲထားရန်၊ ကားအငှား၊ အနှေးယာဉ်၊ Taxi ဝန်ဆောင်မှုများ ဈေးနှုန်းမှန်ကန်မှုရှိစေရန်၊ တည်းခိုခန်းများ၊ စားသောက်ဆိုင်များ၊ ဝန်ဆောင်မှုကောင်းများပေးနိုင်ရန်၊ ခရီးသွားများ နားနေအပန်းဖြေနိုင်ရန် အဆောက်အအုံများထားရှိရန်၊ ခရီးစဉ်ဒေသများတွင် သန့်ရှင်းစင်ကြယ်သော အများသုံးသန့်စင်ခန်းများထားရှိရန်၊ ပြည်တွင်း/ ပြည်ပခရီးသွားဧည့်သည်များ၏ တည်းခိုဝင်ထွက်မှု စာရင်းရယူရန်၊ ထူးခြားဖြစ်စဉ်များဖြစ်ပွားပါက အချိန်မီတင်ပြနိုင်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်တို့ ဖြစ်ပါသည်။

အထက်ပါလုပ်ငန်းတာဝန်များကို အလေးထားကြည့်ရှုပါက ခရိုင်/မြို့နယ် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့တွင်ပါဝင်သော အဖွဲ့ဝင်များအနေဖြင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးကိုလည်းကောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းတိုးတက်စေရေးနှင့် ပုံရိပ်ကောင်းများ ဖြစ်ပေါ်စေရေးအတွက်လည်းကောင်း၊ လာရောက်လည်ပတ်သော ပြည်တွင်း/ပြည်ပခရီးသွားများ စိတ်ကြည်နူးမှုနှင့် ပိုမိုလာရောက်လည်ပတ်စေရေးအတွက်ကို လည်းကောင်း၊ ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝများ တိုးတက်စေရေးအတွက်ကိုလည်းကောင်း အဓိက စွမ်းဆောင်ပံ့ပိုးကူညီပေးနိုင်မည့် ပုဂ္ဂိုလ်များဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။

အဖွဲ့ဝင်များ၏ အခန်းကဏ္ဍ

ခရီးစဉ်ဒေသဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ (DMO)တွင် ပါဝင်သောအဖွဲ့ဝင်များ၏ တစ်ဦးချင်းအရည်အသွေးနှင့် ခရီးသွားလုပ်ငန်းအပေါ် စိတ်ပါဝင်စားမှုများက လုပ်ငန်းတာဝန်များကို စွမ်းဆောင်အောင်မြင်စေရန် အထောက်အကူဖြစ်စေပြီး အထူးသဖြင့် အဆိုပါအဖွဲ့တွင် အတွင်းရေးမှူးအဖြစ် ပါဝင်သော ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်/မြို့နယ်အဆင့်ရှိသည့် ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးစီးအရာရှိတို့၏အရည်အသွေးမှာ အဓိကကျအရေးကြီးသော အခန်းကဏ္ဍတွင် ကျရောက်နေပါသည်။

ခရီးစဉ်ဒေသများ ရေရှည်ဖွံ့ဖြိုးရေးအတွက် (DMO) တွင် အတွင်းရေးမှူးအဖြစ်ပါဝင်သော ခရိုင်အဆင့်၊ မြို့နယ်အဆင့်ရှိ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်းများ၏ ခရီးသွား ကိုယ်ရည်ကိုယ်သွေးများမှာ မှတ်ကျောက်တင်ခံရမည်ဖြစ်ပါသည်။ အဖွဲ့တွင် ပါဝင်သောအဖွဲ့ဝင်များအပေါ်စည်းရုံးနိုင်မှု၊ ဦးဆောင်နိုင်မှု၊ ကောင်းမွန်သော အတွေးအခေါ်အကြံအစည်များ ပေးဆောင်နိုင်မှု၊ အဖွဲ့ဝင်များ လိုက်ပါဆောင်ရွက်နိုင်မှု စသည့်စံနှုန်းများနှင့် နှိုင်းယှဉ်ချိန်ထိုးလျှင် ပေါ်လွင်လာမည်ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေ ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ (DMO) အတွင်းရေးမှူးအနေဖြင့် ခရီးသွားလုပ်ငန်းမှ ဝန်ထမ်းများဖြစ်၍ ဥစ္စာရင်လို-ဥစ္စာရင်ခဲဖြစ်ရန် လိုအပ်ပါသည်။

ခရိုင်/မြို့နယ် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့အစည်းတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ရုံးခွဲရှိသော ခရိုင်/မြို့နယ်များရှိသကဲ့သို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ရုံးခွဲမရှိသော ခရိုင်/မြို့နယ်များလည်းရှိသဖြင့် ဦးစီးဌာနရုံးခွဲမရှိသော ခရိုင်/မြို့နယ်များတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိက အတွင်းရေးမှူးဖြစ်၍ ခရီးသွားလုပ်ငန်းနှင့် တိုက်ရိုက်ဆက်နွှယ်သူမဟုတ်သော်လည်း ထိုဒေသရှိ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများက ဦးဆောင်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်နိုင်ပါသည်။

ယခုအခါ ခရီးစဉ်ဒေသဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့များကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် ၁၅ ခု တွင် ဖွဲ့စည်းခဲ့ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ငါးခု၌အဖွဲ့ဝင်ဦးရေ ၁၈၃၃ ဦး၊ မြို့နယ်/ မြို့ ၂၁၀ တွင် ၃၇၀၇ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ပါသည်။ ကိုဗစ် -၁၉ ရောဂါ ဖြစ်ပွားမှုနှင့် လုံခြုံရေးအခြေအနေများကြောင့် DMO ၏လုပ်ငန်းတာဝန်ဆောင်ရွက်မှုများ အချို့ခရိုင်၊ မြို့နယ်များတွင် ရပ်ဆိုင်းသွားခဲ့သော်လည်း ယခုဒီမိုကရေစီအစိုးရသစ်လက်ထက်တွင် ပြန်လည်သက်ဝင်လှုပ်ရှားသွားရန် အထူးလိုအပ်လှပါသည်။

အလေ့အကျင့်ကောင်းများ မျှဝေရန်

ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ (DMO) များအတွက် နိုင်ငံတကာတွင် ဆောင်ရွက်လျက်ရှိသည့် ခရီးစဉ်ဒေသရေရှည်တည်တံ့ရေး အလေ့အကျင့်ကောင်းများအား မျှဝေရန်ရည်ရွယ်ပြီး Workshop on Strengthening Destination Management for Sustainable Tourism Development in Myanmar အလုပ်ရုံဆွေးနွေးပွဲကို အာဆီယံ-ဂျပန်ဗဟိုဌာန၏ အထောက်အပံ့ဖြင့် ၁၉-၂-၂၀၂၆ ရက်နေ့ နှင့် ၂၀-၂-၂၀၂၆ ရက်နေ့တို့တွင် နေပြည်တော်ရှိ Aureum Palace Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်ကောင်စီနယ်မြေအတွင်း ရှိ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဝင်များ Inperson တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲတာဝန်ခံများနှင့် ခရီးစဉ်ဒေသစီမံ ခန့်ခွဲရေးအဖွဲ့ဝင်များက Online မှတစ်ဆင့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယခင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တက်ရောက်အမှာစကားပြောကြားရာတွင် “မြန်မာနိုင်ငံသည် သမိုင်းအစဉ်အလာ၊ ယဉ်ကျေးမှုနှင့် သဘာဝအလှအပများ အစရှိသည့် ခရီးသွားအရင်းအမြစ်များစွာ ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်ပါကြောင်း၊ တောင်ပေါ် မြေပြန့်၊ ကမ်းရိုးတန်း၊ မြစ်ဝှမ်း၊ ပင်လယ်ကမ်းခြေများအစရှိသည့် မတူကွဲပြားထူးခြားလှပသော သဘာဝရှုခင်းများ၊ သမိုင်းဝင်ရှေးဟောင်းအမွေအနှစ်များကွဲပြား၍ ဓလေ့ထုံးစံ မပျက်ယွင်းသေးသော တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုနှင့် လူနေမှုပုံစံများသည် ကမ္ဘာလှည့်ခရီးသည်များ နှစ်ခြိုက်စွဲလမ်းစေသည့် ခရီးသွားအရင်း အမြစ်များဖြစ်ကြပါကြောင်း၊ DMO များ ခိုင်မာအားကောင်းမှသာ ခရီးစဉ်ဒေသများသည် စနစ်တကျနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ပြီး DMO များ၏ အခန်းကဏ္ဍမှာလည်း များစွာအရေးပါကြောင်း၊ DMO အဖွဲ့များ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အားသာချက်၊ အားနည်းချက်၊ စိန်ခေါ်မှုနှင့် အခွင့်အလမ်းများကိုမျှဝေခြင်းနှင့် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များ စွမ်းဆောင်ရည်မြှင့်တင်နိုင်မည့် အခွင့်အလမ်းများများစွာရရှိမည်ဟု ယုံကြည်ပါကြောင်း” ပြောကြားခဲ့ပါသည်။

အားသာချက်၊ အားနည်းချက်

အလုပ်ရုံဆွေးနွေးပွဲ Speaker တစ်ဦးဖြစ်သည့် ASEAN Trails Myanmar မှ မန်နေဂျာ Mr.Patrick က “မြန်မာနိုင်ငံရှိ ဒေသအစားအစာများနှင့် ဒေသတွင်းအသုံးပြုနေသည့် သယ်ယူပို့ဆောင်ရေးစနစ်တို့သည် နိုင်ငံခြားသားဧည့်သည်များအတွက် ထူးခြားသည့်အတွေ့အကြုံများဖြစ်ပါကြောင်း၊ လုံချည်ဝတ်ဆင်ခြင်း၊ သနပ်ခါးလိမ်းခြယ်ခြင်းနှင့် ကွမ်းစားခြင်းကဲ့သို့သော ရိုးရာဓလေ့များကို ခရီးသွားများအတွက် ဟန်ပြမဟုတ်ဘဲ နေ့စဉ်လူမှုဘဝတွင် အမှန်တကယ်ကျင့်သုံး နေခြင်းဖြစ်သည့်အတွက် အခြားနိုင်ငံများနှင့်မတူဘဲ ထူးခြားနေပါကြောင်း၊ ထိုင်းနိုင်ငံသည် နိုင်ငံပေါင်း ၉၃ နိုင်ငံအား ဗီဇာကင်းလွတ်ခွင့်ပေးခြင်း၊ ကမ္ဘောဒီးယားနိုင်ငံသည် အန်ကောဝပ်အတွက် အပြည်ပြည်ဆိုင်ရာလေဆိပ်သစ်ဖွင့်လှစ်ခြင်း၊ ဗီယက်နမ်နိုင်ငံတွင် အပြည်ပြည်ဆိုင်ရာလေဆိပ် ၁၂ ခုအထိ တိုးချဲ့ခြင်း၊ တရုတ်နိုင်ငံတွင် နိုင်ငံပေါင်း ၇၆ နိုင်ငံအား ဗီဇာကင်းလွတ်ခွင့်ပေးခြင်းနှင့် Transit ခရီးသည်များ အတွက် ၁၀ ရက်အထိ ဗီဇာမလိုဘဲ ဝင်ရောက်ခွင့်ပေးခြင်းများဖြင့် ကမ္ဘာလှည့်ခရီးသည်များ ပိုမိုလည်ပတ်လာရောက်စေရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေကြကြောင်း၊ မြန်မာနိုင်ငံသည် ထူးခြားသောယဉ်ကျေးမှုနှင့် သဘာဝအလှအပများရှိနေသော်လည်း လုံခြုံရေးဆိုင်ရာ ကန့်သတ်ချက်များ၊ အာမခံရရှိမှုနှင့် အခြေခံအဆောက်အအုံများ လိုအပ်ချက်ကြောင့် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ခရီးသွားလုပ်ငန်းတိုးတက်မှုနည်းပါးနေကြောင်း” ရှင်းလင်းသုံးသပ်ပြောကြားပါသည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ်မှုဆောင် ဒေါက်တာသက်လွင်တိုးက “DMO တွင် Professional ဖြစ်သော Operation Team ကို ဖွဲ့စည်းပြီး ဘဏ္ဍာရေး၊ အရောင်းမြှင့်တင်ရေးနှင့် ထုတ်ကုန်မြှင့်တင်ရေးဌာနများထားရှိရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေသည့် DMO များကို စနစ်တကျတည်ဆောက်ရန် လိုအပ်ပါကြောင်း” ရှင်းလင်းဆွေးနွေးပါသည်။

ခရီးသွားထုတ်ကုန်များ၊ ဆွဲဆောင်မှုများ ဖော်ထုတ်ရန်

အလုပ်ရုံဆွေးနွေးပွဲအား ခရီးသွားထုတ်ကုန်များ၊ ဆွဲဆောင်မှုများ ဖော်ထုတ်ဆောင်ရွက်ခြင်း၊ ဈေးကွက်ရှာဖွေမြှင့်တင်ဆောင်ရွက်ခြင်းနှင့် ခရီးသွားလုပ်ငန်းရေရှည်တည်တံ့စေရေးဆောင်ရွက်ခြင်း စသည့် ခေါင်းစဉ်သုံးခုကိုအဖွဲ့သုံးဖွဲ့ခွဲ၍ ဆွေးနွေးခဲ့ကြရာ ခရီးသွားထုတ်ကုန်များ၊ ဆွဲဆောင်မှုများဖော်ထုတ်ဆောင်ရွက်ခြင်းခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြသည့်အဖွဲ့(၁)သည် ငှက်သိုက်၊ ပုလဲကဲ့သို့ ဒေသထွက်ကုန်များအား Value Added Product အဖြစ် အဆင့်မြှင့်ထုတ်လုပ်၍ မြန်မာနိုင်ငံ၏ ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းချရန်၊ Year Round Tourism Destination ဖြစ်စေရန်၊ ရာသီဥတုကန့်သတ်ချက်မှလွဲ၍ သဘာဝအခြေခံခရီးသွားလုပ်ငန်း (Ecotourism)၊ လူဖန်တီးသည့်ဆွဲဆောင်မှုနေရာများ (Manmade Attraction)၊ ဘာသာရေး၊ ယဉ်ကျေးမှုဆိုင်ရာ ပွဲတော်များကို Year Calendar ရေးဆွဲပြီး အကောင်အထည်ဖော်ရန်၊ ရေနေသတ္တဝါများအား စည်းကမ်းမဲ့ဖမ်းဆီးခြင်းများမှ ကာကွယ်ရန် စသည့်အချက်များကို ဆွေးနွေးဖော်ထုတ်ခဲ့ကြပါသည်။

ဈေးကွက်ရှာဖွေမြှင့်တင်ဆောင်ရွက်ရန်

ဈေးကွက်ရှာဖွေမြှင့်တင်ဆောင်ရွက်ခြင်းခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည့် အဖွဲ့(၂)က ခရီးစဉ်ဒေသများတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကျန်းမာရေးဝန်ထမ်းများနှင့် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များဖွဲ့စည်းသွားရန်၊ ပစ်မှတ်ထားသောဈေးကွက် (Target Market) ရှာဖွေရန်၊ ခရီးစဉ်ဒေသများကို လူသိများစေမည့် Promotion Tool များဖြစ်သည့် Social Media, Network များ စီစဉ်ထားရှိပြီးဆောင်ရွက်ရန်၊ ခရီးစဉ်ဒေသများနှင့် ပတ်သက်သည့် လုံခြုံရေးအာမခံချက်များပေးနိုင်ရေး ဆောင်ရွက်သွားရန်၊ အပန်းဖြေနိုင်မည့် Resort နှင့် မြစ်ကြောင်းစီး စက်လှေ/ သင်္ဘောခရီးစဉ်များ ဖော်ထုတ်သွားရန်၊ နေပြည်တော်ခရီးစဉ်အပါအဝင် Overall Promotion Video များကို Famous Influencer များဖြင့် ရိုက်ကူးမြှင့်တင်ကြော်ငြာသွားရန်၊ Influencer များနှင့် Destination Branding မြှင့်တင်ဆောင်ရွက်နိုင် ရေးပူးပေါင်းသွားရန်၊ သက်ဆိုင်ရာခရီးစဉ်ဒေသအလိုက် Brand Logo၊ Brand Colour/ Brand Motto များသတ်မှတ်ပြီး Digital Platform မှတစ်ဆင့် Promotion လုပ်ရန်၊ Review များ၊ ဧည့်သည်များ ပျော်ရွှင်နေသောပုံရိပ်များဖြင့် Social Media များတွင် Boost လုပ်ရန် စသည့် အဓိကကျသောအချက်များကို ဆွေးနွေးဖော်ထုတ်ခဲ့ကြပါသည်။

ရေရှည်တည်တံ့စေရန်

ခရီးသွားရေရှည်တည်တံ့စေရေး ဆောင်ရွက်ခြင်းခေါင်းစဉ်ဖြင့် ဆွေးနွေးအဖြေရှာသည့် အဖွဲ့(၃)က သယ်ယူပို့ဆောင်ရေးစနစ်၊ ဘဏ္ဍာငွေရှာဖွေရေးစနစ်၊ ဆက်သွယ်ရေးစနစ်၊ စွမ်းအင်၊ လျှပ်စစ်မီးကောင်းမွန်ရေးစနစ်တို့ကို ဦးစားပေးဆောင်ရွက်ပေးရန်၊ ခရီးစဉ်ဒေသများတွင် Public Toilet များ လုံလောက်စွာထားရှိရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ Campaign အစီအစဉ်များ ဆောင်ရွက်ရန်၊ ကိုလိုနီခေတ် အဆောက်အအုံများအား ထိန်းသိမ်းစောင့်ရှောက်ရန်၊ လေကြောင်းခရီးစဉ်များ တိုးချဲ့ပျံသန်းပြေးဆွဲရန်၊ ဟိုတယ်၊ မိုတယ်၊ စားသောက်ဆိုင်များမှ Quality Service များ ပေးနိုင်ရေးအတွက်ကျွမ်းကျင်ဝန်ထမ်းများထားရှိရန်အတွက် သက်မွေးအတတ်ပညာ သင်တန်းကျောင်းမှသည် ဘွဲ့သင်တန်းထိလေ့ကျင့်သင်ကြားပေးရန်၊ ဟိုတယ်ဝန်ဆောင်မှုသင်တန်းများ၊ အရည်အသွေးမြင့် ဝန်ဆောင်မှုသင်တန်းများ ပိုမိုဖွင့်လှစ်သင်ကြားရေးဆောင်ရွက်ရန်ကို ဆွေးနွေးဖော်ထုတ်ခဲ့ကြပါသည်။

ရလဒ်များ

အဖွဲ့သုံးဖွဲ့၏ ဆွေးနွေးပွဲဖော်ထုတ်ချက်များကို ဒေါက်တာ သက်လွင်တိုးက ပြန်လည်သုံးသပ်ခဲ့ပြီး စကားဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပါသည်။ စကားဝိုင်းဆွေးနွေးပွဲမှ အောက်ပါရလဒ်များရရှိခဲ့ပါသည် -

- မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းကို ဖော်ဆောင်ရာတွင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များကို မြေပြင်တွင် ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်နှင့် ခိုင်မာစေရန် DMO အဖွဲ့ဝင်များကို ဒေသအလိုက် Human Resources Capacity Building ဆောင်ရွက်ပေး သင့်ကြောင်းနှင့် ကျွမ်းကျင်သည့် ခရီးသွားလုပ်ငန်းပညာရှင် များအား CEO အဖြစ် ခန့်အပ်ဆောင်ရွက်သင့်ပြီး ၎င်းတို့မှ Destination Management ဖြစ်ရန် Destination Plan များရေးဆွဲဆောင်ရွက်ရန်၊

- ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ခရီးသွားလုပ်ငန်းတွင် အားလုံးပါဝင်ရန်လိုအပ်ပြီး အထူးသဖြင့် ဒေသခံများ ပါဝင်ဆောင်ရွက်ရန်၊

- ခရီးစဉ်ဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ၊ သဘာဝအရင်းအမြစ်များအား ထိန်းသိမ်းစောင့်ရှောက်ရန်၊

- DMO သည် Policy Maker နှင့် Regulator များမှ ချမှတ်ထားသည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊

- National Branding ကိုလည်း ပြန်လည်ဆောင်ရွက်ရန်၊ အထူးသဖြင့် မြန်မာနိုင်ငံသည် ယုံကြည်စိတ်ချရသည့် ခရီးစဉ်ဒေသတစ်ခုဖြစ်သည်ကို ပြန်လည်ပုံဖော်ပေးရန်၊

- တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရီးသွားလုပ်ငန်းအမျိုး အစားများခွဲ၍ ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန်၊

- လက်ရှိဖွဲ့စည်းထားသည့် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များအနေဖြင့် မူရင်းလုပ်ငန်းတာဝန်များနှင့်ရောထွေးနေ၍ အဖွဲ့၏ လုပ်ငန်းတာဝန်များ ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းတာဝန်များကို ပြန်လည်သတ်မှတ်နိုင်ရေးစဉ်းစားရန်၊

- ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များ ပြန်လည်ဖွဲ့စည်းသွားရန်နှင့် ပြင်ဆင်ဖွဲ့စည်းမည်ဆိုပါက ကနဦးစီမံချက်အနေဖြင့် ခရီးစဉ်နေရာငါးခုခန့်ကို စနစ်တကျရွေးချယ်၍ စနစ်တကျ ဖွဲ့စည်းဆောင်ရွက်ရန်၊

-အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေသည့် မြန်မာနိုင်ငံခရီးသွားမြှင့်တင်ရေးအဖွဲ့ (Tourism Board of Myanmar- TBM) ကို စနစ်တကျဖွဲ့စည်းတည်ဆောက်ပြီး ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ (DMO)နှင့်ပေါင်းစပ်၍ ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲစေရေး ဆောင်ရွက်ရန်၊

DMO အဖွဲ့ဝင်များ၏ အရည်အသွေးအရေးကြီး

ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များအနေဖြင့် ဤစကားဝိုင်းဆွေးနွေးပွဲမှရရှိခဲ့သော အချက်အလက်များအရ မိမိတို့တာဝန်ယူ ဆောင်ရွက်ရမည့် သက်ဆိုင်ရာခရီးစဉ်ဒေသများတွင် ခရီးသွားလုပ်ငန်းများ ရေရှည်တည်တံ့ဖွံ့ဖြိုးစေရေးအတွက် Action Plan များ ရေးဆွဲကာ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် လိုအပ်သောဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များကို ပြည်ထောင်စုဘဏ္ဍာငွေသို့ အဆိုပြုတင်ပြတောင်းခံနိုင်သကဲ့သို့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရဘဏ္ဍာငွေမှလည်း ပံ့ပိုးရရှိအောင် ကြိုးစားတင်ပြတောင်းခံရန် လိုအပ်ပါသည်။

DMO အဖွဲ့ဝင်များ၏ စိတ်ပါဝင်စားမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ခရီးသွားအမြင်ရှိမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုများက ခရီးစဉ်ဒေသများ အစဉ်ရှင်သန်ဖွံ့ဖြိုးစေပြီး ဒေသနေပြည်သူလူထုကို အလုပ်အကိုင်အခွင့်အလမ်းများရရှိစေကာ လူမှုစီးပွားဘဝတိုးတက်မှုများကို ရရှိစေမည်ဖြစ်ပါသည်။ ခရိုင်အဆင့်၊ မြို့နယ်အဆင့် DMO များ၏ အရည်အသွေးများကြောင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင်လည်း ခရီးသွားလုပ်ငန်းကောင်းမွန်လာမည်ဖြစ်ပါသည်။ အထူးသဖြင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်များတွင် တာဝန်ထမ်းဆောင်နေကြသော ဟိုတယ်နှင့်ခရီးသွားတာဝန်ခံ တစ်ဦးချင်းစီ၏ အရည်အသွေးမှာ ခရီးသွားလုပ်ငန်းများ တိုးတက်ကောင်းမွန်ရေးအတွက် အလွန်အရေးကြီးကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။