Skip to main content

ဘေးအန္တရာယ်များ ကျရောက်လာတိုင်း ပြည်သူ့ရှေ့မှ မားမားမတ်မတ် ရပ်တည်ကူညီနေသည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

အောင်မျိုးထွန်း

မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ရောင်ခြည်သန်းချိန်၊ ၁၉၄၆ ခုနှစ် မေလ ၅ ရက်နေ့။ လွန်ခဲ့သော နှစ်ပေါင်း (၈၀) ကာလ ရန်ကုန်မြို့၌ကျင်းပသည့် ဗမာနိုင်ငံလုံးဆိုင်ရာ စေတနာ့ဝန်ထမ်းမီးသတ်အစည်းအရုံးညီလာခံကြီးမှတစ်ဆင့် မြန်မာနိုင်ငံ၏ မီးသတ်တပ်ဖွဲ့သမိုင်းတွင် မော်ကွန်းတင်ထိုက်သော နေ့တစ်နေ့ပေါ်ပေါက်ခဲ့သည်။

ထိုနေ့တွင် အကွဲကွဲအပြားပြားဖြစ်နေသော စေတနာ့ဝန်ထမ်း အပျော်တမ်းမီးသတ်တပ်ဖွဲ့များကို စုစည်း၍ တစ်ခုတည်းသော ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီးကို ပထမဆုံး ဖွဲ့စည်းတည်ထောင်နိုင်ခဲ့သည်။ နိုင်ငံတစ်ဝန်းရှိ မီးသတ်တပ်ဖွဲ့များ ပထမဆုံးအကြိမ် ညီညာစွာ စုရုံးနိုင်ခဲ့သည့် ထိုနေ့ကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် မေလ ၅ ရက်နေ့ကို “မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့”အဖြစ် ကျင်းပလာခဲ့ရာ ယခုနှစ်တွင် နှစ် (၈၀) ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကျင်းပခဲ့သည်မှာ နှစ်ပေါင်း ၈၀ ဟုဆိုသော်လည်း ပဒေသရာဇ်ခေတ် မြန်မာဘုရင်များလက်ထက်တော်တွင် မီးကပ်သား၊ မီးဆော်အစရှိသည့် မင်းမှုထမ်းများအဖြစ်လည်းကောင်း၊ နောင်ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်တွင် စေတနာ့ဝန်ထမ်းမီးသတ်တပ်ဖွဲ့၊ မြူနီစီပယ်မီးသတ်တပ်ဖွဲ့၊ မျိုးချစ်အပျော်တမ်းမီးသတ်တပ်ဖွဲ့များ၊ ယနေ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အစရှိသည့် အမည်နာမအမျိုးမျိုးတို့ဖြင့် ယနေ့အချိန်အထိ ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်နှင့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသော ဘေးအန္တရာယ်များကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်လာခဲ့ကြသည့် ပရဟိတစိတ်ကို အခြေခံသော အဖွဲ့အစည်းကြီးအဖြစ် မြင်တွေ့လာခဲ့ရသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ အင်အားများ ဆက်လက်တိုးချဲ့

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဟူသည့် စွမ်းရည်လေးရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လွတ်လပ်ရေးရပြီး ခေတ်မှစ၍ မီးဘေးလုံခြုံရေး၊ သဘာဝဘေးကာကွယ်ရေးနှင့် အဘက်ဘက်သော လိုအပ်ချက်များတွင် ပါဝင်ကူညီဖြည့်ဆည်းဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံနှင့်အင်အားများကို ဆက်လက်တိုးချဲ့ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ် မတ်လအထိ အရာထမ်းတပ်ဖွဲ့ဝင်အင်အား ၆၅၁ ဦး၊ အမှုထမ်း မီးသတ်တပ်ဖွဲ့ဝင်အင်အား ၁၃၇၅၈ ဦးအထိ တိုးချဲ့ဖွဲ့စည်းထားနိုင်ခဲ့ပြီဖြစ်သည်။

ထို့ပြင် အရန်မီးသတ်တပ်ဖွဲ့ဝင် အင်အားများကိုလည်း ထပ်မံတိုးချဲ့လာနိုင်ပြီး ၂၀၂၅ - ၂၀၂၆ ခုနှစ်တွင် ၈၈၀၃၀ အထိ ရှိခဲ့သည့်အပြင် စက်ရုံ/ အလုပ်ရုံ၊ လုပ်ငန်းများ မီးဘေးလုံခြုံရေးအတွက် ဖွဲ့စည်းထားရှိသည့် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များကိုလည်း ၂၀၂၅ - ၂၀၂၆ ခုနှစ်တွင် အင်အား ၁၉၁၀၅ ဦးအထိ တိုးချဲ့နိုင်ခဲ့ကြောင်း သိရသည်။

မီးသတ်တပ်ဖွဲ့အနေဖြင့် မီးဘေးနှင့် သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်ဖြေရှင်းရန် လက်ရှိအခြေအနေနှင့် နောင်အနာဂတ်တွင် ပေါ်ပေါက်လာနိုင်သော စိန်ခေါ်မှုများကို မျှော်မှန်းပြီး မီးသတ်တပ်ဖွဲ့အနေဖြင့် အသွင်သဏ္ဌာန်ရော အနှစ်သာရပိုင်းပါ ပြုပြင်ပြောင်းလဲနိုင်ရန်အတွက် Man Power ၊ Equipment Power နှင့် Technical Power တို့ကို ဟန်ချက်ညီညီ တည်ဆောက်လျက်ရှိသကဲ့သို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စိန်ခေါ်မှုအသစ်များအား ရင်ဆိုင်နိုင်ရေးအတွက် အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေးနည်းပညာများ အသုံးပြုဆောင်ရွက်နိုင်သည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ (Search and Rescue Team) များကို ဒေသအလိုက် စုဖွဲ့လေ့ကျင့်ပြီး အသင့်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ Equipment Power နှင့် Technical Power တို့ကို ဟန်ချက်ညီဖြစ်ရေးအတွက် ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီး/ ပြည်နယ်အစိုးရခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် မီးငြှိမ်းသတ်ယာဉ် ၂၄ စီး၊ မီးသတ်ရေသယ်ယာဉ် လေးစီး၊ မီးသတ်စက်ယာဉ် နှစ်စီး၊ မီးသတ်အထောက်အကူပြု ယာဉ်ငါးစီး စုစုပေါင်းမီးသတ်ယာဉ် ၃၅ စီးတို့အား ထပ်မံတိုးချဲ့ရရှိခဲ့ပြီဖြစ်သဖြင့် လက်ရှိတွင် နိုင်ငံတကာအဆင့်မီ ခေတ်မီမီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းကိရိယာများအပါအဝင် ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အထိ မီးငြှိမ်းသတ်ယာဉ် ၁၉၂၆ စီး၊ မီးသတ်ရေသယ်ယာဉ် ၁၂၁၉ စီး၊ မီးသတ်စက်ယာဉ် ၃၀၉ စီး၊ မီးသတ်အထောက်အကူပြုယာဉ် ၃၄၃ စီး စုစုပေါင်းမီးသတ်ယာဉ် ၃၇၉၇ စီးအထိ ဖြည့်တင်းထားနိုင်ခဲ့ပြီဖြစ်သည်။

နိုင်ငံတကာအဆင့်မီ ရှာဖွေကယ်ဆယ်ရေးအဖွဲ့သို့

မီးသတ်ဦးစီးဌာန၏ အထင်ရှားဆုံးခြေလှမ်းမှာ အင်အားပြင်းမန္တလေးငလျင်ကြီးလှုပ်ခတ်မှု ဖြစ်စဉ်တွင် ပြိုကျနေသည့် အဆောက်အအုံများအတွင်း ပိတ်မိ/ ပိမိသူများအား နိုင်ငံတကာမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့်အတူ ပူးပေါင်းရှာဖွေကယ်ဆယ်ဆောင်ရွက်ရာ၌ တွေ့ရှိခဲ့သည့် အတွေ့အကြုံများအပေါ် သင်ခန်းစာဖော်ထုတ်၍ မီးသတ်ဦးစီးဌာနအနေဖြင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ (National Search and Rescue Team) နှစ်ဖွဲ့အား ဖွဲ့စည်း၍ မြို့ပြရှာဖွေကယ်ဆယ်ရေးအဖွဲ့ (Medium Urban Search and Rescue Team) များအဖြစ် ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအဖွဲ့များ ဖွဲ့စည်းနိုင်ရေးအတွက် ခေတ်မီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး စက်ပစ္စည်းကိရိယာများ၊ လုပ်ငန်းသုံးလိုအပ်ချက်များအား ဖြည့်ဆည်းကာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် (ရန်ကုန်) နှင့် မီးသတ်ဦးစီးဌာန နေပြည်တော်တို့တွင် အင်အား ၄၂ ဦးစီဖြင့် Medium Team အဆင့်ရှိ USAR Team နှစ်ဖွဲ့တို့အား ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။

မြို့ပြရှာဖွေကယ်ဆယ်ရေးအဖွဲ့ (Medium Urban Search and Rescue Team) အတွက် လိုအပ်သည့် ဆရာဝန်/ သူနာပြုများကိုလည်း ခန့်ထားဆောင်ရွက်နိုင်ခဲ့သကဲ့သို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ် (ရန်ကုန်) တွင် ရှာဖွေရေးခွေး (Canine) ၁၀ ကောင်အား မွေးမြူထားရှိပြီး ရှာဖွေရေးနည်းစနစ်များ လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် နိုင်ငံတကာရှာဖွေကယ်ဆယ်ရေး အကြံပေးအဖွဲ့ (INSARAG) ၏ အသိအမှတ်ပြု Medium အဆင့်ရှိ အဖွဲ့နှစ်ဖွဲ့ ပေါ်ထွန်းလာစေရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ ယင်းအတွက် ရှာဖွေရေးခွေးများ၊ အဆင့်မြင့်အရေးပေါ်ဆက်သွယ်ရေးစနစ်များနှင့် ခေတ်မီစက်ကိရိယာများကို ဖြည့်တင်းလျက်ရှိရုံသာမက တရုတ်၊ စင်ကာပူနှင့် လာအိုအစရှိသည့် နိုင်ငံများသို့ ကိုယ်စားလှယ် ၃၀ ကို စေလွှတ်ကာ ပညာရပ်ဖလှယ်နိုင်ခဲ့သည်။

အရေးပေါ်ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုတွင်လည်း တပ်မတော်ဆေးရုံများမှ ကျွမ်းကျင်နည်းပြများဖြင့် Vital Signs စမ်းသပ်ခြင်းမှအစ Air Way Support အထိ နိုင်ငံတကာစံနှုန်းမီ သင်ကြားလေ့ကျင့်ပေးနေပြီဖြစ်ပါသည်။ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ (National Urban Search and Rescue Team) အား နိုင်ငံတကာအဆင့်မီ ကမ္ဘာ့ကုလသမဂ္ဂ အသိအမှတ်ပြု (International Search and Rescue Advisory Group–INSARAG) ၏ Medium Team အဆင့်အဖြစ် သတ်မှတ်နိုင်ရေးအတွက် INSARAG External Classification - IEC လုပ်ငန်းစဉ်အား လိုက်ပါဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သဘာဝဘေးဒဏ်ကြားက ပြန်လည်ထူထောင်ရေး

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ဌာနပိုင်အဆောက်အအုံ ၁၄၈ လုံး ထိခိုက်ပျက်စီးခဲ့ရာတွင် နေပြည်တော်အတွင်းရှိ အဆောက်အအုံ ၆၄ လုံးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပျက်စီးမှုများကို ဘဏ္ဍာနှစ်အလိုက် အပြည့်အဝပြုပြင်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်။ အလားတူပင် အခြားဘေးအမျိုးမျိုးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် မီးသတ်စခန်းခြောက်ခု၊ နေအိမ်ကိုးလုံးနှင့် မီးသတ်ယာဉ်များအတွက်လည်း ထိရောက်သော တုံ့ပြန်မှုများနှင့် ပြန်လည်စုဖွဲ့မှုများကို လုပ်ဆောင်နိုင်ခဲ့သည်။

တပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်မြှင့်တင်ရေးနှင့် လူမှုဘဝ သာယာရေး

တပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်မြင့်မားစေရန်နှင့် စည်းကမ်းကောင်းမွန်စေရန်အတွက် ၂၀၂၅ ခုနှစ်အတွင်း ဆွေးနွေးပွဲပေါင်း ၇၄၆၉၆ ကြိမ် ကျင်းပခဲ့သည်။ ထို့အတူ အရာထမ်း ၇၄ ဦးနှင့် အမှုထမ်း ၁၀၆၄ ဦးအား ရာထူးတိုးမြှင့်ပေးနိုင်ခဲ့သည့်အပြင် နိုင်ငံတော်နှင့် ပြည်သူ့အတွက် စွမ်းစွမ်းတမံတာဝန် ထမ်းဆောင်ခဲ့ကြသူများအား ခေတ်အဆက်ဆက် နိုင်ငံတော်အကြီးအကဲများက ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ရာ ၁၉၄၆ ခုနှစ်မှစ၍ ယနေ့အထိ နှစ်ပေါင်း ၈၀ အတွင်း ဝဏ္ဏကျော်ထင်ဘွဲ့ ငါးဦး၊ သရေစည်သူဘွဲ့ တစ်ဦး၊ သီဟဗလတံဆိပ် သုံးဦး၊ နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဆုငွေရရှိသူ လေးဦး၊ ပြည်ထောင်စုငွေတံဆိပ်ရရှိသူ တစ်ဦး၊ လွတ်လပ်ရေးမော်ကွန်း ဒုတိယအဆင့်ရရှိသူ သုံးဦး၊ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ခြောက်ဦး၊ စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များအနေဖြင့် ရဲသီဟ တစ်ဦး၊ ရဲသူရ ၁၈ ဦး၊ ရဲဗလ ၆၈ ဦး ရရှိခဲ့ပြီး စွမ်းဆောင်ရည်ဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များအနေဖြင့် ရဲသူရိန် ၇၅ ဦး၊ ရဲကျော်စွာ ၇၉ ဦး၊ ရဲကျော်သူ ၇၁ ဦး ရရှိခဲ့သည်။

လူမှုထူးချွန်တံဆိပ်များအနေဖြင့် လူမှုထူးချွန် ပထမအဆင့် ၁၂ ဦး၊ ဒုတိယအဆင့် ၁၁ ဦးနှင့် တတိယအဆင့် ၁၅၆ ဦး၊ စီမံထူးချွန်တံဆိပ်များအနေဖြင့် စီမံထူးချွန် ပထမအဆင့် ခြောက်ဦး၊ ဒုတိယအဆင့် ရှစ်ဦး၊ တတိယအဆင့် ၁၂ ဦးရရှိခဲ့ပြီး စက်မှုထူးချွန်အနေဖြင့် စက်မှုထူးချွန် ဒုတိယအဆင့် နှစ်ဦးနှင့် တတိယအဆင့် ရှစ်ဦး ရရှိထားပြီးဖြစ်ရာ နိုင်ငံတော်မှ ပေးအပ်ချီးမြှင့်ခဲ့သည့် ဘွဲ့တံဆိပ်နှင့် ဂုဏ်ထူးဆောင်တံဆိပ်ရရှိခဲ့သူ မီးသတ်တပ်ဖွဲ့ဝင်ပေါင်း နှစ်ပေါင်း ၈၀ အတွင်း ၅၅၀ အထိ ပေါ်ထွန်းခဲ့ပါကြောင်း သိရသည်။

ပြည်သူ့အကျိုးရှေးရှုပေး မီးဘေးလုံခြုံရေး

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် တစ်နှစ်တည်းအတွင်းမှာပင် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်မှုကဏ္ဍတွင် နေပြည်တော်၊ တိုင်းဒေသကြီး / ပြည်နယ်များ၌ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး ၁၀၁၈၅ ကြိမ်၊ ရပ်ရွာအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးအစီအစဉ် (Community Base Fire Safety Education Program) ၁၄၇၄၅ ကြိမ်၊ တစ်အိမ်တက်ဆင်းစနစ်ဖြင့် မီးဘေးလုံခြုံရေးစစ်ဆေးခြင်း ၈၃၁၂၆၉ ကြိမ်၊ ဟိုတယ်/ မိုတယ် မီးဘေးကြိုတင်ကာကွယ်ရေး ၁၄၆၄ ကြိမ်၊ စက်ရုံ/ အလုပ်ရုံ မီးဘေးကြိုတင်ကာကွယ်ရေး ၅၈၉၄ ကြိမ်နှင့် ဈေးမီးဘေးကြိုတင်ကာကွယ်ရေး ၄၅၅ ကြိမ် ဆောင်ရွက်နိုင်ခဲ့သည်။

မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအနေဖြင့် ၂၀၂၄ ခုနှစ် ဧပြီလမှ ၂၀၂၅ ခုနှစ် မတ်လအထိ နိုင်ငံတော်တစ်ဝန်းလုံးတွင် မီးလောင်မှု ၁၀၈၆ ကြိမ် ဖြစ်ပွားခဲ့ရာ နေအိမ်/ အဆောက်အအုံ ၄၀၈၉ လုံး၊ စက်ရုံ/ အလုပ်ရုံ ၁၁ လုံး၊ ဂိုဒေါင် ၄၂ လုံး မီးလောင်ခံရ၍ ကျပ်သန်း ၉၀၁၁၈ ဒသမ ၅၆၆ ခန့် ဆုံးရှုံးခဲ့ပြီး ၈၆ ဦး သေဆုံး၊ ၁၃၀ ဒဏ်ရာရ၊ ၉၉၃၉ ဦး မီးဘေးသင့်ခဲ့သည်။ အဆိုပါ ဆုံးရှုံးမှုများကို လျှော့ချရန်မှာ ပြည်သူတစ်ရပ်လုံးက ၂၀၂၀ စံချိန်စံညွှန်းများကို လိုက်နာမှုအပေါ်တွင် များစွာမူတည်နေသဖြင့် မီးသတ်တပ်ဖွဲ့တစ်ခုတည်းကသာမက ပြည်သူအားလုံးပါဝင်သည့် မီးဘေးလုံခြုံရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအနေဖြင့် ၂၀၂၄ ခုနှစ် ဧပြီလမှ ၂၀၂၅ ခုနှစ် မတ်လအထိ နိုင်ငံတော်တစ်ဝန်းလုံးတွင် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားမတော်တဆမှုဖြစ်စဉ် ၁၃၃၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ၁၃၃၂ ဦး ဒဏ်ရာရရှိခဲ့ကာ ၆၉၃ ဦး သေဆုံးခဲ့မှုအား မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်သန္ဓေ ၁၆၇၈၁ ဦး၊ အရန် ၅၁၉၆ ဦးတို့မှ ကူညီကယ်ဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

အထပ်မြင့်အဆောက်အအုံများ မီးဘေးလုံခြုံရေး စစ်ဆေးအကြံပြုမှုအနေဖြင့်လည်း မီးသတ်ဦးစီးဌာနအနေဖြင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် မီးသတ်ဦးစီးမှူးရုံးများမှ အထပ်မြင့်ဆောက်လုပ်ပြီး အဆောက်အအုံများ စစ်ဆေးပေးရန်လျှောက်ထားမှု ၄၉၈၆ လုံးရှိပြီး မီးဘေးလုံခြုံရေး စစ်ဆေးထောက်ခံချက် ၂၄၉၆ စောင် ထုတ်ပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

ပြည်သူတိုင်း သိထားရမည့် အသက်ကယ် “ရွှေစည်းမျဉ်း” များ

မီးသတ်ဦးစီးဌာနမှ ၃၁-၁၂-၂၀၂၀ ရက်နေ့က အတည်ပြုထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံမီးဘေး လုံခြုံရေးဆိုင်ရာ စံချိန်စံညွှန်းသတ်မှတ်ချက်များ (၂၀၂၀) (Myanmar Fire Safety Code 2020) သည် အဆောက်အအုံများ ဆောက်လုပ်ရာတွင်လည်းကောင်း၊ လက်ရှိနေထိုင်ရာတွင်လည်းကောင်း မီးဘေးလုံခြုံရေးအတွက် လိုက်နာရမည့် “ရွှေစည်းမျဉ်း” များဖြစ်သည်။

ပြည်သူများအနေဖြင့် အဆောက်အအုံတိုင်းတွင် အရေးပေါ်ထွက်ပေါက် (Emergency Exit) များ အတားအဆီးမရှိဘဲ အမြဲပွင့်နေရမည်။ အထပ်မြင့်များတွင် မီးသတ်လှေကားများ စံနှုန်းမီတပ်ဆင်ထားရမည်။ မီးခိုးငွေ့နှင့်အပူကို သိရှိနိုင်သော (Smoke/Heat Detector) များ စသည့်မီးဘေးအချက်ပေးစနစ်(Fire Alarm System) များ တပ်ဆင်ထားခြင်းဖြင့် မီးမလောင်မီကြိုတင်သိရှိနိုင်ရန် ဆောင်ရွက်ရမည်။ မီးငြှိမ်းသတ်ရေးပစ္စည်းများ (Fire Fighting Equipment) ဖြစ်သည့် မီးသတ်ဆေးဘူးများအား သက်တမ်းမကုန်စေဘဲ ထင်ရှားသောနေရာတွင်ထားရှိရမည်။

အဆောက်အအုံကြီးများတွင် Hose Reel နှင့် Sprinkler စနစ်များ စနစ်တကျရှိရမည်။ ဒီဇိုင်းစံနှုန်း (Fire Safety Design) အနေဖြင့် အဆောက်အအုံတစ်ခုကို စတင်ဒီဇိုင်းဆွဲကတည်းက မီးလောင်လျှင် ကူးစက်မှုနှေးကွေးစေမည့် (Fire Compartmen-tation) စနစ်များကို ထည့်သွင်းစဉ်းစားရမည်။ အဆိုပါ စည်းမျဉ်းများကို လိုက်နာဆောင်ရွက်နိုင်မှသာလျှင် ပြည်သူအားလုံးပါဝင်သည့် မီးဘေးလုံခြုံမှုစနစ်ကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။

နည်းပညာခေတ်နှင့်အညီ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး

မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများနေ့စဉ် ကြုံတွေ့နေရသည့် ဘေးဒုက္ခအန္တရာယ်များအား IT နည်းပညာကို အသုံးပြု၍ မီးသတ်ဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ အကူအညီတောင်းခံနိုင်ရန်၊ ရရှိလာသည့် သတင်းပေးပို့ချက်များအား မီးသတ်ဦးစီးဌာနမှ လျင်မြန်စွာတုံ့ပြန် ဆောင်ရွက်နိုင်ရန်တို့အတွက် ရည်ရွယ်၍ 191 report & Dispatch Order System ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါသည်။

မီးသတ်ဦးစီးဌာနအနေဖြင့် ရည်မှန်းချက်တာဝန်ကြီး ၄ ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် နေ့စဉ်ဖြစ်ပွားလျက်ရှိသော မီးလောင်မှုသတင်းများ၊ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်မှုသတင်းများ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာသတင်းများ၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ သတင်းများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်မှုများနှင့် ရုတ်တရက်ဖြစ်ပွားသော ဘေးအန္တရာယ်များ ကျရောက်သည့်အခါ လျင်မြန်စွာတုံ့ပြန် ဆောင်ရွက်မှုသတင်းများအား ပြည်သူများမှန်ကန်သော သတင်းအချက်အလက်များ သိရှိစေရေးအတွက် လူမှုကွန်ရက်များဖြစ်သော Facebook ၊ Twitter ၊ Youtube နှင့် Website တို့မှ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးလျက်ရှိပါသည်။

ထို့ပြင် ပြည်တွင်းမီဒီယာများနှင့် ပြည်သူများမှ ဆက်သွယ်မေးမြန်းလာသည့်ကိစ္စရပ်များအား မီးသတ်ဦးစီးဌာန၏ မီဒီယာအဖွဲ့က စိစစ်၍ ပြန်လည်ဖြေကြားဆောင်ရွက်ပေးလျက်ရှိသဖြင့် မီဒီယာခေတ်ရေစီးနှင့်အတူ သတင်းမှန်များကို အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းရည် ၄ ရပ်ဖြစ်သော မီးသတ်စွမ်းရည်၊ ရှာဖွေကယ်ဆယ်ရေးစွမ်းရည်၊ အုပ်ချုပ်မှုစွမ်းရည်နှင့် စည်းရုံးရေး စွမ်းရည်ထက်မြက်စေရန် မီးသတ်တပ်ဖွဲ့ဝင်တိုင်း၏ စွမ်းဆောင်ရည်မြှင့်တင် ရေးလုပ်ငန်း၊ မီးသတ်စက်/ ယာဉ်နှင့် ပစ္စည်းကိရိယာများ၊ မွမ်းမံရေး၊ ကြံ့ခိုင်ရေး၊ အသင့်ရှိရေးလုပ်ငန်းနှင့် ရှာဖွေကယ်ဆယ်ရေးသုံးယာဉ်နှင့် လုပ်ငန်းသုံးပစ္စည်းကိရိယာများ မွမ်းမံရေး၊ ကြံ့ခိုင်ရေးနှင့် အသင့်ရှိရေးလုပ်ငန်း၊ ပြည်သူလူထုအား မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး အသိပညာပေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်ရေးလုပ်ငန်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်နှင့် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ တိုးချဲ့ဖွဲ့စည်းရေးနှင့် လေ့ကျင့်သင်တန်းပေးရေးလုပ်ငန်းများအပါအဝင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် နိုင်ငံတကာအဆင့်နှင့်အညီ ရင်ပေါင်တန်းဆောင်ရွက်နိုင်ရေးအတွက် ကွပ်ကဲမှုနည်းစနစ်များ၊ မီးသတ်ပညာရပ်များ၊ ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ ပညာရပ်များအား အစဉ်အမြဲသုတေသနပြုလုပ်ဖော်ထုတ်၍ တပ်ဖွဲ့ဝင်များအားလုံး တတ်ကျွမ်းနားလည်စေရန် လေ့ကျင့်ပညာပေးရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရသကဲ့သို့ မီးသတ်တပ်ဖွဲ့အား နိုင်ငံတော်၏ ခိုင်မာသောအရန်အင်အား ဖြစ်စေရေးအတွက် လေ့ကျင့်ဖွဲ့စည်း၍ စွမ်းဆောင်ရည်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနသည် ဘေးအန္တရာယ်များကျရောက်လာတိုင်း ပြည်သူ့ရှေ့မှ မားမားမတ်မတ် ရပ်တည်နေသည့် မီးသတ်တပ်ဖွဲ့ဝင်များ၏ ကြိုးပမ်းမှုနှင့်အတူ နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့မှသည် ပြည်သူ့အကျိုးပြု ပရဟိတအဖွဲ့အစည်းကြီးအဖြစ် အဓွန့်ရှည်ကြာစွာ ရပ်တည်နိုင်ပါစေကြောင်း ဆန္ဒပြုရင်း မီးသတ်သူရဲကောင်းများအား ဂုဏ်ပြုရေးသားတင်ပြ လိုက်ရပါသည်။ ။