တားဆီးကာကွယ် မီးခိုးမြူငွေ့အန္တရာယ်
မင်းခန့်
ယနေ့အချိန်ခါမှာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာနဲ့တစ်ဝှမ်း ကြည်လင်ပြာလွင့်နေတဲ့ ကောင်းကင်ပြာကြီးဟာ တစ်စတစ်စ မှေးမှိန်လာနေပြီ ဖြစ်ပါတယ်။ လတ်ဆတ်တဲ့လေကို ရှူရှိုက်ခွင့်ရမယ့်အစား တောမီးလောင်ကျွမ်းမှုတွေ၊ စိုက်ပျိုးရေးသုံးစွန့်ပစ်ပစ္စည်းတွေနဲ့ အမှိုက်တွေ မီးရှို့မှုကနေ ထွက်ပေါ်လာတဲ့ အဆိပ်သင့်စေတဲ့ ဖုန်မှုန့်တွေနဲ့ မီးခိုးမြူငွေ့တွေကိုသာ ရှူရှိုက်နေရပြီး ဒါက လူသားတွေရဲ့ အသက်ရှင်သန်နေထိုင်မှုဘဝတွေကို များစွာအန္တရာယ်ပေးလျက်ရှိနေပါတယ်။ ဒီလေထုညစ်ညမ်းမှုပြဿနာဟာ ဒေသတစ်ခုတည်း၊ မြို့တစ်မြို့တည်းမှာသာ သီးခြားဖြစ်ပေါ်နေတဲ့ကိစ္စရပ်မဟုတ်ဘဲ ကမ္ဘာနဲ့တစ်ဝှမ်း ရင်ဆိုင်ကြုံတွေ့နေရတဲ့ ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနေပြီဖြစ်ပါတယ်။
လေထုညစ်ညမ်းမှုအန္တရာယ်ကို အလူးအလဲခံစားကြရလေ့ရှိ
အထူးသဖြင့် ရာသီဥတုပူပြင်းခြောက်သွေ့တဲ့ပွင့်လင်းရာသီကာလတွေကို ရောက်ရှိလာချိန်တိုင်း နိုင်ငံအနှံ့အပြားမှာ မီးလောင်ကျွမ်းတဲ့နေရာတွေ သိသိသာသာများပြားလာလေ့ရှိပြီး လေထုညစ်ညမ်းမှုအန္တရာယ်ကို ပြည်သူလူထုတစ်ရပ်လုံး အလူးအလဲခံစားကြရလေ့ရှိပါတယ်။ ဒီအခြေအနေဟာ ကျန်းမာရေးရှုထောင့်ကနေကြည့်ရင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ၊ နှလုံးနဲ့ သွေးကြောဆိုင်ရာပြဿနာတွေကို ဖြစ်စေရုံသာမက ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အတွက် အထူးစိုးရိမ်ဖွယ်ရာ အဆင့်အထိ ရောက်ရှိ နေတာပဲ ဖြစ်ပါတယ်။
ကိန်းဂဏန်းအချက်အလက်တွေအရ လေ့လာကြည့်မယ်ဆိုရင် ယခု ၂၀၂၆ ခုနှစ်ရဲ့ ဇန်နဝါရီလကနေ ဖေဖော်ဝါရီလအထိကာလအတွင်းမှာတင် နိုင်ငံတစ်ဝန်းမှာ မီးလောင်ကျွမ်းမှုဖြစ်စဉ်ပေါင်း ခုနစ်ထောင်ကျော်အထိ ဖြစ်ပေါ်ခဲ့တာကို စိုးရိမ်ဖွယ်ရာတွေ့ရှိရပါတယ်။ ဒီအရေအတွက်ဟာ ပြီးခဲ့ တဲ့ ၂၀၂၅ ခုနှစ်ရဲ့ အလားတူကာလက ဖြစ်ပေါ်ခဲ့မှုထက် ၂၆ ရာခိုင်နှုန်းခန့် ပိုမိုများပြားနေပြီး ၂၀၂၄ ခုနှစ်ကထက် ၁၀ ရာခိုင်နှုန်းခန့် ပိုမိုတိုးတက်များပြားလာနေတာလည်း ဖြစ်ပါတယ်။ ဂြိုဟ်တုပုံရိပ်တွေအရလည်း ဇန်နဝါရီလကစတင်ကာ မြန်မာနိုင်ငံအနှံ့အပြား၊ အထူးသဖြင့် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မန္တလေးတိုင်းဒေသကြီး စတဲ့ဒေသတွေမှာ မီးလောင်ကျွမ်း မှုတွေ အလွန်သိပ်သည်းစွာ ဖြစ်ပေါ်နေတာကို ထင်ရှားစွာမြင်တွေ့နေရပါတယ်။
ဒီလို မီးလောင်ကျွမ်းမှုအများစုဟာ တောမီးလောင်ကျွမ်းခြင်း၊ တောင်ယာခုတ်ထွင်ရှင်းလင်းဖို့ မီးရှို့ခြင်းနဲ့ လယ်ယာထွက်ကုန်ပစ္စည်းတွေကို မီးရှို့ခြင်းတို့ကြောင့် အဓိကဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။ အဲဒီကနေထွက်ပေါ်လာတဲ့ မီးခိုးမြူငွေ့တွေဟာ လေစီးကြောင်းနဲ့အတူ နိုင်ငံအနှံ့ကိုသာမက အိမ်နီးချင်းနိုင်ငံတွေကိုပါ နယ်စပ်ဖြတ်ကျော်ပျံ့နှံ့သွားပြီး ဆိုးရွားတဲ့ လေထုညစ်ညမ်းမှုတွေကို ဖြစ်ပေါ်စေလျက်ရှိပါတယ်။
ဒီလိုသဘာဝပတ်ဝန်းကျင်နဲ့ ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုကို ဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံတော်အစိုးရအနေနဲ့ အထူးအလေးထားပြီး တားဆီးကာကွယ်မှုတွေကို စနစ်တကျ ဆောင်ရွက် လျက်ရှိပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့နေရာမှာ ထိရောက်မှုရှိစေဖို့အတွက် မြန်မာ-ထိုင်းနယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီကို စနစ်တကျ ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးဖြစ်ပါတယ်။ အဆိုပါကော်မတီ အနေနဲ့ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ရာမှာ နှစ်စဉ် မီးခိုးမြူငွေ့ စတင်ဖြစ်ပေါ်လေ့ရှိတဲ့ နိုဝင်ဘာလမတိုင်မီ အောက်တိုဘာလမှာ တစ်ကြိမ်၊ မီးခိုးမြူငွေ့ အများဆုံးဖြစ်ပေါ်လေ့ရှိတဲ့ မတ်လ၊ ဧပြီလနဲ့ မေလတွေမတိုင်မီ ဖေဖော်ဝါရီလမှာ တစ်ကြိမ်၊ မီးခိုးမြူငွေ့ပြန်လည်လျော့ကျသွားတဲ့ ဇွန်လမှာ တစ်ကြိမ် စုစုပေါင်း တစ်နှစ်ကို အစည်းအဝေး သုံးကြိမ် ကျင်းပပြီး ကာကွယ်တားဆီးရေးလုပ်ငန်းစဉ်တွေကို အနီးကပ်ကြပ်မတ်ဆောင်ရွက် လျက်ရှိနေပါတယ်။
မီးလောင်ကျွမ်းမှုဖြစ်စဉ်တွေကို လျှော့ချနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်
ကော်မတီရဲ့ အဓိကရည်မှန်းချက်တစ်ခုကတော့ နိုင်ငံတစ်ဝန်းဖြစ်ပေါ်နေတဲ့ မီးလောင်ကျွမ်းမှုအခြေအနေတွေကို အခြေခံထားပြီး ယခု ၂၀၂၆ ခုနှစ်အတွင်း မီးလောင်ကျွမ်းမှုဖြစ်စဉ်တွေကို ယခင် ကထက် ၂၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရေးကို ပြတ်ပြတ်သားသား ရည်မှန်းချက်ထားဆောင်ရွက်နေခြင်းပဲဖြစ်ပါတယ်။ ဒီရည်မှန်းချက် အောင်မြင်စေဖို့အတွက် မြေပြင်ကွင်းဆင်းစစ်ဆေးရေး လုပ်ငန်းတွေကို ထိရောက်စွာဆောင်ရွက်ဖို့နဲ့ လိုအပ်ရင် ခရိုင်အဆင့်၊ မြို့နယ်အဆင့် မြေပြင် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တွေကို ထပ်မံဖွဲ့စည်းဆောင်ရွက်နေပါတယ်။
ရည်မှန်းချက်တွေ အောင်မြင်စေဖို့နဲ့ ပြည်သူလူထုအတွင်း အသိပညာများတိုးပွားရရှိစေဖို့ အတွက် အစိုးရဌာနဆိုင်ရာတွေဟာ အသိပညာပေးလုပ်ငန်းတွေကို သမားရိုးကျနည်းလမ်းတွေနဲ့သာမက ခေတ်မီနည်းပညာတွေကိုပါ ပေါင်းစပ်ပြီး နည်းမျိုးစုံနဲ့ ထိရောက်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ အသိပညာပေးလုပ်ငန်းတွေမှာ မြေပြင်ကွင်းဆင်းဟောပြောတာ၊ လက်ကမ်းစာစောင်တွေဖြန့်ဝေတာ၊ ရုပ်မြင်သံကြား၊ ရေဒီယိုနဲ့သတင်းစာတွေကတစ်ဆင့် နှိုးဆော်တာတွေသာမက ယခုအခါ ပြည်သူတွေ အလွယ်တကူလက်လှမ်းမီနိုင်တဲ့ အွန်လိုင်းမီဒီယာ ပလက်ဖောင်းတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလုပ်ဆောင်နေပြီဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံတော်အစိုးရနဲ့ သတင်းမှန်ပြန်ကြားရေးကွန်ရက်တွေကတစ်ဆင့် လူမှုကွန်ရက်စာမျက်နှာ အသီးသီးကိုအသုံးပြုပြီး ပြည်သူတွေဆီ အချိန်နဲ့ တစ်ပြေးညီ သတင်းစကားတွေ ပါးလျက်ရှိပါတယ်။
ဒါ့အပြင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ကာ ပြည်သူလူထုရဲ့ လက်ကိုင်ဖုန်းတွေဆီကို အိမ်ကထွက်ရှိတဲ့ အမှိုက်တွေ မီးမရှို့ ဖို့၊ တောင်ယာနဲ့ သစ်တောတွေအတွင်း မီးမဆင်မခြင် အသုံးပြုတာကို ရှောင်ကြဉ်ဖို့ စာတိုတွေပေးပို့ အသိပေးတာတွေကိုပါ မကြာခဏလုပ်ဆောင်နေတာကို တွေ့ရပါတယ်။ တိုင်းစစ်ဌာနချုပ်တွေမှာ ဖွဲ့စည်းထားတဲ့ သတင်းမှန်ပြန်ကြားရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး အရပ်ဘက်ဝန်ကြီးဌာနတွေက မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးသတင်းတွေကိုလည်း သက်ဆိုင်ရာနယ်မြေတွေမှာ ထပ်မံဖြန့်ဝေဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဘက်စုံထောင့်စုံကနေ ထိုးဖောက်ပြီး ပြည်သူတစ်ရပ်လုံးဆီကို မီးခိုးမြူငွေ့အန္တရာယ်တားဆီးရေး သတင်းစကားတွေ ပိုမိုထိရောက်လျင်မြန်စွာ ရောက်ရှိစေရေး အလေးထားလုပ်ဆောင်လျက်ရှိနေပါတယ်။
တာဝန်ရှိသူများအနေနဲ့ အသိပညာပေးခြင်းသက်သက်နဲ့သာ ရပ်တန့်မနေဘဲ မူဝါဒရေးရာနဲ့ စည်းရုံးရေးလမ်းကြောင်းတွေကိုပါ စနစ်တကျချမှတ်အကောင်အထည်ဖော်နေမှုတွေကလည်း အထူးစိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။ ပြည်သူတွေ၊ အထူးသဖြင့် တောင်သူလယ်သမားတွေ အနေနဲ့ ရွှေ့ပြောင်းတောင်ယာခုတ်ထွင်မီးရှို့မယ့်အစား ကုန်းမြင့်လယ်ယာစိုက်ပျိုးရေးစနစ်ကို ပြောင်းလဲကျင့်သုံးလာစေဖို့နဲ့ စိုက်ပျိုးရေးကနေ ထွက်ရှိလာတဲ့ စွန့်ပစ်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးမယ့်အစား သဘာဝမြေဩဇာအဖြစ် ပြောင်းလဲပြုလုပ်အသုံးပြုလာစေဖို့ လက်တွေ့ကျကျ ပံ့ပိုးကူညီမှုတွေ ပြုလုပ်ပေးလျက်ရှိပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနတွေက ဦးဆောင်ပြီး ရိုးပြတ်တွေကို ထယ်မှောက်မြေဆွေးပြုလုပ်တာ၊ ကုန်းစောင်းစိုက်ပျိုးတာနဲ့ သီးနှံသစ်တော ရောနှောစိုက်ပျိုးတာ တွေကိုပါ နမူနာပြသ ဆောင်ရွက်ပေးလျက်ရှိပါတယ်။
စီးပွားရေးအရ တွန်းအားပေးတဲ့ မူဝါဒတွေကို ကျင့်သုံးလာ
စီးပွားရေးအရ တွန်းအားပေးတဲ့ မူဝါဒတွေကိုလည်း ရဲရဲဝံ့ဝံ့ ကျင့်သုံးလာတာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် ပြောင်းအများဆုံး စိုက်ပျိုးထွက်ရှိတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကနေ အိမ်နီးချင်း နိုင်ငံတွေကို ပြောင်းတင်ပို့မယ့် လုပ်ငန်းရှင်တွေအနေနဲ့ ပြောင်းစိုက်ခင်းတွေမှာ အမှိုက်တွေ မီးရှို့မှု ကင်းရှင်းကြောင်း အစိုးရနဲ့ ပုဂ္ဂလိကပူးပေါင်းအဖွဲ့က စိစစ်ထုတ်ပေးတဲ့ မီးခိုးမြူကင်းစင်ကြောင်း ထောက်ခံချက်ရရှိမှသာ တင်ပို့ခွင့်ပြုမယ့် မူဝါဒကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းကစတင်ပြီး တင်းကျပ်စွာ စတင်ကျင့်သုံးနေပြီ ဖြစ်ပါတယ်။ ဒါဟာ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ စီးပွားရေးအကျိုးအမြတ်ကို တိုက်ရိုက်ချိတ်ဆက်ပေးလိုက်တဲ့ အလွန် ထိရောက်တဲ့ စည်းရုံးရေးလက်နက်တစ်လက်ပဲ ဖြစ်ပါတယ်။
တစ်ဆက်တည်းမှာပဲ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအပိုင်းမှာလည်း အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ ပူးတွဲလုပ်ငန်းစီမံချက်တွေကို အရှိန်အဟုန်နဲ့ အကောင်အထည်ဖော်လျက်ရှိနေတာကလည်း နိုင်ငံတော်အစိုးရရဲ့ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းဖြေရှင်းလိုတဲ့ ဆန္ဒပြင်းပြမှုကို ပြသနေခြင်းဖြစ်ပါတယ်။
ဒီစီမံချက်အရ နှစ်နိုင်ငံအကြား သတင်းအချက်အလက် ဖလှယ်တာတွေ၊ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုတွေ ပြုလုပ်တာနဲ့ တောမီးငြှိမ်းသတ်ရေးလုပ်ငန်းတွေမှာ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်တာတွေကို လုပ်ဆောင်လျက်ရှိပါတယ်။ အထူးသဖြင့် ဒေသတွင်း မီးခိုးမြူငွေ့ကင်းစင်ရေးအတွက် နိုင်ငံတကာအစည်းအဝေးတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ မှာ တက်ကြွစွာပါဝင်ဆွေးနွေးပြီး မြန်မာနိုင်ငံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို တင်ပြကာ လိုအပ်တဲ့ အထောက်အပံ့တွေ ရရှိနိုင်ရေးအတွက်လည်း ကြိုးပမ်းလျက်ရှိပါတယ်။ ဒီလိုမျိုး မူဝါဒရေးရာ ခိုင်မာမှုနဲ့ နိုင်ငံတကာချိတ်ဆက်မှုတွေဟာ ရေရှည်မှာ လေထုညစ်ညမ်းမှုကို သိသိသာသာ လျှော့ချပေးနိုင်မယ့် အခြေခံကောင်းတွေပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ဘယ်လိုပဲ ကောင်းမွန်တဲ့မူဝါဒတွေ ချမှတ်ထားစေကာမူ၊ အစိုးရဌာနဆိုင်ရာတွေက ဘယ်လိုကြိုးစားပမ်းစား အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေစေကာမူ ပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှုမရှိဘူးဆိုရင် ဒီမီးခိုးမြူငွေ့အန္တရာယ်ကို အမြစ်ပြတ်တိုက်ဖျက်နိုင်မှာမဟုတ်တာ သေချာပါတယ်။ လေထုညစ်ညမ်းမှုဟာ လူတန်းစားမရွေး၊ ဆင်းရဲချမ်းသာမရွေးအားလုံးရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို တိုက်ရိုက်ခြိမ်းခြောက်နေတဲ့ ဘုံရန်သူကြီး ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတစ်ဝန်း မှာ မီးလောင်ကျွမ်းမှုဖြစ်ပေါ်မှု လျှော့ချရေးနဲ့ မီးခိုး မြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးကို အစိုးရရဲ့ လုပ်ငန်းတာဝန်သက်သက်အဖြစ်သာ မရှုမြင်ဘဲ ပြည်သူလူထုတစ်ရပ်လုံးက မိမိတို့ရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမယ့် အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ခံယူကာ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြဖို့ အထူးပဲလိုအပ်လှပါတယ်။
အိမ်တွင်းအမှိုက်တွေကို လွယ်လွယ်ကူကူ မီးရှို့ပစ်တာမျိုးကစလို့ တောင်ယာနဲ့သစ်တောတွေအတွင်း သတိလက်လွတ် မီးအသုံးပြုတာတွေအထိ လုံးဝရှောင်ကြဉ်ကြရမှာဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတဲ့စိတ်ဓာတ်နဲ့ သစ်တောတွေကို ထိန်းသိမ်းတာ၊ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းတွေကို မြေဆွေးအဖြစ် ပြန်လည်အသုံးချတာစတဲ့ အလေ့အကျင့်ကောင်းတွေကို လူမှုအသိုင်းအဝိုင်းအတွင်း စိမ့်ဝင်ပျံ့နှံ့အောင် တစ်ဦးချင်းစီကစလို့ အသိတရားနဲ့ ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ အကောင်အထည်ဖော်ကြရမှာ ဖြစ်ပါတယ်။
ဒီကနေ့ခေတ်မှာ မီးခိုးမြူငွေ့နဲ့ လေထုညစ်ညမ်းမှုပြဿနာဟာ ကျွန်တော်တို့အနေနဲ့ လုံးဝမျက်ကွယ်ပြုထားလို့မရတဲ့ ကိစ္စရပ်တစ်ခု ဖြစ်လာပါတယ်။ လေထုကို နယ်နိမိတ်စည်းတားထားလို့ မရသလိုပဲ ညစ်ညမ်းတဲ့လေထုရဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေဟာလည်း လူသားတိုင်းအပေါ်ကို ဧကန်မလွဲ ကျရောက်လာမှာပဲဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရက ဘက်စုံထောင့်စုံကနေ ကြိုးပမ်းဆောင်ရွက်နေတဲ့ အခုလိုအချိန်အခါမျိုးမှာ ပြည်သူလူထုအနေနဲ့လည်း နိုင်ငံတော်နဲ့အတူ တစ်တပ် တစ်အား ဝိုင်းဝန်းပူးပေါင်းပါဝင်ပေးကြဖို့ အချိန်တန်နေပြီ ဖြစ်ပါတယ်။
ကြည်လင်ပြာလွင့်တဲ့ ကောင်းကင်ယံကို ပြန်လည်ရယူဖို့နဲ့ သန့်ရှင်းလတ်ဆတ်တဲ့ လေထုကို ကျွန်တော်တို့ရဲ့ နောင်လာနောက်သား မျိုးဆက်သစ်တွေအတွက် အမွေအနှစ်အဖြစ် ချန်ရစ်ခဲ့နိုင်ဖို့အတွက် မီးခိုးမြူငွေ့အန္တရာယ် တားဆီးကာကွယ်ရေးကို နိုင်ငံသားတိုင်းက မလွှဲမရှောင်ရမယ့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အခိုင်အမာခံယူကျင့်သုံးကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။ ဒီလိုစုပေါင်းအင်အားနဲ့ ဆောင်ရွက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ အနာဂတ်ကမ္ဘာကြီးဟာ ပိုမိုလှပပြီး ကျန်းမာပျော်ရွှင်ဖွယ်ကောင်းတဲ့ လူနေမှုဝန်းကျင်တစ်ခုအဖြစ် ရေရှည်တည်ရှိနေမှာ ဖြစ်တဲ့အကြောင်း တိုက်တွန်းရေးသားအပ်ပါတယ်။ ။
