Skip to main content

ခရီးသွားအတွေ့အကြုံများမှ စိုက်ပျိုးမွေးမြူရေး၊ သစ်တော၊ ပတ်ဝန်းကျင်နှင့် ဆက်စပ်ဘာသာရပ်များအတွက် အတွေးတစ်စ (အပိုင်း-၂၇)

ကမ္ဘာ့တက္ကသိုလ်များတွင် စိုက်ပျိုးမွေးမြူရေးပညာနှင့် ဆက်စပ်နေသော ဇီဝသိပ္ပံ (သို့မဟုတ်) သက်ရှိသိပ္ပံ အဆင့်မြင့်ပညာကျောင်းကြီးများအကြောင်း

ဒေါက်တာမျိုးကြွယ် (ပါမောက္ခချုပ်-ငြိမ်း)

ဩစတြေးလျနိုင်ငံ စိုက်ပျိုးမွေးမြူရေးက နိုင်ငံတကာ၌ ထိပ်တန်းရောက်နေရခြင်းမှာ စိုက်ပျိုးမွေးမြူရေးပညာ အဆင့်မြင့်ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းပညာရေးတို့ နှစ်စဉ်တိုးတက်ပြောင်းလဲလာမှုအပေါ် မူတည်ပါသည်။ ဩစတြေးလျနိုင်ငံ တက္ကသိုလ်များရှိ စိုက်ပျိုးရေး ပညာသင်ကြား၊ သုတေသနများ ဆောင်ရွက်နေမှုများကို အမိနိုင်ငံအတွက် အုပ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ ဆက်လက်ဆွေးနွေးလိုပါသည်။

ယနေ့ခေတ် နိုင်ငံတကာတက္ကသိုလ်များတွင် ရုက္ခဗေဒနှင့် သတ္တဗေဒဘာသာ၊ ဌာနများကို ပေါင်းပြီး ဇီဝသိပ္ပံများအဆင့်မြင့်ကျောင်း (School of Biological Sciences) သို့မဟုတ် သိပ္ပံမဟာဌာန (Faculty of Science) ဟူ၍ ဌာနအသစ်များ ပြန်လည်တည်ထောင်ကြသည်။ အကြောင်းရင်းမှာ အကျဉ်းချုပ်ဆိုလျှင် ယနေ့ခေတ် ဇီဝသိပ္ပံပညာရပ်များက အပြန်အလှန်ဆက်နွှယ်နေသည့် (Interdisciplinary Disciplines/ Subjects) သဘာဝရှိလာပြီး သင်ကြားရေး၊ သုတေသန၊ ဘဏ္ဍာရေးအမြင်အရလည်း ပေါင်းစည်းဆောင်ရွက်သောစနစ်က ပိုပြီးထိရောက်လာခြင်းကြောင့် ဖြစ်ပါသည်။

(က) ယနေ့ခေတ် ဇီဝဗေဒသည် အပြန်အလှန် ဆက်နွှယ်မှုများပြားလာခြင်း

ယခင်ကကဲ့သို့ အပင်၊ တိရစ္ဆာန်ဟု ခွဲထားရမည့်အချိန်မဟုတ်တော့ပါ။ စိုက်ပျိုးမွေးမြူရေးအပါအဝင် ဂေဟဗေဒ (Ecology) တွင် အပင် – တိရစ္ဆာန် အပြန်အလှန်ဆက်နွှယ်မှုများ ပါလာပါသည်။ ဥပမာ- မော်လီကျူးဆိုင်ရာဇီဝဗေဒ၊ ဗီဇဗေဒ၊ ဆင့်ကဲဖြစ်စဉ်များက အပင် – တိရစ္ဆာန်မခွဲဘဲ အသုံးဝင်ပါသည်။ အဏ္ဏဝါဗေဒ၊ အနုဇီဝဗေဒ၊ ဇီဝဗေဒဆိုင်ရာ ထိန်းသိမ်းရေး စသည့်ဘာသာရပ်များကလည်း အပင်၊ တိရစ္ဆာန် သီးသန့်မခွဲခြားဘဲ ဇီဝသိပ္ပံအဆင့်မြင့်ကျောင်း သို့မဟုတ် သက်ရှိသိပ္ပံအဆင့်မြင့်ကျောင်းဟူ၍ ဘာသာကြီးတစ်ခုတည်း စီမံခန့်ခွဲခြင်းက ပိုပြီး လက်တွေ့ဆန်၊ သဘာဝကျလာပါသည်။

(ခ) သင်တန်းသစ် စနစ်ပြုပြင်မှုနှင့် ကျောင်းသား ကျောင်းသူ ဘွဲ့ရများ အလုပ်အကိုင်လမ်းကြောင်း

ယနေ့ခေတ် ဇီဝသိပ္ပံဘာသာရပ်သင်တန်းများသည် ဓာတ်ခွဲခန်းကျွမ်းကျင်မှုအမျိုးမျိုး ပေါင်းစပ်သင်ကြားခြင်း၊ စူးစမ်းလေ့လာမှု အခြေခံသင်ကြားနည်းစနစ်၊ အချက်အလက်များ စစ်ဆေးခြင်း၊ ဘာသာရပ်ပေါင်းစုံပြဿနာဖြေရှင်းခြင်တို့ လိုအပ်လာပါသည်။

ရုက္ခဗေဒ၊ သတ္တဗေဒဟူ၍ သီးသန့်ဘာသာများ ခွဲထားလျှင် သင်တန်းများ ချိတ်ဆက်ရခက်ပါသည်။ School of Biological Sciences ဟု တစ်ခုတည်း လုပ်ထားခြင်းဖြင့် သင်တန်းများ ပေါင်းစပ်ဖန်တီး သင်ကြား၊ သင်ယူရလွယ်သွားပါသည်။ ကျောင်းသားများ စိတ်ဝင်စားရာ ဘာသာရပ် အထူးပြုဘာသာရပ်များ ပြောင်းရွှေ့သင်ယူရန် ပိုလွယ်လာပါသည်။ အခြေခံဘာသာရပ်များ အတူတူသင်ကြား၊ သင်ယူ ရန် ပိုသင့်တော်လာပါသည်။

စီမံခန့်ခွဲမှုကို ထိရောက်အောင် ဆောင်ရွက်လာနိုင်ခြင်း

တက္ကသိုလ်အများစုမှာ—

- ဘဏ္ဍာရေး အခက်အခဲ၊ ဖိအား၊ ငွေကြေး သုံးစွဲမှု၊

- ဝန်ထမ်း၊ ဆရာ ဆရာမ၊ အလုပ်သမား ခန့်ထားမှု၊

- ဓာတ်ခွဲခန်း၊ ပစ္စည်းကိရိယာများကို မျှဝေသုံးစွဲခြင်းစသည့်အရာများကြောင့် ဌာနများစွာကို ပေါင်းစည်းပေးခြင်း၊ ဌာနတစ်ခုတည်းထားခြင်း၊ ပညာရှင်များ စုပေါင်းဆောင်ရွက်ခြင်းက ပိုမိုထိရောက်ပါသည်။

ဥပမာ- ဩစတြေးလျအမျိုးသားတက္ကသိုလ်က ၂၀၂၄-၂၀၂၅ ခုနှစ် တက္ကသိုလ်ဖွဲ့စည်းပုံ ပြင်ဆင် ပေါင်းစည်းမှုအစီအစဉ်တွင် ဌာနများစွာပေါင်းစည်းပေးမှုကို အထူးအလေးပေးခဲ့ပါသည်။

သုတေသနအရင်းအမြစ်ရန်ပုံငွေများက ဘာသာရပ်အစုံ စုပေါင်းလေ့လာခြင်းကို ပိုနှစ်သက်၊ ဦးစား ပေးလာပါသည်။

အစိုးရအပါအဝင် သုတေသနပေးသော အဖွဲ့အစည်း (Donors/Funding bodies) များက အဖွဲ့ လိုက် ဘာသာရပ်အစုံ ရောနှောသုတေသနပြုမှု၊ ရာသီဥတုပြောင်းလဲခြင်း၊ ဇီဝမျိုးကွဲဆိုင်ရာကိစ္စ၊ ဂျီနုန်းမစ်(Genomics) စသည့် စုပေါင်းဆောင်ရွက်ရမည့် သုတေသနစီမံချက်များ စသည်တို့ကို ပိုမို ထောက်ပံ့လာပါသည်။

သိပ္ပံလောက၏ ယနေ့ခေတ်အမှန်အတိုင်း ကိုယ်စားပြုရန်

ရုက္ခဗေဒ၊ သတ္တဗေဒဟု ခွဲခြားထားခြင်းများက လွန်ခဲ့သည့် ၁၉ ရာစု သင်ကြားရေးစနစ်အမြင်သာ ဖြစ်ပါသည်။ ယနေ့ခေတ်တွင် သိပ္ပံကို

- စနစ်၊

- လုပ်ငန်းစဉ်၊ ဖြစ်စဉ်၊

- လက်ရှိဖြစ်ပေါ်နေသော ပြဿနာများ အလိုက် စီမံဆောင်ရွက်လေ့ရှိကြပါသည်။

ဆောင်းပါး

ဌာနပေါင်းစည်းမှုက ဘာသာရပ်အလုပ်အကိုင်များကို ဘယ်လိုသက်ရောက်သလဲ

ဌာနပေါင်းစည်းမှုများက အလုပ်အကိုင်အပေါ် သက်ရောက်မှု အပြုသဘောမဟုတ်ဘဲ နှစ်မျိုးလုံး ရှိနိုင်ပါသည်။

(က) အလုပ်အကိုင် ရရှိမှုပိုများလာခြင်း

နိုင်ငံတကာ၌ ရုက္ခဗေဒ၊ သတ္တဗေဒဟု တိတိ ကျကျ ခွဲထားသည့် ဘွဲ့ရများထက် ဇီဝသိပ္ပံဘွဲ့ရများ ဆိုလျှင်-

- စိုက်ပျိုးမွေးမြူရေး၊

- ဂေဟဗေဒ၊

- ဗီဇဗေဒ၊

- မော်လီကျူးဆိုင်ရာဇီဝဗေဒ၊

- ပြုပြင်ထိန်းသိမ်းရေး၊

- ပတ်ဝန်းကျင်သိပ္ပံ၊

- သစ်တောပညာ၊

- တောရိုင်းအပင်၊ တိရစ္ဆာန်များ လေ့လာသော သိပ္ပံ စသည့်အလုပ်အကိုင်အခွင့်အရေး အများကြီးကို ဝင်ရောက်လုပ်နိုင်ပါသည်။

(ခ) ဘာသာရပ်စုံကျွမ်းကျင်မှု ရှိခြင်း

ဘာသာစုံကျွမ်းကျင်မှုများရှိလာသဖြင့် အလုပ် ရှာရပိုလွယ်ပါသည်။ ယနေ့ခေတ် အလုပ်အကိုင်သဘောအရ အပင်သီးသန့်၊ တိရစ္ဆာန်သီးသန့် မလိုအပ်တော့ပါ။

အလုပ်ရှင်၊ အလုပ်ပေးမည့်သူများက

- အချက်အလက် ကိန်းဂဏန်းများစိစစ်ခြင်း၊

- ဓာတ်ခွဲခန်းစနစ်များ၊

- ကွင်းလုပ်ငန်းဆိုင်ရာ ဂေဟဗေဒ၊

- မော်လီကျူးဆိုင်ရာ ကိရိယာများ၊

- ပထဝီ အချက်အလက်ပညာ၊

- ဇီဝအချက်အလက်ပညာ စသည်တို့ကဲ့သို့ ဘာသာရပ်ပေါင်းစုံ ကျွမ်းကျင်မှုပညာရှင် များစွာ လိုပါသည်။

ဇီဝသိပ္ပံကျောင်းဆင်းဘွဲ့ရများက ထိုကျွမ်းကျင် မှုများကို ပေါင်းစပ်သင်ကြားထားလေ့ရှိပါသည်။

(ဂ)     သုတေသနအလုပ်အကိုင်အတွက် ပိုအဆင် ပြေခြင်း

သုတေသနလုပ်ငန်းများက ဘာသာစုံအဖွဲ့ကို ပိုနှစ်သက်၍ ဌာနများပေါင်းစည်းမှုက တက္ကသိုလ် တစ်ကျောင်းတည်း ရုက္ခပညာရှင် + သတ္တပညာရှင် + အနုဇီဝပညာရှင် + ဂေဟပညာရှင် + ထိန်းသိမ်းရေး ပညာရှင် + ရာသီဥတုသိပ္ပံပညာရှင် + ဂျီနုန်းကျွမ်းကျင်သူစသည်တို့ကဲ့သို့ အဖွဲ့များ ဖွဲ့ရလွယ်ကူစေ၊ ပေါင်းစပ်သုတေသနပြုရန် လွယ်ကူစေပါသည်။

စာရေးသူ၏ အတွေး

စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်များအပါအဝင် မြန်မာနိုင်ငံတက္ကသိုလ်များတွင် ဌာနမှူး၊ ပါမောက္ခ၊ သီးသန့်ဌာနအသစ်စသည်ဖြင့် ဆရာ ဆရာမ၊ ဝန်ထမ်းများ အငြိမ်းစားမယူမချင်း အသေဆုပ်ကိုင် ထားသည့်စနစ်မှာ လွန်ခဲ့သည့် နှစ် ၃၀-၄၀ ကတည်းက ကျင့်သုံးနေသော စနစ်များဖြစ်နေပါသည်။ စာရေးသူအမြင်တွင် ခေတ်မမီ၊ ခေတ်နောက်ပြန်ဆွဲနေသော စနစ်များသာဖြစ်နေ၍ မူဝါဒချမှတ်မည့်သူများက နိုင်ငံတကာတက္ကသိုလ်များ ဖွဲ့စည်းပုံ၊ နှစ်စဉ်ပြုပြင်ပြောင်းလဲနေမှုကို မျက်ခြည်မပြတ် ကြည့်ရှုပြီး အမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲဆောင်ရွက်နိုင်ကြပါစေဟူ၍ ဆန္ဒပြုလိုက်ရပါသည်။ ။