Skip to main content

ခရီးသွားအတွေ့အကြုံများမှ စိုက်ပျိုးမွေးမြူရေး၊ သစ်တော၊ ပတ်ဝန်းကျင်နှင့် ဆက်စပ်ဘာသာရပ်များအတွက် အတွေးတစ်စ (အပိုင်း-၂၉)

ကမ္ဘာ့နာမည်ကြီး ဘက်စုံသင်တက္ကသိုလ်များ

ဒေါက်တာမျိုးကြွယ်

(ပါမောက္ခချုပ် - ငြိမ်း)

ဩစတြေးလျနိုင်ငံ စိုက်ပျိုးမွေးမြူရေးကဏ္ဍ နိုင်ငံတကာတွင် ထိပ်တန်းရောက်နေရခြင်းသည် စိုက်ပျိုးမွေးမြူရေးပညာ အဆင့်မြင့်ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းပညာရေးတို့ နှစ်စဉ်တိုးတက်ပြောင်းလဲလာမှုအပေါ် မူတည်ပါသည်။ ထိုနိုင်ငံတက္ကသိုလ်များရှိ စိုက်ပျိုးမွေးမြူရေးပညာ သင်ကြား၊ သုတေသနများ ဆောင်ရွက်နေမှုတို့ကို အမိနိုင်ငံအတွက် အုပ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ ဆက်လက်ဆွေးနွေးလိုပါသည်။

ဘက်စုံသင်တက္ကသိုလ်ဆိုသည်မှာ ပညာရပ်မျိုးစုံ၊ သုတေသနလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းပညာများ၊ နည်းပညာများနှင့် လူမှုဝန်ဆောင်မှုလုပ်ငန်းများကို တက္ကသိုလ်တစ်ခုအတွင်း ပေါင်းစည်းဖွင့်လှစ်၊ သင်ကြား၊ သုတေသနပြုနေသော အဆင့်မြင့်ပညာရေးအဖွဲ့အစည်းကို ဆိုလိုပါသည်။

ဥပမာအားဖြင့် ကမ္ဘာကျော် ဘက်စုံသင်တက္ကသိုလ်များမှာ - ဟားဗတ်တက္ကသိုလ် အမေရိကန်နိုင်ငံ (Harvard University, US)၊ အောက်စ်ဖို့ တက္ကသိုလ်၊ ယူကေ (University of Oxford, United Kingdom)၊ တိုကျိုတက္ကသိုလ်၊ ဂျပန်နိုင်ငံ (University of Tokyo, Japan)၊ စင်ကာပူအမျိုးသားတက္ကသိုလ်၊ စင်ကာပူနိုင်ငံ (National University of Singapore, Singapore)၊ ကွင်းစလန်တက္ကသိုလ်၊ ဩစတြေးလျနိုင်ငံ (University of Queensland, Australia) တို့ ဖြစ်ကြပါသည်။

ဤတက္ကသိုလ်များသည် သင်ကြားရေး၊ သုတေသန၊ ဆန်းသစ်တီထွင်မှု၊ အသက်မွေးဝမ်းကျောင်း ပညာရေး၊ လူမှုဝန်ဆောင်မှု၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတို့ကို အားကောင်းစွာ ဆောင်ရွက်နိုင် သောကြောင့် ကမ္ဘာအနှံ့ ကျော်ကြားကြပါသည်။

ဘက်စုံသင်တက္ကသိုလ်များ၏ အဓိကလက္ခဏာများ

၁။ ပညာရပ်မျိုးစုံရှိခြင်း။ ဘက်စုံတက္ကသိုလ်များတွင် စိုက်ပျိုးမွေးမြူရေး၊ အင်ဂျင်နီယာ၊ ဆေးပညာ၊ တိရစ္ဆာန်ဆေးပညာ၊ စီးပွားရေး၊ ပညာရေး၊ သတင်းအချက်အလက်နည်းပညာ၊ ပတ်ဝန်းကျင်သိပ္ပံ၊ ဂီတ၊ ဝိဇ္ဇာ၊ အနုပညာနှင့် လူမှုသိပ္ပံ၊ ဥပဒေ၊ သဘာဝသိပ္ပံစသည်တို့ဖြစ်ပြီး ကျောင်းသား ကျောင်းသူများသည် တက္ကသိုလ်တစ်ခုအတွင်း ပညာရပ်မျိုးစုံကို လေ့လာ နိုင်သည်။

၂။ ဘွဲ့ဒီဂရီအဆင့်အမျိုးမျိုး ဖွင့်လှစ်ထားခြင်း။ ဘက်စုံတက္ကသိုလ်များတွင် ဒီပလိုမာ၊ ဘွဲ့ကြိုဒီဂရီ၊ ဘွဲ့လွန်မဟာဒီဂရီ၊ ပါရဂူဘွဲ့ဒီဂရီ၊ အသက်မွေးဝမ်းကျောင်းလက်မှတ်ရသင်တန်း (Professional Certificate) ၊ စဉ်ဆက်မပြတ် ပညာရေး၊ ဘဝတစ်သက်တာပညာရေး စသည့်အဆင့်အမျိုးမျိုးကို သင်ကြားပေးပါသည်။ ထို့ကြောင့် လူတစ်ဦး၏ ဘဝတစ်လျှောက်လုံး ပညာဆက်လက်သင်ယူနိုင် စေပါသည်။

၃။ သုတေသနပညာ အားကောင်းခြင်း။ ဤတက္ကသိုလ်များက ဥပမာ - သိပ္ပံသုတေသန၊ စိုက်ပျိုး ရေးသုတေသန၊ စက်မှုလယ်ယာနှင့် ရေသွင်းနည်း ပညာသုတေသန၊ သီးနှံများ ကြိတ်ခွဲခြင်းနှင့် ရိတ် သိမ်းခြင်းဆိုင်ရာ သုတေသန၊ ဆေးဘက်ဆိုင်ရာ သုတေသန၊ ရာသီဥတုပြောင်းလဲမှုသုတေသန၊ နည်းပညာတီထွင်မှု၊ လူမှုစီးပွားရေးသုတေသန၊ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု စသည်တို့ကို ဆောင်ရွက်နေကြပါသည်။

ဤသုတေသနများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးကြီးပါသည်။ စုစုပေါင်း ဘွဲ့ကြို၊ ဘွဲ့လွန်၊ ပြည်တွင်း ပြည်ပ ကျောင်းသား ကျောင်းသူဦးရေ နှစ်သောင်းနှင့်အထက်ရှိပြီး ဘွဲ့လွန်အရေအတွက်က စုစုပေါင်းကျောင်းသားများ၏ သုံးပုံ တစ်ပုံအထက် ရှိလေ့ရှိပါသည်။ (တစ်နည်းအားဖြင့် သုတေသနဦးစားပေးထားသော တက္ကသိုလ် Research - focused/Research-based University ဖြစ်ပါသည်။) ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဩစတြေးလျနိုင်ငံ ဆစ်ဒနီတက္ကသိုလ်တွင် စုစုပေါင်းကျောင်းသား ဦးရေ ခုနစ်သောင်းကျော်အနက် ဘွဲ့လွန်ကျောင်းသား ကျောင်းသူ သုံးသောင်းနီးပါးက သုတေသနပြု လေ့လာလျက်ရှိနေပါသည်။

၄။ ပညာရပ်ပေါင်းစုံပူးပေါင်းသင်ကြားမှု။ ဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြသည်။ ဥပမာ- စိုက်ပျိုးရေး + ရာသီဥတုသိပ္ပံ၊ ဇီဝနည်းပညာ (Biotechnology) + ဆေးပညာ၊ ဉာဏ်ရည်တု + အင်ဂျင်နီယာပညာ၊ စီးပွားရေး + ပတ်ဝန်းကျင်ပညာ။ ဤပေါင်းစပ်ပညာရပ်များက ကမ္ဘာ့ပြဿနာများကို ဖြေရှင်းရာတွင် အထောက်အကူဖြစ်စေပါသည်။

၅။ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု။ ကမ္ဘာကျော် ဘက်စုံသင်တက္ကသိုလ်များသည် ကျောင်းသား ကျောင်းသူများ အပြန်အလှန်လဲလှယ် သင်ကြား၊ သုတေသနပြုလုပ်နိုင်မှု၊ တက္ကသိုလ်အချင်းချင်း ပူးတွဲသုတေသနများ၊ နိုင်ငံတကာပညာရှင်များ ဖိတ်ခေါ်သင်ကြား၊ သုတေသနပြုစေမှု၊ နိုင်ငံတကာ ပညာရပ်ဂျာနယ်များ ထုတ်ဝေမှု၊ ကမ္ဘာ့အဆင့်မြင့်ပညာရေးကွန်ရက်များတွင် ပါဝင်မှုများကို ဆောင်ရွက်ကြပါသည်။

၆။ အခြေခံအဆောက်အအုံများနှင့် အထောက်အကူပြုစနစ်ကြီးမားခြင်း။ အများအားဖြင့် ကမ္ဘာ့အဆင့်မီ စာကြည့်တိုက်ကြီးများ၊ သုတေသနဓာတ်ခွဲခန်းများ၊ နိုင်ငံအနှံ့ ဒေသ၊ ရေမြေ၊ ရာသီဥတုမတူညီသော နေရာများတွင် နယ်မြေခွဲ၊ စမ်းသပ်စိုက်ခင်းများ၊ သင်ကြားရေးဆေးရုံများ၊ တီထွင်သုတေသနနေရာ၊ သီးသန့်အဆောက်အအုံများ၊ ပြတိုက်များ၊ အားကစားကွင်းများ၊ သီးသန့်အနုပညာ၊ ဂီတအဆောက်အအုံများ၊ ဒီဂျစ်တယ်လေ့လာရန်စနစ်များ၊ ကျောင်းသား ကျောင်းသူ၊ ဆရာ၊ သုတေသနပညာရှင်သုံး ကွန်ပျူတာအခန်းများ၊ စာရေးကိရိယာရောင်းချသောဆိုင်၊ အစားအစာ၊ ကော်ဖီဆိုင်နှင့် အပန်းဖြေအခန်းများစသည်ဖြင့် စုံလင်လှပါသည်။

ဘာကြောင့် ကမ္ဘာကျော်ပြီး နာမည်ကြီးသလဲ

၁။ ပညာရေးအရည်အသွေးမြင့်မားခြင်း။ ထူးချွန်သော ပါမောက္ခများ၊ သုတေသနပညာရှင်များ၊ ကျောင်းသား ကျောင်းသူများစွာကို ဆွဲဆောင်နိုင် ပါသည်။

၂။ သုတေသနဆောင်ရွက်၊ ထုတ်လုပ်မှုအားကောင်းခြင်း။ ဤနိုင်ငံတကာဘက်စုံသင်တက္ကသိုလ်များမှ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေး အကျိုးပြုသုတေသန စာတမ်းများ၊ သိပ္ပံရှာဖွေတွေ့ရှိမှုများ၊ နည်းပညာအသစ်များ၊ ဆေးဝါးနှင့် ကာကွယ်ဆေးများ ထွက်ပေါ်လာကြပါသည်။

၃။ ကျွမ်းကျင်လူသားအင်အား / ပညာရှင်များ မွေးထုတ်ပေးနိုင်ခြင်း။ ကမ္ဘာကျော်သိပ္ပံပညာရှင်များ၊ အင်ဂျင်နီယာများ၊ ဆရာဝန်များ၊ ထူးချွန်ဆရာ ဆရာမများ၊ စိုက်ပျိုးမွေးမြူရေးပညာရှင်များ၊ အစိုးရခေါင်းဆောင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များစွာ ထွက်ပေါ်လာကြသည်။ ဥပမာ - အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားသည် အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်၊ ပါကစ္စတန်မှ အမျိုးသမီးငယ် မာလာလာယိုဆက်ဇိုင်သည် ယူကေနိုင်ငံ အောက်စ်ဖို့ တက္ကသိုလ်၊ ကမ္ဘာကျော် စိမ်းရောင်တော်လှန်ရေး၊ နိုဘယ်ဆုပညာရှင် ဒေါက်တာနိုမာန်ဘော့လော့သည် အမေရိကန်နိုင်ငံ မနီဆိုတာတက္ကသိုလ်၊ အိန္ဒိယမှ ဆန်စပါးစိုက်ပျိုးရေးပညာရှင် ဒေါက်တာ ဆွာမိနာသန်သည် အိန္ဒိယစိုက်ပျိုးရေးသုတေသနတက္ကသိုလ်၊ နယ်သာလန်နိုင်ငံ ဗာဂန်နိဂန် သုတေသနတက္ကသိုလ်နှင့် ယူကေနိုင်ငံ ကိန်းဘရစ်တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့သူများဖြစ်ပါ သည်။

၄။ ဆန်းသစ်တီထွင်မှုနှင့် နည်းပညာဖွံ့ဖြိုးမှုရှိ ခြင်း။ ကမ္ဘာကို ပြောင်းလဲစေသော နည်းပညာများစွာ ဥပမာ- အင်တာနက်နည်းပညာ၊ ဉာဏ်ရည်တု၊ စိုက်ပျိုးရေးဆိုင်ရာ ဇီဝနည်းပညာ၊ သီးနှံမျိုးကောင်း မျိုးသန့်များ၊ ရောဂါကာကွယ်ဆေးနှင့် ဆေးဝါးများသည် ဤဘက်စုံသင်တက္ကသိုလ်များမှ စတင် ပေါ်ပေါက်လာပါသည်။

၅။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါနေခြင်း။ ဘက်စုံသင်တက္ကသိုလ်များသည် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် စိုက်ပျိုးမွေးမြူရေး နည်းပညာများတိုးတက်ရေး၊ စက်မှုဖွံ့ဖြိုးရေး၊ ပြည်သူ့ကျန်းမာရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စီးပွားရေးတိုးတက်မှုတို့ကို အထောက်အကူပြုပါသည်။

၆။ ကမ္ဘာ့အဆင့်သတ်မှတ်ချက်နှင့် တက္ကသိုလ်ဂုဏ်သတင်းမွှေးနေခြင်း။ တက္ကသိုလ်များ၏ နာမည်ကျော်ကြားမှုသည် သုတေသနအရည်အသွေး၊ နိုင်ငံတကာသုတေသနစာတမ်းများ ထုတ်ဝေမှု၊ နိုဘယ်ဆုရရှိသူများ၊ တက္ကသိုလ်ဘွဲ့ရများက အလုပ်အကိုင်ရရှိနိုင်မှု၊ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုတို့အပေါ် မူတည်သည်။ ဥပမာ- ကျူအက်စ် ကမ္ဘာ့အဆင့်သတ်မှတ်ခြင်း (QS World University Rankings) တိုင်းအဆင့်မြင့်ပညာရေး (THE-Times Higher Education) တို့သည် ကမ္ဘာ့ တက္ကသိုလ်များကို အဆင့်သတ်မှတ်ပေးကြသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အရေးပါမှု။ မြန်မာနိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဘက်စုံသင် တက္ကသိုလ်များသည် ကျွမ်းကျင်လူသား၊ ပညာရှင်အင်အား ထုတ်ပေးနိုင်ခြင်း၊ အစားအစာလုံခြုံရေး၊ စိုက်ပျိုးရေး နည်းပညာတိုးတက်ရေး၊ ဆရာနှင့် သုတေသနပညာရှင်များ မွေးထုတ်ပေးနိုင်ခြင်း၊ စက်မှုဖွံ့ဖြိုးရေး၊ ရာသီဥတုလိုက်လျောညီထွေမှု၊ နိုင်ငံ၏ ဆန်းသစ်တီထွင်မှုစနစ် အားကောင်းလာ နိုင်ခြင်းတို့အတွက် အလွန်အရေးကြီးပါသည်။

ကြုံတွေ့ရသောစိန်ခေါ်မှုများ။ ဘက်စုံသင်တက္ကသိုလ်များ တည်ထောင်ရာတွင် ဘဏ္ဍာငွေ မလုံလောက်မှု၊ ဦးနှောက်ယိုစီးမှု၊ သုတေသနအခြေခံ အဆောက်အအုံများ အားနည်းမှု၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနည်းခြင်း၊ ခေတ်မီဓာတ်ခွဲခန်းများ တည်ထောင်ပေးနိုင်မှု၊ ဒီဂျစ်တယ်နည်းပညာ အားနည်းမှုနှင့် စီးပွားရေးဖိအားများကို ကြုံတွေ့ရနိုင်ပါသည်။ ဝန်ကြီးဌာန၊ ဦးစီးဌာနများမှ ဗဟို ချုပ်ကိုင်မှုကို လျှော့ချသောစနစ်နှင့် တက္ကသိုလ် ဆီးနိတ်/ကောင်စီကဲ့သို့ လွတ်လပ်သောအဖွဲ့အစည်း များက ကြပ်မတ်ထိန်းကျောင်းပေးသည့် တက္ကသိုလ် ပုံစံသာ ဖြစ်ရပါမည်။

စာရေးသူ၏ အတွေး

အနာဂတ်တွင် ဘက်စုံသင်တက္ကသိုလ်များသည် ဒီဂျစ်တယ်ပညာရေး၊ ဉာဏ်ရည်တုအခြေပြု လေ့လာရေး၊ ရာသီဥတုအခြေခံသုတေသန၊ ရေရှည်တည်တံ့ဖွံ့ဖြိုးနိုင်သော စိုက်ပျိုးမွေးမြူရေး၊ စိမ်းလန်းလှပသော၊ ပတ်ဝန်းကျင်ပျက်စီးမှု နည်းပါးစေသော တက္ကသိုလ်နယ်မြေများ၊ အွန်လိုင်းဖြင့် နိုင်ငံတကာဆက်သွယ်ရေး၊ ပုဂ္ဂလိကအဖွဲ့အစည်းနှင့် တက္ကသိုလ်များပူးတွဲဆောင်ရွက်မှုများသို့ ဦးတည်လာမည်ဖြစ် ပါသည်။

သို့သော် တက္ကသိုလ်အားလုံး တစ်ပြိုင်နက်ဆောင်ရွက်ရန်မလိုဘဲ ယခင်က အရှေ့တောင်အာရှနိုင်ငံများ၊ အာဖရိကနိုင်ငံ တချို့ကပါ စိုက်ပျိုးရေးနှင့် သစ်တောပညာကို မြန်မာနိုင်ငံသို့ လာရောက် သင်ကြားခဲ့သည့် (၁၉၆၂ ခုနှစ်မတိုင်ခင်က မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ သစ်တောပညာ၊ အာဖရိကနိုင်ငံတစ်ခုမှ စိုက်ပျိုးရေးပညာ မြန်မာနိုင်ငံသို့ လာရောက်သင်ကြားခဲ့သည့်) သမိုင်းမှတ်တမ်းများ ရှိပါသည်။ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ နေပြည်တော်ရေဆင်း တက္ကသိုလ်များ၊ သုတေသနဌာနများ အစုအဖွဲ့စနစ်များ (နယ်သာလန်နိုင်ငံ ဗာဂန်နိဂန်တက္ကသိုလ်နှင့် သုတေသနများ ပူးပေါင်းပြီး သုတေသနတက္ကသိုလ်ပြုလုပ်သည့်ပုံစံ (Netherland WUR– Wegeningen University & Research Model) စတင်စမ်းသပ်ဆောင်ရွက်ကြည့်လျှင် ဘယ်လိုဖြစ်မလဲ။ (Pilot Project)။ ဒါက စာရေးသူ၏ အတွေးပါ။ ။