Skip to main content

မြင်ရသည်က ဂိမ်း၊ မမြင်ရသည်က ထောင်ချောက်

မောင်သာယာ

အွန်လိုင်းစလော့ဂိမ်းလောင်းကစားများသည် ယနေ့ခေတ်တွင် “ဖျော်ဖြေရေး” သို့မဟုတ် “ဂိမ်း” အဖြစ် လူအများ၏ လက်ဖဝါးထဲက ဖုန်းမျက်နှာပြင်ပေါ်သို့ တိတ်တဆိတ် ဝင်ရောက်လာနေသည်။ သို့သော် ထိုမျက်နှာပြင်ပေါ်တွင် လူတစ်ယောက်၏ ငွေကြေး၊ စိတ်ဓာတ်နှင့် အနာဂတ်ကို တဖြည်းဖြည်းပျက်စီးသွားစေနိုင်သည့် ထောင်ချောက်တစ်ခုရှိနေသည်ကို လူအများသတိမထားမိကြပေ။

ယခင်က လောင်းကစားဆိုသည်မှာ ဖဲဝိုင်းများ၊ ဂျင်ဝိုင်းများ၊ ဘောလုံးဒိုင်များနှင့် နှစ်လုံး၊ သုံးလုံး ချဲဒိုင်များကိုသာ ဆက်စပ်၍မြင်ခဲ့ကြသည်။ ယနေ့ခေတ်တွင်မူ ထိုပုံစံသည် ပြောင်းလဲသွားပြီး လက်ကိုင်ဖုန်းတစ်လုံးဖြင့် အချိန်မရွေးဝင်ရောက်နိုင်သည့် အွန်လိုင်းပုံစံသို့ ရောက်ရှိလာခဲ့သည်။ ထို့ကြောင့် လူငယ်၊ လူကြီး၊ ကျောင်းသား၊ ဝန်ထမ်း၊  စီးပွားရေးလုပ်ငန်းရှင်၊ စျေးသည်နှင့် အခြေခံလူတန်းစားများအထိ ပါဝင်နေသည်။

အွန်လိုင်းလောင်းကစားမှုများနှင့်ပတ်သက်၍ ၂၀၂၄ ခုနှစ်တွင် အမှု ၂၆ မှု၊ တရားခံ ၁၂၂ ဦး၊ ၂၀၂၅ ခုနှစ်တွင် အမှု ၄၄ မှု၊ တရားခံ ၃၇၀ နှင့် ၂၀၂၆ ခုနှစ်တွင် အမှု ၁၀၂ မှု၊ တရားခံ ၁၅၂ ဦးတို့ကို အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ထို့ပြင် ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဧပြီလအထိ တရားမဝင် အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်နှင့် အသုံးချဆော့ဖ်ဝဲ ၁၀၂ ခုကို ပိတ်ပင်ခဲ့ပြီး လူမှုကွန်ရက်ဝန်ဆောင်မှုများပေါ်ရှိ လောင်းကစားနှင့်ဆက်စပ်သည့် လမ်းကြောင်း ၈၇၈ ခုနှင့် အကောင့် ၄၉၈ ခုကို ပိတ်သိမ်းခဲ့ကြောင်း၊ လောင်းကစားလုပ်ငန်းများနှင့် ဆက်စပ်အသုံးပြုနေသည့် ဆင်းကတ် ၁၄၀၄၀၉ ခုကိုလည်း ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

ဤအချက်အလက်များက အွန်လိုင်းလောင်းကစားသည် သာမန် “ကစားပွဲ” တစ်ခုအဆင့်ကို ကျော်လွန်နေပြီဖြစ်ကြောင်း ဖော်ပြနေသည်။ လူမှုကွန်ရက်များ၊ ဆက်သွယ်ရေးနည်းပညာများနှင့် ချိတ်ဆက်ကာ စနစ်တကျ ပျံ့နှံ့နေသော လူမှုရေးပြဿနာတစ်ခုဖြစ်လာနေသည်။

အထူးသဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေးဖိအားများ၊ အလုပ်အကိုင် အခက်အခဲများနှင့် လက်ကိုင်ဖုန်း၊ အင်တာနက်အသုံးပြုမှုပိုမိုလွယ်ကူလာခြင်းတို့ကြောင့် အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းဂိမ်းလောင်းကစားများသည် လူငယ်များအတွက် “မြန်မြန်ငွေရှာနိုင်မည့် လမ်းကြောင်းတစ်ခု” သဖွယ် ဖြစ်လာနေသည်။

လောင်းကစားလုပ်သူအချို့က “ငါ့ဘာသာ ထိန်းနိုင်တယ်” ဟုထင်ကြသည်။ သို့သော် အမှန်တကယ်တွင် တစ်ဖက်၌ အသုံးပြုသူ၏ အပြုအမူကို လေ့လာကာ ဆက်လက်ကစားစေရန် စနစ်တကျဖန်တီးထားသည့် ဆွဲဆောင်မှုများရှိနေသည်ကို မမြင်မိကြပေ။ အစပိုင်းတွင် အနိုင်ရသလို ခံစားရစေတတ်သည်။ ငွေလွယ်လွယ်ရနိုင်သလို ထင်မှတ်စေတတ်သည်။ “ဒီတစ်ခါနိုင်ရင် ပြန်ရမည်” ဟူသော မျှော်လင့်ချက်ကို ဆက်လက် အသက်ရှင်နေစေတတ်သည်။

သို့သော် အမှန်တကယ်တွင် လူအများစုရင်ဆိုင်လာရသည်မှာ အနိုင်မဟုတ်ဘဲ ထောင်ချောက်တစ်ခုထဲသို့တိုးဝင်နေမိခြင်းသာဖြစ်သည်။ အကြွေးများ တဖြည်းဖြည်း တိုးလာသည်။ မိသားစုအတွင်းပြဿနာများ ဖြစ်ပေါ်လာသည်။ ကျောင်းပျက်ခြင်း၊ အလုပ်ပျက်ခြင်းများ ဖြစ်လာသည်။ စိတ်ဖိစီးမှုများလာပြီး ဒေါသထွက်လွယ်လာသည်။ ထို့အပြင် ရှုံးနိမ့်မှုများကြားမှပင် “နောက်တစ်ခါနိုင်ရင် ပြန်ရမည်” ဟူသော စိတ်ဖြင့် ထပ်မံဝင်ရောက်မိရာမှ လူအများစုသည် သတိမထားမိဘဲ ထောင်ချောက်ထဲသို့ တိုးဝင်သွားကြသည်။ ရုန်းမထွက်နိုင်ဘဲဖြစ်ကြရသည်။

အထူးသဖြင့် အွန်လိုင်းပုံစံဖြစ်လာခြင်းကြောင့် အန္တရာယ်သည် ပိုမိုကြီးမားလာသည်။ အချိန်မရွေးဝင်ရောက်နိုင်သည်။ အိမ်ထဲတွင်ထိုင်နေရင်း လုပ်နိုင်သည်။ မိသားစုမသိဘဲ ဆက်လုပ်နိုင်သည်။ ရှုံးနိမ့်နေသည်ကိုပင် ဖုံးကွယ်ထားနိုင်သည်။ ထို့အပြင် ငွေကြေးသည် လက်ထဲမှ တိုက်ရိုက်ထွက်သွားသည့် ခံစားချက်မရှိဘဲ ဖုန်းမျက်နှာပြင်ပေါ်ရှိ ဂဏန်းများအဖြစ်သာ မြင်ရသဖြင့် “တကယ်မဆုံးရှုံးသေးဘူး” ဟု ထင်မှတ် လွယ်စေသည်။

ထိုအချက်များကြောင့် လူများသည် ယခင်ကထက် ပို၍လွယ်ကူစွာ နစ်ဝင်လာကြသည်။ အကျိုးဆက်မှာ ငွေကြေးဆုံးရှုံးမှုတစ်ခုတည်း မဟုတ်ပေ။ မိသားစုဆက်ဆံရေး ပျက်စီးမှု၊ စိတ်ဖိစီးမှု၊ အလုပ်အကိုင်ထိခိုက်မှုနှင့် လူမှုဘဝပြိုကွဲမှုများအထိ ဆက်လက်ဖြစ်ပေါ်လာနိုင်သည်။ လက်ရှိတွင် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများကို ပိုမိုထိရောက်စွာ အရေးယူနိုင်ရန် “အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေမူကြမ်း” ကို လွှတ်တော်သို့ တင်သွင်းထားပြီးဖြစ်ကြောင်း သိရသည်။

သို့သော် ဥပဒေတစ်ခုတည်းနှင့် မလုံလောက်နိုင်ပါ။ လူမှုအသိပညာပေးမှု၊ မိသားစုစောင့်ကြည့်မှုနှင့် လူငယ်များအတွက် မှန်ကန်သော အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်းတို့လည်း လိုအပ်နေသည်။ လက်ဖဝါးထဲက ဂိမ်းတစ်ခုဟု ထင်ရသော်လည်း သတိမထားမိချိန်တွင်ပင် လူတစ်ယောက်၏ ဘဝတစ်ခုလုံးကို ဆွဲငင်သွားနိုင်သည့် ထောင်ချောက်တစ်ခုဖြစ်နေကြောင်း ယနေ့လူမှုအသိုင်း အဝိုင်းတစ်ခုလုံး သတိပြုရမည့်အချိန်ရောက်နေပြီဖြစ်သည်။ ။