မြေဆီစိုခိုက် ထာဝရဇရပ်တွေ စိုက်ကြပါစို့
ဒေါက်တာမောင်သင်း
အပင်သည် ကျွန်ုပ်တို့အား
အစားအစာ၊ အမိုး၊ အကာ၊ အိုးအိမ်၊ အသုံးအဆောင်နှင့်
အဝတ်အထည်ကို ပေး၏။
အသီး၊ အရွက်၊ အမြစ်၊ အခေါက်၊ သစ်ဥတို့အား
ဆေးဝါးအဖြစ်လည်း သုံးခွင့်ပြုပြန်သေးသည်။
ထို့အပြင်
မိမိအား ခုတ်၊ လှဲ၊ သတ်၊ မီးရှို့ဖျက်ဆီးခဲ့လျှင်လည်း
ရန်တုံ့မူခြင်း အလျဉ်းမရှိ
သည်းခံတရားအား ကျွန်ုပ်တို့ကို ပေးပြန်သည်။
ဤသည်ကား
အပင်များ၏ ကျွန်ုပ်တို့အပေါ်တွင် ထားရှိသည့်
ကြီးမားမွန်မြတ်သော ကျေးဇူးတရားပေတည်း။
(မြတ်ဗုဒ္ဓ)
လူသားတွေ ဘာကြောင့်သစ်ပင်စိုက်ပျိုးသင့်ပါသလဲ
၁၃-၆-၂၀၂၆ ရက်နေ့က ပထမအကြိမ်အဖြစ် နိုင်ငံတော်သမ္မတကြီး ဦးဆောင်ပြီး တစ်နိုင်ငံလုံးတွင် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း သစ်ပင်ပေါင်း ၈၀၅၂၀ ကို စိုက်ပျိုးခဲ့ပါသည်။ ဒုတိယအကြိမ်ကို ၂၅-၆-၂၀၂၆ ရက်နေ့တွင် နိုင်ငံတော်သမ္မတကြီးကပင် ဦးဆောင်ကျင်းပခဲ့ကာ သစ်ပင် ၃၀၀၀ ကို နေပြည်တော်၌ စိုက်ပျိုးခဲ့ပါသည်။ ယခုနှစ်တွင် သစ်ပင်ပေါင်း ၂၁ ဒသမ ၃၆ သန်းကို ရှင်သန်အောင် စိုက်ပျိုးသွားကာ နှစ်စဉ်တိုးတက်စိုက်ပျိုး၍ နိုင်ငံဧရိယာ၏ ၅၀ ရာခိုင်နှုန်းကျော် သစ်တောဖုံးလွှမ်းစေရန် ရည်မှန်းချက်ထားရှိပါသည်။ အဆိုပါရည်မှန်းချက် အောင်မြင်ရန်အတွက် “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းစို့” ဟူသည့် မူဝါဒဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပါသည်။
ဘာကြောင့်များ လူသားတွေ သစ်ပင်စိုက်ရပါသလဲ။ အကြမ်းဖျင်း ဖြေဆိုရလျှင် သာယာဖို့၊ အသက်ရှင်ဖို့၊ ကျန်းမာသက်ရှည်ဖို့၊ စားနပ်ရိက္ခာဖူလုံဖို့၊ သဘာဝဘေးတွေ ကင်းဝေးဖို့… စသည်ဖြင့် အားလုံး ရေရှည်ကောင်းကျိုးခံစားရဖို့ပါ။ ကမ္ဘာနှင့်ချီပြောရလျှင် ဤကမ္ဘာကို ကယ်တင်ဖို့ပါ။ ဂြိုဟ်ကြီးရှစ်လုံးတွင် ကမ္ဘာဂြိုဟ်ဟာ တစ်ခုတည်းသော အစိမ်းရောင်ဂြိုဟ် (Green Planet) ပါ၊ ပြီးတော့လည်း သက်ရှိတွေ ရှင်သန်နိုင်သည့် ဂြိုဟ်လည်းဖြစ်ပါသည်။ ဘာကြောင့်လဲဆိုတော့ သက်ရှိများ ရှင်သန်နိုင်သည့် သင့်တင့်မျှတသည့် အပူချိန်ရှိလို့ပါ။ ပူလွန်းခြင်း၊ အေးလွန်းခြင်း ကင်းလို့ပါပဲ။ ထိုသို့ သက်ရှိများ နေထိုင်အသက်ရှင်နိုင်သည့် အပူချိန် (Life Zone Temperature) ဖြစ်အောင်နှင့် အစိမ်းရောင်ဂြိုဟ်ဖြစ်အောင် ဖန်တီးပေးထားခြင်းက အပင်များဖြစ်ပါသည်။ အပင်ရှိ၍ အစိမ်းရောင်ကမ္ဘာ၊ အပင်ရှိ၍ လူနှင့်သက်ရှိများ ရှင်သန်နိုင်ကြသည်မို့ အမြော်အမြင်ကြီးသည့် နိုင်ငံ့အကြီးအကဲက ဦးဆောင်ပြီး မြန်မာနိုင်ငံသားများနှင့် သက်ရှိများ ဆက်လက်ရှင်သန်ရေး မြော်တွေးပြီး သစ်ပင်စိုက်နေကြတာပါ။
ဗုဒ္ဓမြင်သည့် အပင်တို့၏ ကျေးဇူးတရား
ဤဆောင်းပါးအစတွင် ဖော်ပြခဲ့သော ကျေးဇူးတရားများသည် လူသားများအပေါ် အပင်များ၏ ကျေးဇူးတရားကြီးမားပုံကို မြတ်စွာဘုရားကိုယ်တော်တိုင် ချီးကျူးထားသည့် စကားရပ်လေးပါ။ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့၏ တစ်ဖက်ကမ်း ဂင်္ဂါမြစ်လက်တက်ကလေး၏ ဘေးတွင်တည်ရှိသော Howa မြို့ကလေးရှိ ကမ္ဘာကျော် Roxburg ရုက္ခဗေဒဥယျာဉ်အတွင်း တည်ထားသည့် ကျောက်စာတိုင်၌ အထက်ပါစာတန်းကို အင်္ဂလိပ်ဘာသာဖြင့် ရေးထိုးထားသည်ကို တွေ့မြင်နိုင်ပါသည်။
ရုက္ခဗေဒပညာရှင် Roxburg စတင်တည်ထောင်ခဲ့သည့် ဥယျာဉ်ပါ။ ဥယျာဉ်နာမည်က ဟောင်ဝါမြို့လေးဘေး၌ရှိ၍ ဟောင်ဝါဥယျာဉ်ဟုသာ အလွယ်တကူခေါ်ကြပါသည်။ အဆိုပါဥယျာဉ် ကမ္ဘာကျော်ရခြင်းမှာ ညောင်ပင်တစ်ပင်တည်းက ဧကများစွာ ကျယ်လောက်အောင် အကိုင်းများဖြာပြီး အရိပ်ထိုးနေသည့် Great Bayan ဟု ခေါ်တွင်ရလောက်အောင် ကြီးမားသော ညောင်ပင်ကြီး တည်ရှိနေခြင်းကြောင့်ပါ။
အပင်သည် လူအပါအဝင် သက်ရှိအားလုံးကို သက်ရှိသမိုင်းအစမှသည် ယနေ့တိုင်အောင် (နောင်လည်း ထို့အတူ) ဆက်လက်အသက် ရှင်နိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ဖြည့်ဆည်းပေးခဲ့ပါသည်။ ထိုအကြောင်းကို လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က ပွင့်ထွန်းခဲ့သည့် မြတ်စွာဘုရားက ချီးမွမ်းခဲ့ခြင်းပါ။ သူတော်စင်တို့ ချီးမွမ်းခံရရန်မှာ လွယ်ကူသော အလုပ်မဟုတ်ပါ။ လောကသားတို့အတွက် ကိုယ်ကျိုးစွန့်ပေးဆပ်ဖြည့်ဆည်းခဲ့မှုကို စဉ်ဆက်မပြတ် မမှိတ်မသုန် လုပ်ဆောင်ခဲ့လို့ပါ။
မြတ်စွာဘုရားက ချီးကျူးသည်ကို ယနေ့သိပ္ပံပညာရှင်များ၏ အမြင်ဖြင့် ချိန်းထိုးကြည့်စေချင်ပါသည်။
အပင်နှင့် သစ်တောများသည် သက်ရှိလောကသားများအတွက် အောက်ပါကောင်းကျိုးများ ဖြစ်ထွန်းစေခဲ့ပါသည်-
(၁) နေစွမ်းအင်ကို သက်ရှိများအသုံးပြုနိုင်သည့် စွမ်းအင်သို့ ပြောင်းလဲပေးခြင်း
ကျွန်ုပ်တို့အပါအဝင် သက်ရှိလောကသားအားလုံး အသက်ရှင်ရေးအတွက် စဉ်ဆက်မပြတ်လိုသည်မှာ စွမ်းအင်ပါ။ ကမ္ဘာမြေပြင်အတွက် စွမ်းအင်ထုတ်ပေးရာဌာနက “သူရိယနေဝန်းကြီး” ပါ။ အဆိုပါနေရောင်ခြည်က အပူစွမ်းအင်ကို ကျွန်တော်တို့ လူသားနှင့် အခြားသက်ရှိများ တိုက်ရိုက်သုံးစွဲ၍ မရပါဘူး။ သက်ရှိများသုံးနိုင်သည့် စွမ်းအင်ဖြစ်သော ဂလူးကို့စ်သကြားအဖြစ် ပြောင်းလဲရပါသည်။
အဆိုပါ “စွမ်းအင်ပြောင်းလဲခြင်းဖြစ်စဉ်” (Photosynthesis)ကို မည်သည့်သက်ရှိမှ လုပ်နိုင်စွမ်းမရှိပါ။ အပင်တစ်မျိုးတည်းကသာ Photosynthesis ကို လုပ်နိုင်ပါသည်။ အပင်မှ ဂလူးကို့စ်များများပါသော ကစီဓာတ်ကို ကျွန်တော်တို့အပါအဝင် အခြားသက်ရှိများက စားသုံးခြင်းဖြင့် ဂလူးကို့စ်စွမ်းအင်ရရှိပါသည်။ ကစီဓာတ်ကြွယ်ဝသည့်ဆန်ကို ထမင်းချက်၊ ဂျုံကို ပေါင်မုန့်ဖုတ်၊ ပြောင်းဖူး၊ အာလူး၊ ပိန်းဥ၊ ဝဥနှင့် ကန်စွန်းဥတို့ကို အမျိုးမျိုးသော အစားအစာများ လုပ်စားကြခြင်းဖြင့် စွမ်းအင်ပြည့် ဂလူးကို့စ်သကြားကို ရနိုင်ပါသည်။ ကျား၊ ခြင်္သေ့၊ ကျားသစ်၊ ခွေးအတို့လို အသားစားသတ္တဝါများက အပင်ကိုစားသုံးသည့် ယုန်၊ သမင်၊ ဒရယ် စသည်တို့ကို ဖမ်းပြီး စားသောက်ကာ ကစီဓာတ်တစ်ဆင့်ခံ စွမ်းအင်ကို ရယူပါသည်။ ဖြည့်ထားသည့် စွမ်းအင်သုံးသဖြင့် ကုန်ခန်းသွား၍ ဆက်လက်လိုတာမို့ ကျွန်တော်တို့ တစ်နေ့လျှင် ထမင်းသုံးနပ် ပျမ်းမျှစားနေကြတာပါ။
အစာမစားနိုင်လျှင် စွမ်းအင်ပြတ်ပြီး သေပါလိမ့်မည်။ သက်ရှိအားလုံး နေ့တိုင်းဆက်လက်အသက်ရှင်ရန်လိုအပ်သည့် ဂလူးကို့စ်စွမ်းအင်ကို အပင်ကသာ နေရောင်ခြည်စွမ်းအင်မှ သက်ရှိများ အသုံးပြုနိုင်သည့် စွမ်းအင်အဖြစ် ပြောင်းလဲပေးနေတာပါ။ သို့ပါသောကြောင့် ဤကမ္ဘာပေါ်၌ အပင်များသာမရှိတော့လျှင် ကျွန်တော်တို့အပါအဝင် သက်ရှိအားလုံး စွမ်းအင်ပြတ်ပြီးသေသည့် ဘဝရောက်ကြ၊ မျိုးတုံးကြမှာဖြစ်ပါသည်။ ယနေ့ လူတို့သုံးစွဲနေသော ဆိုလာစွမ်းအင်သည် အပင်များက နေစွမ်းအင်ကို သက်ရှိများ အသုံးပြုနိုင်သည့် စွမ်းအင်သို့ ပြောင်းလဲသည့်ဖြစ်စဉ်နှင့် သဘောသဘာဝ အတူတူပင်ဖြစ်ပေသည်။
(၂) သက်ရှိများအတွက် အောက်ဆီဂျင်ထုတ်ပေးခြင်း
ကျွန်တော်တို့သည် သုံးစက္ကန့်လျှင် တစ်ကြိမ်လောက် ပျမ်းမျှ အသက်ရှူကြရပါသည်။ အသက်ရှူခြင်းမှာ လေထဲမှ အောက်ဆီဂျင်ကို ရှူခြင်းပါ။ ကမ္ဘာဦးအစတွင် အောက်ဆီဂျင်ဆိုတာ လေထဲမှာ လုံးဝမရှိပါ။ အပင်များက အထက်မှာရေးခဲ့သလို နေရောင်ခြည်စွမ်းအင်ကို သက်ရှိများ အသုံးပြုနိုင်သော ဂလူးကို့စ်သကြားဖွဲ့စည်းသည့် ဖြစ်စဉ်တွင် အောက်ဆီဂျင်ကို လေထဲသို့ ထုတ်လွှတ်ပါသည်။ ထိုအချိန်မှစပြီး လေထုထဲမှာ အောက်ဆီဂျင်ကြွယ်ဝလာပါတော့သည်။ ဤကမ္ဘာပေါ်ရှိ မည်သည့်သက်ရှိ၊ ဒြပ်စင်၊ ရုပ်ဝတ္ထုကမှ အောက်ဆီဂျင်ကို ထုတ်ပေးနိုင်စွမ်းမရှိပါ။ အပင်မှသာ ထုတ်ပေးနိုင်ခြင်းဖြစ်၍ သုံးစက္ကန့်တိုင်းတစ်ခါ အသက်ရှူပြီး အောက်ဆီဂျင်ကို ရှူနေကြရသည့် ကျွန်တော်တို့ သက်ရှိများ၏ ကျေးဇူးရှင်က အပင်သာလျှင်ဖြစ်ပေသည်။ ထို့အတူ ခွေး၊ နွား၊ ကြောင်၊ ဆိတ် စသည့်သက်ရှိများလည်း အသက်ရှူတာမို့ အပင်များက သက်ရှိအားလုံးအတွက် စက္ကန့်တိုင်းအသက်ရှင်အောင် စွမ်းဆောင်ပေးနေသည့် သက်ရှိဖြစ်ပါသည်။
(၃) မျှတသော ရာသီဥတုဖြစ်ပေါ်စေခြင်း
(က) ရေခိုးရေငွေ့ကြွယ်ဝခြင်း
အပင်များ၏ အရွက်များမှ အမြဲတမ်း ရေခိုးရေငွေ့များ ထုတ်လွှတ်ပါသည်။ ရာသီဥတုပူပြင်းလေလေ ရေခိုးရေငွေ့ ပိုထုတ်လွှတ်လေပါ။ ဘယ်လောက်အမြင့်ဆုံးထုတ်လွှတ်သလဲဆိုရင် အမြစ်မှ စုပ်ယူထားသော ရေ၏ ၉၇ ရာခိုင်နှုန်း ပြန်ထုတ်တတ်ပါသည်။ အမြဲတမ်း ထုတ်နေခြင်းတော့မဟုတ်ပါ။ အပင်များသည် တခြားသက်ရှိများ စားသုံးရန် သကြားဖွဲ့စည်းသည့် ဖြစ်စဉ်မှာ နေမှအပူဓာတ်ကို စုပ်ယူအသုံးပြုရပါသည်။ သို့ဖြစ်၍ သစ်ပင်သစ်တောများ၏ ပတ်ဝန်းကျင်သည် အပူဓာတ်လွန်ကဲခြင်းမရှိပါ။ သစ်ပင်သစ်တောများသည် ရေခိုးရေငွေ့ပါလာသည့် လေကို ထိန်းထားနိုင်သည်မို့ မိုးရွာသွန်းခြင်းကို ဖြစ်ပေါ်စေပါသည်။ ထို့ပြင် အပူပိုင်းသစ်တောမှ ထုတ်လွှတ်သည့် အပူငွေ့သည် ကမ္ဘာ့လေစီးကြောင်းကို မှန်ကန်စေသည်။ ဤဖြစ်စဉ်ကြောင့်မို့ ကမ္ဘာအရပ်ရပ်၌ မျှတသည့်ရာသီဥတုကို ပုံမှန်ဖြစ်ပေါ်စေပါသည်။ အပင်များရှိသဖြင့် မိုးမခေါင်၊ မိုးရွာသည့် အရပ်က သီးနှံဖြစ်ထွန်းသည်မို့ ရိက္ခာရှားပါးမှုမဖြစ်နိုင်ပါ။ သဲကန္တာရဖြစ်မှုကိုလည်း ကာကွယ်တားဆီးပေးပါတယ်။
( ခ ) ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို လျှော့ချနိုင်ခြင်း
ယနေ့ကမ္ဘာကြီးကို ပိုမိုပူနွေးစေသည်မှာ မှန်လုံအိမ်သတ္တိရှိသည့် ဓာတ်ငွေ့များကြောင့်ပါ၊ မှန်လုံအိမ်သတ္တိရှိသည့် ဓာတ်ငွေ့ဆိုသည်မှာ နေမှလာသည့် အပူဓာတ်ကို ပြန်မထွက်နိုင်အောင် ထိန်းထားသည့် ဓာတ်ငွေ့များပါ။ အဆိုပါဓာတ်ငွေ့ထဲမှာ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့သည် အပူကိုထိန်းနိုင်စွမ်းအား အမြင့်ဆုံးဖြစ်ပါသည်။ ကမ္ဘာ၏ ပတ်ဝန်းကျင်လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ လေလေ၊ အပူချိန်မြင့်လေလေ ဖြစ်ပါသည်။
ယနေ့ကမ္ဘာကြီးတွင် အပူချိန်မြင့်တက်နေရခြင်းမှာ လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက် မြင့်တက်လာခြင်းကြောင့်ဖြစ်ပါသည်။ အပင်များသည် နေရောင်ခြည်မှစွမ်းအင်ကို သက်ရှိများအသုံးပြုနိုင်သည့် ဂလူးကို့စ်စွမ်းအင်သို့ ပြောင်းလဲသည့်ဖြစ်စဉ်တွင် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ကို ကုန်ကြမ်းအဖြစ် အသုံးပြုပါသည်။ သို့ဖြစ်၍ ဤကမ္ဘာပေါ် တွင် အပင်များလေလေ အဆိုပါ “စွမ်းအင်ပြောင်းလဲခြင်းဖြစ်စဉ်” ကို များများလုပ်လေလေပါ။
ထိုဖြစ်စဉ်များများဖြစ်လေ အပူထိန်းကာဗွန်ဒိုင်အောက်ဆိုက်ကို များများသုံးပစ်သဖြင့် လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက် ပါဝင်နှုန်းလျော့ကျသွားပါသည်။ အပင်များလျှင် လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက်နည်း၍ ပြောင်းပြန်အားဖြင့် အပင်နည်းသွားလျှင် ကာဗွန်ဒိုင်အောက်ဆိုက် မြင့်တက်လာမည်။ အဆိုပါဓာတ်ငွေ့ ပါဝင်မှုနှုန်းများလာလျှင် ကမ္ဘာကြီးပိုပူလာပါမည်။ သို့ဖြစ်၍ တာဝန်ရှိ၊ တာဝန်သိကြသည့် အကြီးအကဲများနှင့် လူသားများအားလုံးက နောင်လာ နောက်သားများ အတွက် အပင်ကို များများစိုက်နေခြင်းဖြစ်ပါသည်။
(၄) မြေဆီဩဇာကောင်းမွန်၍ စားရေရိက္ခာဖူလုံမှုကို ဖြစ်ပေါ်စေခြင်း
အပင်တို့ အရွက်ကြွေသည်မှာ အားလုံးအသိပါ။ အရွက်ကြွေခြင်းမှာ ရေကို ချွေတာချင်လို့ပါ။ နွေရာသီတွင် မြေအောက်ရေခန်း၍ အမြစ်မှ ရေထုတ်ယူနိုင်မှု နည်းပါးသွားပါသည်။ အမြစ်က မြေကြီးထဲမှ စုပ်ယူထားသည့်ရေကို ပတ်ဝန်းကျင်ကို ပြန်လည်ထုတ်လွှတ်ပေးတာက အရွက်များပါ။ အရွက်မရှိလျှင် ရေထွက်စရာအပေါက်မရှိတော့သဖြင့် ရေဆုံးရှုံးစရာ မလိုတော့ပါ။ သို့ဖြစ်၍ နွေတွင် ရေကို ချွေတာချင်၍ အရွက်ကြွေတာပါ။ ကြွေသည့်အရွက်များ မြေပေါ်ရောက်တော့ မြေတွင်းအောင်းပိုးမွှားများက စားကြပါသည်။ မြေတွင်းအောင်း ပိုးလေးများ စားသည့်အတွက် သစ်ရွက်များ ကြွေမွဆွေးမြည့်မှု လျင်မြန်ပါသည်။ ထို့နောက် အဆိုပါမြေတွင်းအောင်းပိုးလေးများပါ သေဆုံးသွားသည့်အခါ အပင်ကို စားထားသမျှ အစာအာဟာရများ မြေထဲရောက်ပြီး မြေဆီဩဇာကြွယ်ဝသည့် မြေဆီလွှာဖြစ်လာပါတော့သည်။
အပင်နည်းသော အရပ်များသည် မြေဆီညံ့ပြီး စိုက်မရ၊ ပျိုးမရခြင်းမှာ ကြွေသည့်အရွက်မရှိလို့ပါ။ အပင်များသည့် သစ်တောဝန်းကျင်က မြေများ မြေဆီဩဇာကြွယ်ဝပြီး စိုက်သမျှ၊ ပျိုးသမျှ ဖြစ်ထွန်းအောင်မြင်ပါသည်။ စိုက်ပျိုးအောင်မြင်သည့်အတွက် သီးနှံထွက်ပြီး စားရေရိက္ခာ ဖူလုံပါတော့သည်။ အပင်ရှားသည့် ဆာဟာရနှင့် အခြားသဲကန္တာရများ၏ ပတ်ဝန်းကျင်တွင် စားရေရိက္ခာဖူလုံမှုမရှိပါ။ စားရေရိက္ခာဖူလုံချင်လျှင် သစ်ပင်သစ်တောထူအောင် စိုက်ကို စိုက်ရပါမည်။ စိုက်ပြီးသစ်ပင် ရှင်အောင်ပြုစုရသကဲ့သို့ သစ်ခုတ်မှု၊ မီးရှို့မှု ရှောင်ရှားရပါမည်။ ထူထပ်နေသည့် သစ်တောကိုလည်း သစ်ထုတ်ခြင်းကြောင့် မပြုန်းတီးရအောင် “အပြောင်ခုတ်လှဲမှု”ကို ရှောင်ကြဉ်၍ မြန်မာသစ်တောကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းခဲ့သည့် ဂျာမန် သစ်တောပညာရှင်ကြီး Dr. Brandis ၏ “ရွေးချယ်ထုတ်ယူမှု” နည်းစနစ်ဖြင့် ထုတ်ယူသွားရန် လိုပါသည်။
(၅) မြေဆီလွှာဆုံးရှုံးမှုကို ကာကွယ်ခြင်း
မိုးရွာသွန်းသည့်အခါ လေပြင်းတိုက်သည့်အခါများတွင် အပင်များသာမရှိခဲ့လျှင် မြေဆီဩဇာကြွယ်ဝသည့် အပေါ်ယံမြေဆီလွှာက အတားအဆီးမရှိ ရေစီးနှင့် မျောပါသွားပါလိမ့်မည်။ ထို့အတူ လေပြင်းတိုက်လျှင်လည်း ပါသွားနိုင်ပါသည်။ အပင်ကြီးများ၏အမြစ်များ၊ မြက်ပင်၏ အမြစ်များက အဆိုပါမြေဆီလွှာများကို ကုပ်တွယ်ဖုံးအုပ်ထားသည်မို့ စိုက်နိုင်ပျိုးနိုင်သော အဖိုးတန်မြေဆီလွှာများက မြစ်ထဲ ချောင်းထဲမှတစ်ဆင့် ပင်လယ်ထဲ မရောက်သွားတော့ပါ။ အပင်များ၏ အမြစ်များက မြေဆီဩဇာကို မိုးရေဖြင့် စီးမပါနိုင်အောင် ထိန်းထားနိုင်ခြင်းကြောင့် ကျွန်တော်တို့၏ စိုက်ပျိုးမြေများ စိုက်လို့ပျိုးလို့ ကောင်းနေခြင်းဖြစ်ပါသည်။
(၆) လေဒဏ် ရေတိုက်စားဒဏ် ကာကွယ်ပေးခြင်း
သစ်တောကြီးများထူထပ်လာလျှင် လေပြင်းဒဏ်ကို ကာကွယ်ပြီးသားပါ။ ဖွံ့ဖြိုးပြီး တချို့နိုင်ငံများတွင် မြို့ကြီးကို တစ်မိုင်ခန့်ထူထပ်သည့် သစ်တောများဖြင့် ပတ်လည်ဝိုင်းထားသည့် “သစ်တောအစိမ်းရောင် ခါးပတ်” (Green Belt) များကို စိုက်ပျိုးထားပြီး မြို့ကြီးကို လေပြင်းဒဏ်မှ ကာကွယ်ထားပါသည်။ မြစ်ချောင်းအင်းအိုင်ဘေးနားတွင် သစ်ပင်သစ်တောများ ထူထပ်နေလျှင် သစ်တောများ၏ အမြစ်များက ရေတိုက်စားမှုဒဏ်မှ မြို့၊ ရွာနှင့် လယ်ယာစိုက်ခင်းများကို ကာကွယ်ပေးထားပါသည်။
(၇) မြို့ပြများကို ခေတ်မီသာယာလှပစေခြင်း
ယနေ့ခေတ်မီသည်ဆိုသော မြို့ပြဆိုသည်မှာ တိုက်တာအဆောက်အအုံ မိုးထိအောင်မြင့်မားတာ၊ ကြီးမားတာ၊ ထူထပ်တာနှင့် ထူးဆန်းအံ့ဩစရာ ပျော်ရွှင်မှုခံစားစရာများ၊ ကား၊ ရထားနှင့် သွားရလာရ လွယ်ကူတာနှင့်တင် မလုံလောက်တော့ပါ၊ အဆိုပါမြို့ကြီးသည် Green City ဖြစ်သလား၊ ပြီးလျှင် မြို့သူမြို့သားများ ကျန်းမာရေးနှင့် ပြည့်စုံရဲ့လား။ ကျန်းမာဖို့ အမှိုက်ကင်းစင် ရောဂါဘယကင်းရမည့်အပြင် လေထုသန့်ရှင်းပြီး မျှတသည့်အပူချိန်ရှိရမည်၊ မျှတသည့် အပူချိန်ဖြစ်ရန် လေသန့်ရန် သစ်ကြီးပင်များပေါများနေရပါလိမ့်မည်။ ခေတ်မီမြို့ကြီး၌ အဆောက်အအုံများထက် အဆများစွာ ပိုပေါရမည့်အရာမှာ အပင်များဖြစ်ပါသည်။ များရုံနှင့်လည်း မရသေးပါ။ ထူထပ်ရပါမည်။ ဤသည်ကို မြို့ပြသစ်တော (Urban Forest)ဟု ခေါ်ပါသည်။ မြို့ပြ သစ်တောထူထပ်မှသာ စိမ်းလန်းမြို့တော် (Green City)ဟု ခေါ်တွင်နိုင် သည်။ စာရေးသူအနေဖြင့် “နေပြည်တော်” သည် မြန်မာနိုင်ငံ၏ စိမ်းလန်းမြို့တော်ဖြစ်သည်ဟု ဆိုပါရစေ။
မြို့ပြများ၌ ထူထပ်သည့် မြို့ပြသစ်တောများ စိုက်ပျိုးထားခြင်းဖြင့်
(က) လေကောင်း၊ လေသန့်ရရှိနိုင်ခြင်း၊
( ခ ) အပူအအေး မျှတစေခြင်း၊
( ဂ ) ကားသံ၊ စက်ရုံတို့မှ ဆူညံသံကို လျှော့ချနိုင်ခြင်း၊
(ဃ) အပန်းဖြေနိုင်ခြင်း၊
( င ) လူသားနှင့် ပူပြင်းသည့်နေရောင်ခြည် တိုက်ရိုက်ထိတွေ့မှု နည်းပါးခြင်းဖြင့် အရေပြားကင်ဆာရောဂါ အမျိုးမျိုးမှ ကာကွယ်ခြင်း… စသည်တို့အပြင် မြို့ကြီးကိုလည်း လေမုန်တိုင်းဒဏ်မှ ကာကွယ်ပေးပါသည်။
မြို့ကြီးပြကြီးနေသူများ၏ ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးကို အဓိကဖြည့်စွမ်းပေးသည်မှာလည်း သစ်ပင်များပင်ဖြစ်ပါသည်။ ထို့ကြောင့် ၂၀၀၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် “စိမ်းလန်းသာယာမြို့များစွာ၊ ကမ္ဘာအတွက် စီမံချက်” ဆိုသည့် ဆောင်ပုဒ်ဖြင့် မြို့ကြီးပြကြီး စိမ်းလန်းပြီး ကျန်းမာရေးနှင့်ပြည့်စုံသည့် မြို့ကြီးဖြစ်ထွန်းအောင် အပင်များများစိုက်ဖို့ လွန်ခဲ့သည့် နှစ် ၂၀ ကျော်ကတည်းက နှိုးဆော်ခဲ့ဖူးပါသည်။
နေ့စဉ် အစားအစာ၊ အဝတ်၊ အိုးအိမ်၊ အသုံးအဆောင်၊ ဆေးဝါးပေးသည်ကိုတော့ အားလုံးအသိပါ။ အထက်တွင် ဖော်ပြထားသည့်အချက်များသည် သိပ္ပံပညာရှင်များ၏ အပင်က လူသားနှင့် အခြားသက်ရှိအပေါ် ကျေးဇူးပြုမှုကို လေ့လာတွေ့ရှိချက်များပင် ဖြစ်ပါသည်။ လွန်ခဲ့သည့် နှစ် ၂၅၀၀ ကျော်က မြတ်ဗုဒ္ဓက အပင်များ၏ လူသားအပေါ် ကျေးဇူးပြုခဲ့မှုများအပေါ် ချီးမွမ်းခဲ့ခြင်းကို သိပ္ပံပညာက ထောက်ခံပေးနေခြင်းဟု မြင်မိပါသည်။
အထက်ဖော်ပြပါ အပင်များ၏ လူသားနှင့် သက်ရှိများအပေါ် ကျေးဇူးတရားကို သိကြသူများက နောင်သားစဉ်မြေးဆက်ကောင်းစားစေဖို့ အပင်များစိုက်နေကြပါသည်။ ကန္တာရဆန်သွားနိုင်သည့် အညာတစ်ခွင်တွင် ၁၃ ခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးကို အလေးပေးဆောင်ရွက်နေပါသည်။ ကန္တာရဖြစ်ထွန်းမှုကို ကာကွယ်နေခြင်းပါ။ ထို့အတူ မြို့ကြီး၊ ပြကြီး ဘုရားကျောင်းဝင်း၊ စာသင်ကျောင်းဝင်း၊ လမ်းဘေးဝဲယာများတွင်လည်း အပင်များစိုက်နေကြပါသည်။
တကယ်တော့ မြန်မာဗုဒ္ဓဘာသာဝင်များအဖို့ “သစ်ကြီးပင် တစ်ပင်စိုက်ခြင်းဟာ ဇရပ်တစ်ဆောင် ဆောက်လုပ်လှူဒါန်းခြင်းပါပဲ” တဲ့။ မြန်မာဆိုရိုးစကားတွင် “သစ်တစ်ပင်ကောင်းရင် ငှက်တစ်သောင်းလည်း နားနိုင်သလို” မှိုနှင့် သစ်ကပ်ပင်မျိုးစုံ၊ ပုရွက်ဆိတ်၊ ခါချဉ်၊ ခြင်၊ ယင်၊ တောက်တဲ့၊ ပုတ်သင်ညို၊ မြွေ စသည်ဖြင့် သက်ရှိအမျိုးပေါင်းများစွာမှ အကောင်နှင့် အပင်ငယ်မျိုးများ သိန်းသန်းချီမှီခိုနိုင်သလို မြန်မာဗုဒ္ဓဘာသာဝင်တွေအတွက် နာမ်လောကသားများလည်း မှီတင်းနေထိုင်နိုင်ပါသည်။ ထို့ပြင် သစ်ပင်များ၏ အရိပ်အောက်တွင်လည်း တောရိုင်းတိရစ္ဆာန်များ၊ အိမ်မွေး ကျွဲ၊ နွား၊ ဆိတ်၊ ခွေးနှင့် စိုက်ပျိုးရေး ဆောင်ရွက်နေသည့် တောင်သူများနှင့် ခရီးသွားများပါ နားခိုနိုင်ပါသည်။ သစ်ပင်တစ်ပင်သည် ထာဝရဇရပ်ကြီးတစ်ဆောင် ဆောက်ထားသလိုပါပဲ။ တာဝန်အရ စိုက်စိုက်၊ စေတနာသဒ္ဓါနှင့် ဝါသနာပါလို့ စိုက်စိုက်၊ သစ်ပင်ကြီးတစ်ပင် ရှင်သန်လာလျှင် ဇရပ်တစ်ဆောင် ဆောက်လှူသည့် အလှူရှင်ဖြစ်သွားသည်မို့ ထာဝရဇရပ်အလှူရှင် ဖြစ်သွားပါသည်။
မြန်မာတို့သည် အလှူလုပ်သည့်နေရာတွင် အထုံပါရမီကြီးကြပါသည်။ ဘုရား၊ သိမ်၊ ကျောင်း၊ ဇရပ်ဆောက်လှူကြသည်မှာ နေရာအနှံ့ပါ။ အလှူလုပ်ဖို့ လှူဖွယ်ပစ္စည်း (အုတ်၊ ဘိလပ်မြေ၊ သံ၊ သစ်၊ အမိုး) နှင့် ငွေကြေးလုံလုံလောက်လောက်ရှိရပါမည်။ သို့သော် ထာဝရဇရပ် (သို့) သက်ရှိ အပင်ဇရပ်ကတော့ အထက်ပါပစ္စည်းများနှင့် ပိုက်ဆံလည်းမလိုပါ။ ထက်သန်သည့် စေတနာသဒ္ဓါတရားနှင့် လုပ်အားအရင်းအနှီးသာလိုတာပါ။ ငွေကြေးမတတ်နိုင်သူများအတွက် ဇရပ်ဒါယကာ၊ ဒါယိကာမဖြစ်ဖို့ ဟိုယခင်ကတည်းက ဗုဒ္ဓဘာသာဝင်များက လက်ခံကျင့်သုံးခဲ့ခြင်းပါ။
ငွေကြေးတတ်နိုင်သူများဆိုလျှင်တော့ များလိုက်မည့်ထာဝရဇရပ်များ ထောင်သောင်းချီ လှူနိုင်ပါသည်။ ဓနကြေးငွေတတ်နိုင်သူများအနေဖြင့် သတ္တဝါများလည်း မှီခိုနိုင်၊ နောင်လာ နောက်သား ကောင်းစားစေမည့် သဘာဝပတ်ဝန်းကျင်လည်း သာယာလှပသည့် ခေတ်သစ်၊ ပုံစံသစ်၊ ထာဝရဇရပ်စိုက်ပျိုးခြင်း လှူကြပါလို့ တိုက်တွန်းပါရစေ။
တရုတ်စကားပုံမှာ -
တစ်ရက်ပျော်ချင်လျှင် အရက်သောက်၊
တစ်လပျော်ချင်လျှင် အိမ်ထောင်ပြု၊
တစ်သက်တာပျော်ရွှင်ချင်လျှင်တော့ သစ်ပင်စိုက်ပါတဲ့။
“မြန်မာဗုဒ္ဓဘာသာဝင်များကလည်း ထာဝရဇရပ်အလှူ” ဟူ၍။ မိမိတစ်သက်သာမက သားစဉ်မြေးဆက် ပျော်ရွှင်ကြည်နူးစေပြီး စိုက်ပျိုးသူလည်း ကုသိုလ်ရ၊ ကမ္ဘာမြေကြီးနှင့် သဘာဝပတ်ဝန်းကျင်ကို အစဉ်လှပသာယာစေမည့် ထာဝရဇရပ်အလှူ (သို့) ခေတ်သစ်ဇရပ် အလှူရှင်များဖြစ်အောင် နှိုးဆော်ပါရစေ။
ခေတ်သစ်ဇရပ်အလှူရှင်များဖြစ်လိုသူများအနေဖြင့် ယခု ၂၀၂၆ ခုနှစ်တွင် မဖြစ်မနေ လှူဖြစ်ရလေအောင် မြေဆီစိုသည့် ယခုလို ဇွန်၊ ဇူလိုင်လမျိုး၌ အုတ်မြစ်ချ အပင်စတင်စိုက်ပျိုးပေးခြင်းဖြင့် ထာဝရဇရပ်အလှူတော်မင်္ဂလာကို ကျင်းပပေးကြပါ။
ထာဝရဇရပ် အလှူဒါယကာ၊ ဒါယိကာမများအဖြစ် ခံယူကြပါဟု တိုက်တွန်းနှိုးဆော်ရင်း မြန်မာ့သစ်ပင်စိုက်ပျိုးရေးလတွင် နောင်မြန်မာ သားစဉ်မြေးဆက်အတွက် သစ်ပင်များကို စိုက်ပျိုးကာ ကုသိုလ်ယူနေကြသူ အမြော်အမြင်ကြီးမားသည့် ကုသိုလ်ရှင်များအားလုံးကို လေးစားဂုဏ်ပြုရင်း အဆိုပါထာဝရဇရပ် အလှူတော်မင်္ဂလာအတွက် “သာဓုအနုမောဒနာ” ပြုလိုက်ရပါသည်။ ။
