Skip to main content

ဘင်းမ်စတက်နှင့် လင်းလက်တော့မည့် မြန်မာပြည်

မောင်မိုးဇက် (နံ့သာမြေ)

မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် စီးပွားရေးအသိုက်အဝန်းအနေဖြင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုဟုဆိုလျှင် အရှေ့တောင်အာရှနိုင်ငံများအသင်း သို့မဟုတ် အာဆီယံ (ASEAN) ကိုသာ ပြေးမြင်လေ့ရှိကြသော်လည်း လက်ရှိတွင် အာဆီယံထက်ပင် ထိရောက်ပြီး အလားအလာရှိသော မဟာဗျူဟာမြောက်အဖွဲ့ဖြစ်သည့် အခြားပလက်ဖောင်းတစ်ခုကိုပါ မလွဲမသွေ ရှုမြင်အသုံးချကြရတော့မည်ဖြစ်ပါသည်။

ထိုအဖွဲ့အစည်းမှာ ကမ္ဘာ့လူဦးရေ၏ ၂၂ ရာခိုင်နှုန်းခန့် (လူဦးရေ ၁ ဒသမ ၈ ဘီလီယံနီးပါး) ကို ကိုယ်စားပြုပြီး စုစုပေါင်း GDP အမေရိကန်ဒေါ်လာ ၅ ထရီလီယံနီးပါးရှိသော ဘင်္ဂလားပင်လယ်အော် ဒေသအတွင်း ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ် (BIMSTEC)ပင် ဖြစ်ပါသည်။

အဖွဲ့ဝင်ခုနစ်နိုင်ငံပါဝင်သည့် ဤမဟာမိတ်အဖွဲ့ကြီးတွင် မြန်မာနိုင်ငံသည် တောင်အာရှနှင့် အရှေ့တောင်အာရှကို ကုန်းလမ်းဖြင့် ဆက်သွယ်ပေးထားသည့် တစ်ခုတည်းသော မဟာဗျူဟာ မြောက်ကုန်းတွင်းတံတားနိုင်ငံ (Land Bridge) ထက်ပိုသော ဆုံချက်နိုင်ငံအဖြစ် တည်ရှိနေသည်။ ထို့ပြင် အဖွဲ့ကြီး၏ အသက်သွေးကြောဖြစ်သော “လယ်ယာစိုက်ပျိုးရေးနှင့် စားရေရိက္ခာဖူလုံရေး” ကဏ္ဍကို အဓိကတာဝန်ယူဦးဆောင်နေရသည့် နိုင်ငံလည်းဖြစ်ပါသည်။ ထို့ကြောင့် ဘင်းမ်စတက်သည် မြန်မာနိုင်ငံအတွက် စာရွက်ပေါ်က မူဝါဒရေးရာ သဘောတူညီချက် သက်သက်မျှသာမဟုတ်ဘဲ လက်တွေ့ကျသော စီးပွားရေးအကျိုးအမြတ်များ၊ စိန်ခေါ်မှုများနှင့် ကြီးမားသောသံတမန်ရေးရာ အလှည့်အပြောင်းများ ဒွန်တွဲနေသည့် လမ်းဆုံလမ်းခွတစ်ခု ဖြစ်နေပါသည်။

ကြီးမားသော ဈေးကွက်နှင့် မြန်မာ့အတွက် အခွင့်အလမ်း

ဘင်္ဂလားပင်လယ်အော်ဒေသသည် ရှေးယခင်ကတည်းက ကမ္ဘာ့ရေကြောင်းကုန်သွယ်ရေး၏ အချက်အချာကျသော လမ်းဆုံလမ်းခွဖြစ်ခဲ့ပါသည်။ ယနေ့ခေတ်တွင်လည်း မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ "Act East Policy" နှင့် ထိုင်းနိုင်ငံ၏ "Look West Policy" တို့ ဆုံစည်းရာ ဗဟိုချက်တွင် တည်ရှိနေပါသည်။ လူဦးရေသန်းထောင်ချီရှိသည့် အိန္ဒိယနှင့် လူဦးရေသိပ်သည်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ပါဝင်နေခြင်းက မြန်မာ့လယ်ယာထွက်ကုန်များအတွက် အားအကောင်းဆုံးဈေးကွက်တစ်ခု ဖြစ်နေပါသည်။

လက်ရှိ ၂၀၂၅–၂၀၂၆ ဘဏ္ဍာနှစ် နောက်ဆုံးရ စာရင်းဇယားများအရ မြန်မာနှင့် အိန္ဒိယနိုင်ငံတို့အကြား နှစ်ဦးနှစ်ဖက်ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၅ ဘီလီယံအထိ ရောက်ရှိလာခဲ့ပြီး အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ စတုတ္ထမြောက် အများဆုံးကုန်သွယ်ဖက်နိုင်ငံ တစ်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်လျက်ရှိပါသည်။ အထူးသဖြင့် အိန္ဒိယဈေးကွက်သို့ တင်ပို့နေရသည့် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံ စသည့်ပဲမျိုးစုံ ထွက်ကုန်များသည် မြန်မာ့လယ်ယာစီးပွားရေးနှင့် တောင်သူများအတွက် အသက်သွေးကြောသဖွယ်ဖြစ်နေပါသည်။ ထို့ပြင် ပြီးခဲ့သည့်ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံက ကမ္ဘာ့ဈေးကွက်သို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂ ဒသမ ၇၄ သန်းကျော် (အမေရိကန်ဒေါ်လာ ၈၆၁ သန်းဖိုး) အထိ စံချိန်တင် တင်ပို့နိုင်ခဲ့ရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စားရေရိက္ခာလိုအပ်ချက်နှင့် နှစ်နိုင်ငံဆန်တင်ပို့မှု သဘောတူညီချက်များကိုလည်း အဓိကအခန်းကဏ္ဍမှ ပံ့ပိုးပေးခဲ့ပါသည်။

မြန်မာနိုင်ငံသည် “လယ်ယာစိုက်ပျိုးရေးနှင့် စားရေရိက္ခာဖူလုံရေး” ကဏ္ဍကို အဓိကတာဝန်ယူ ဦးဆောင်ခွင့်ရရှိထားသည့်အတွက် မိမိတို့၏လယ်ယာထွက်ကုန်များကို ဒေသတွင်းဈေးကွက်သို့ အကောက်ခွန်သက်သာခွင့်များဖြင့် တိုးမြှင့်တင်ပို့နိုင်မည့် အခွင့်အလမ်းလည်းရှိနေပါသည်။ လယ်ယာထွက်ကုန်ဈေးကွက်အပြင် “အပြာရောင်စီးပွားရေး” (Blue Economy) ဟုခေါ်သည့် ဘင်္ဂလားပင်လယ်အော်ကမ်းရိုးတန်းတစ်လျှောက် ရေလုပ်ငန်း၊ ရေကြောင်းကုန်သွယ်မှုနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများသည်လည်း မြန်မာနိုင်ငံအတွက် ရရှိနိုင်မည့်အခွင့်အလမ်းများပင် ဖြစ်ပါသည်။ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့ထံမှ ခေတ်မီစိုက်ပျိုးရေးနည်းပညာ (Agri-Tech) ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို ရယူနိုင်ပါက မြန်မာ့ကုန်စည်များကို တန်ဖိုးမြှင့်ထုတ်ကုန် (Value-added) အဖြစ် ကမ္ဘာ့ဈေးကွက်သို့ မြှင့်တင်ပေးပို့နိုင်မည်ဖြစ်ပါသည်။

ဒီဂျစ်တယ်စီးပွားရေးနှင့် နည်းပညာကူးပြောင်းမှု ကဏ္ဍသစ်

ယနေ့ခေတ် ကမ္ဘာ့စီးပွားရေးအလှည့်အပြောင်းတွင် သမားရိုးကျကုန်သွယ်မှုစနစ်တစ်ခုတည်းဖြင့် ရှေ့ဆက်ရန် မလုံလောက်တော့ဘဲ ဒီဂျစ်တယ်နည်းပညာအသွင်ကူးပြောင်းမှုသည် မရှိမဖြစ်အရေးပါလာပါသည်။ ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်သည့် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့အဆင့်မီ ဆော့ဖ်ဝဲလ်နှင့် အိုင်တီ (IT) နည်းပညာများ ထွန်းကားရာ ဗဟိုချက်ဖြစ်သကဲ့သို့ ထိုင်းနိုင်ငံသည်လည်း အီလက်ထရွန်နစ်နှင့် ဒီဂျစ်တယ်ငွေပေးချေမှုစနစ်များတွင် များစွာတိုးတက်နေပြီဖြစ်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် ဤအဖွဲ့အစည်းကြီးအတွင်းမှ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင်များကို အသုံးချကာ ပြည်တွင်းရှိ လူငယ်ထုအတွက် အိုင်တီအခြေခံ အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်မည့်အပြင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ကို ဒီဂျစ်တယ်စနစ်သို့ ကူးပြောင်းနိုင်ရန် နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများကို ကောင်းစွာရယူ အသုံးပြုနိုင်မည်ဖြစ်သည်။

ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး

စီးပွားရေးနှင့် နိုင်ငံရေးအရ ဆက်သွယ်မှုများအပြင် ဘင်္ဂလားပင်လယ်အော်ဒေသရှိ နိုင်ငံများသည် ဘာသာရေး၊ ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းအရ ရာစုနှစ်ပေါင်းများစွာကတည်းက နက်ရှိုင်းစွာ ဆက်နွှယ်နေခဲ့ကြသည်။ အထူးသဖြင့် ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာယဉ်ကျေးမှုအမွေအနှစ်များသည် အဖွဲ့ဝင်နိုင်ငံများအကြား ခရီးသွားလုပ်ငန်း (Tourism) အရှိန်အဟုန်ဖြင့် တိုးတက်လာစေရန် အကောင်းဆုံးတွန်းအားတစ်ခုဖြစ်နေပါသည်။ မြန်မာနိုင်ငံ၏ ပုဂံ၊ အင်းလေးကဲ့သို့ ကမ္ဘာကျော်ခရီးသွားဒေသများနှင့် အိန္ဒိယနိုင်ငံ၏ ဗုဒ္ဓဂါယာအပါအဝင် ဘုရားဖူးခရီးစဉ်များကို အပြန်အလှန်ပေါင်းစည်းချိတ်ဆက်ကာ ဗီဇာဖြေလျှော့မှုများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းမြှင့်တင်မှုများ လုပ်ဆောင်နိုင်ပါက မိမိတို့နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေရှာဖွေပေးနိုင်မည့် ဝန်ဆောင်မှုကဏ္ဍသစ်တစ်ခု ပေါ်ထွက်လာမည်မှာ မလွဲမသွေပင်ဖြစ်ပါသည်။

ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ် ပူးပေါင်းစီမံခန့်ခွဲမှု

ဘင်္ဂလားပင်လယ်အော်ဒေသသည် သဘာဝအလှအပများနှင့် သယံဇာတများပေါများသကဲ့သို့ ရာသီဥတုဖောက်ပြန်မှုဒဏ်နှင့် မုန်တိုင်းအန္တရာယ်များကို အဆိုးရွားဆုံးရင်ဆိုင်ရလေ့ရှိသည့် ကမ္ဘာ့ဇုန်တစ်ခုလည်းဖြစ်သည်။ နာဂစ်မုန်တိုင်း၊ မိုခါမုန်တိုင်း စသည့်ပြင်းထန်သော သဘာဝဘေးအန္တရာယ်များကို ခါးသီးစွာကြုံတွေ့ခဲ့ရဖူးသည့် မြန်မာနိုင်ငံအတွက် ဘင်းမ်စတက်၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုစနစ် (Disaster Management) သည် အလွန်အရေးကြီးသော ဒိုင်းလက်နက်တစ်ခုသဖွယ် ဖြစ်နေပါသည်။

အဖွဲ့ဝင်နိုင်ငံများအကြား မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ အပြန်အလှန်မျှဝေခြင်း၊ ခေတ်မီနည်းပညာများဖြင့် ကြိုတင်သတိပေးစနစ်များ တည်ဆောက်ခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်းတို့သည် မြန်မာ့ကမ်းရိုးတန်းဒေသများနှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရာ၌ ကြီးမားသောအထောက်အပံ့များ ဖြစ်လာစေမည်ဖြစ်ပါသည်။

ရေရှည်တည်တံ့သော စွမ်းအင်ကဏ္ဍနှင့် ဒေသတွင်း လျှပ်စစ်ဓာတ်အားလိုင်း ချိတ်ဆက်မှု

ဖွံ့ဖြိုးဆဲဒေသတစ်ခုဖြစ်သည့်အလျောက် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအားလုံးသည် စွမ်းအင်လိုအပ်ချက် ကြီးမားစွာရှိနေကြပြီး စွမ်းအင်ဖူလုံရေးသည် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကသော့ချက်ဖြစ်နေပါသည်။ ဤနေရာတွင် မြန်မာနိုင်ငံသည် ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်ကဲ့သို့သော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) ထုတ်လုပ်နိုင်မည့် သဘာဝအရင်းအမြစ် အလားအလာကောင်းများစွာကို ပိုင်ဆိုင်ထားပါသည်။ အဖွဲ့ကြီးက ဦးတည်ဆောင်ရွက်နေသည့် ဒေသတွင်းလျှပ်စစ်ဓာတ်အားလိုင်း အပြန်အလှန်ချိတ်ဆက်မှု (BIMSTEC Grid Interconnection) သဘောတူညီချက်သည် အောင်မြင်စွာအကောင်အထည်ဖော်နိုင်ပါက မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းလျှပ်စစ်မီးလိုအပ်ချက်ကို အိမ်နီးနားချင်းနိုင်ငံများ၏ကူညီမှုဖြင့် ဖြည့်ဆည်းနိုင်မည့်အပြင် အနာဂတ်တွင် ပိုလျှံသည့်စွမ်းအင်များကို ဒေသတွင်း ဈေးကွက်သို့ ပြန်လည်ရောင်းချကာ ရေရှည်တည်တံ့သော စီးပွားရေးမဏ္ဍိုင်တစ်ခုကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။

၂၀၂၇ သံတမန်ရေးရာ အလှည့်အပြောင်းသစ်

လာမည့် ၂၀၂၇ ခုနှစ်တွင် မြန်မာနိုင်ငံက ဘင်းမ်စတက်၏ အတွင်းရေးမှူးချုပ် (Secretary-General) တာဝန်ကို စတင်လွှဲပြောင်းရယူတော့မည်ဖြစ်ရာ ၎င်းသည် သမိုင်းဝင်သံတမန်ရေးရာ အလှည့်အပြောင်းသစ်တစ်ခုဖြစ်လာပါသည်။ ဤရာထူးသည် အဖွဲ့အစည်းတစ်ခုလုံး၏ အုပ်ချုပ်ရေး၊ မူဝါဒ အကောင်အထည်ဖော်ရေးနှင့် အဖွဲ့ဝင်နိုင်ငံများအကြား ပေါင်းကူးညှိနှိုင်းပေးရသည့် အမြင့်ဆုံးအမှုဆောင်တာဝန်ဖြစ်သည်။

စိန်ခေါ်မှုများကြားမှ အဖွဲ့ကြီး၏ ဦးဆောင်မှုအခန်းကဏ္ဍကို ရရှိခြင်းသည် မြန်မာနိုင်ငံအတွက် ထူးခြားလှသော မဟာဗျူဟာမြောက် အခွင့်အလမ်းသစ်လည်းဖြစ်ပါသည်။ မြန်မာနိုင်ငံမှ ခန့်အပ်မည့် အတွင်းရေးမှူးချုပ်သည် ဘင်္ဂလားပင်လယ်အော်ဒေသတစ်ခုလုံး၏ အကျိုးစီးပွားကို ကိုယ်စားပြုကာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ထိပ်သီးဆွေးနွေးပွဲများတွင် ပါဝင်ဆောင်ရွက်ရမည်ဖြစ်သည်။ ယင်းတာဝန်ယူမှုမှတစ်ဆင့် အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေးအတားအဆီးများလျှော့ချရေးနှင့် မိမိတို့တာဝန်ယူထားသည့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ မူဝါဒများကို ပိုမိုအရှိန်မြှင့်တွန်းအားပေးနိုင်မည်ဖြစ်ပါသည်။

ဤသို့ ကြီးမားသောတာဝန်ကို လွှဲပြောင်းရယူရန် မြန်မာနိုင်ငံအနေဖြင့် မဟာဗျူဟာမြောက် ပြင်ဆင်မှုများပြုလုပ်လျက်ရှိရာ မကြာသေးမီက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘင်းမ်စတက်အတွင်းရေးမှူးချုပ်တို့၏ တွေ့ဆုံဆွေးနွေးမှုရလဒ်များသည် အဖွဲ့အစည်းအတွင်း မြန်မာ့ဦးဆောင်မှုအခန်းကဏ္ဍကို ပိုမိုပီပြင်လာစေမည့် ခြေလှမ်းတစ်ရပ်ဖြစ်လာခဲ့ပါသည်။

အထူးသဖြင့် ကုန်းတွင်းပိတ်နိုင်ငံများဖြစ်သော နီပေါနှင့် ဘူတန်နိုင်ငံတို့၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာက ဆက်သွယ်ရေးတံတားအဖြစ် မည်သို့ပံ့ပိုးမည်ဟူသော ရှေ့လုပ်ငန်းစဉ်များကို မီးမောင်းထိုးပြနိုင်ခဲ့သည်။ ဤခိုင်မာသော ကတိကဝတ်များသည် လာမည့်နှစ် အတွင်းရေးမှူးချုပ် တာဝန်ယူချိန်တွင် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ယုံကြည်မှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများအကြား ဘက်စုံပူးပေါင်းဆောင်ရွက်မှုများကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်မည့် အခင်းအကျင်းသစ်တစ်ရပ်ကို ဖန်တီးပေးနိုင်တော့မည်ဖြစ်ပါသည်။

လက်တွေ့ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ

သို့သော် အခွင့်အလမ်းများနှင့် သံတမန်ရေးရာ အလှည့်အပြောင်းများ မည်မျှပင် အားကောင်းနေစေကာမူ လက်တွေ့မြေပြင်တွင် ကုန်သည်များနှင့် မူဝါဒချမှတ်သူများ ရင်ဆိုင်ကျော်ဖြတ်ရမည့် စိန်ခေါ်မှုများကလည်း ရှိနေပါသေးသည်။

ပထမဆုံးနှင့် အကြီးမားဆုံးစိန်ခေါ်မှုမှာ ငွေပေးချေမှုနှင့် ဘဏ်လုပ်ငန်းစနစ်ဖြစ်သည်။ ကုန်သွယ်ရေးတွင် အဓိကအဟန့်အတားဖြစ်နေသည်မှာ နိုင်ငံတကာငွေပေးချေမှုစနစ် အခက်အခဲများနှင့် ငွေလဲနှုန်းမတည်ငြိမ်မှုများဖြစ်သည်။ အိန္ဒိယနှင့် မြန်မာအကြား ရူပီး-ကျပ် (Rupee-Kyat) တိုက်ရိုက်ငွေပေးချေမှုစနစ်ကို ၂၀၂၄ ခုနှစ်ကတည်းက စတင်အကောင်အထည်ဖော်ခဲ့ပြီး ကုန်သွယ်မှုအရောင်းအဝယ်အချို့တွင် လွယ်ကူမှုရှိလာခဲ့သော်လည်း လုပ်ငန်းစဉ်တစ်ခုလုံးချောမွေ့စေရန် ဘဏ်လုပ်ငန်းဆိုင်ရာ ချိတ်ဆက်မှုများကို ယခုထက်ပိုမို မြန်ဆန်ပြီး ကုန်ကျစရိတ်သက်သာအောင် လုပ်ဆောင်ရန်လိုအပ်နေပါသေးသည်။

ဒုတိယစိန်ခေါ်မှုမှာ အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်စရိတ်ကြီးမြင့်မှုဖြစ်သည်။ ပြည်တွင်း၌ ကြုံတွေ့နေရသည့် လျှပ်စစ်မီးလိုအပ်ချက်၊ စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများကြောင့် ပြည်တွင်း ကုန်ထုတ်စရိတ်နှင့် သယ်ယူပို့ဆောင်စရိတ်သည် အိမ်နီးနားချင်းနိုင်ငံများနှင့် ယှဉ်ပြိုင်ရာတွင် အားနည်းချက်ဖြစ်စေပါသည်။ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး (Trilateral Highway) နှင့် ကုလားတန်ဘက်စုံစီမံကိန်း (Kaladan Project)တို့ ရာနှုန်းပြည့်ပြီးစီးပြီး ဘေးကင်းချောမွေ့စွာ အသုံးမပြုနိုင်သေးခြင်းက ကုန်စည်စီးဆင်းမှုကို နှောင့်နှေးနေစေပါသည်။

တတိယအချက်မှာ အရည်အသွေးဆိုင်ရာ ကုန်သွယ်ရေးအတားအဆီးများ (Sanitary and Phytosanitary Measures - SPS Measures) ပင်ဖြစ်သည်။ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အပါအဝင် ဘင်းမ်စတက်နိုင်ငံများသည် လယ်ယာထွက်ကုန်များ တင်သွင်းရာတွင် ပိုးမွှားကင်းစင်ရေး၊ မှိုဆိပ်ကင်းစင်ရေးနှင့် ဓာတုကြွင်းကျန်မှု အဆင့်အတန်းသတ်မှတ်ချက်များကို ပိုမိုတင်းကျပ်လာကြသည်။ မိမိတို့ဘက်က ခေတ်မီစိုက်ပျိုးထုတ်လုပ်မှုစနစ် တစ်နည်းအားဖြင့် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့် ကောင်းများ (GAP) ကို အခြေခံတောင်သူများအထိ ကျယ်ကျယ်ပြန့်ပြန့်လိုက်ပါလုပ်ဆောင်နိုင်ခြင်းမရှိပါက ဈေးနှိမ်ခံရခြင်းများနှင့် ကြုံတွေ့ရနိုင်ပါသည်။

အနာဂတ်မျှော်မှန်းချက်

ခြုံငုံသုံးသပ်ရသော် ဘင်းမ်စတက်ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံအတွက် ကုန်းလမ်း၊ ရေလမ်းဖြင့် တိုက်ရိုက်ထိစပ်နေသည့် “အိမ်နီးနားချင်းဈေးကွက်ကြီး” ဖြစ်သဖြင့် လက်လွတ်မခံသင့်သည့် အခွင့်အရေးကြီးတစ်ခုဖြစ်ပါသည်။ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများသည် ဒွန်တွဲနေစမြဲဖြစ်သော်လည်း လာမည့်နှစ် ၂၀၂၇ ခုနှစ်တွင် မြန်မာနိုင်ငံက အတွင်းရေးမှူးချုပ်တာဝန်ကို ထမ်းဆောင်ရတော့မည့်ဖြစ်ရပ်သည် မိမိတို့နိုင်ငံ၏အခန်းကဏ္ဍကို မြှင့်တင်ရန်အတွက် အချိန်ကိုက်ရောက်ရှိလာသော ရွှေရောင်အခွင့်အလမ်းပင်ဖြစ်ပါသည်။

သို့ဖြစ်ရာ မိမိတို့ဘက်က ပြည်တွင်းကုန်ထုတ်လုပ်မှု ကွင်းဆက်များကို အဆင့်မြှင့်တင်ခြင်း၊ ဘဏ်လုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးအဆောက်အအုံများကို ပြုပြင်ပြောင်းလဲခြင်းတို့ဖြင့် ကြိုတင်ပြင်ဆင်ထားကြရမည်ဖြစ်ပါသည်။ ဤသို့ ပြင်ဆင်ရာတွင် ယေဘုယျလုပ်ဆောင်မှုများထက် ကျော်လွန်၍ သက်ဆိုင်ရာအစိုးရဝန်ကြီးဌာနများ၊ ပုဂ္ဂလိကကဏ္ဍမှ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ (MSMEs) နှင့် စီးပွားရေးပညာရှင်များ ပူးပေါင်းပါဝင်သော “BIMSTEC အထူးလုပ်ငန်းအဖွဲ့ (Task Force)” တစ်ရပ်ကို စနစ်တကျဖွဲ့စည်းကာ မြေပြင်နှင့်ကိုက်ညီသောတိကျသည့် မူဝါဒလုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း အကြံပြုလိုပါသည်။

ထို့ပြင် မြန်မာနိုင်ငံမှတာဝန်ယူမည့် အတွင်းရေးမှူးချုပ် ဦးဆောင်မှုအောက်တွင် ဘင်းမ်စတက် ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်များ (BIMSTEC FTA) ကို ပိုမိုလျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သင့်ပါသည်။ သို့မှသာ လာမည့်အနာဂတ် ဘင်္ဂလားပင်လယ်အော် စီးပွားရေးရေစီးကြောင်းထဲတွင် မြန်မာနိုင်ငံသည် စားရေရိက္ခာဗဟိုချက်အဖြစ်ဖြင့် လည်းကောင်း၊ ဒေသတွင်းဦးဆောင်နိုင်ငံအဖြစ်ဖြင့် လည်းကောင်း ခိုင်မာဝင့်ကြွားစွာ ရပ်တည်သွားနိုင်မည်ဖြစ်ပါကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။ ။

ကိုးကား

- https://countryeconomy.com/countries/groups/bimstec?utm_source

- https://presoffministry.gov.mm/en/news/36216

- https://embassyofindiayangon.gov.in/public_files/assets/pdf/Commercial_

Activities_Yangon_10_06_2026_1.pdf

- https://myantrade.gov.mm/article/naypyitaw_09042026%201320

- https://commerce.gov.mm/en/node/267

- https://www.cbm.gov.mm/content/8531countryeconomy.comBIMSTEC - Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation 2026

- https://www.moi.gov.mm/news/60201