၂၀၂၅–၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲရလဒ်များနှင့် အရည်အသွေးပညာရေး ဖော်ဆောင်မှု
ဇော်ထွန်းအောင်(ပညာရေး)
ပညာရေးသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ကို ပုံဖော်ပေးသည့် အခြေခံအင်အားဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမဏ္ဍိုင်တစ်ရပ်ဖြစ်ပါသည်။ ယနေ့ကမ္ဘာတွင် ပညာရေး၏အောင်မြင်မှုကို စာမေးပွဲအောင်ချက် သို့မဟုတ် အမှတ်ကောင်းရရှိမှု တစ်ခုတည်းဖြင့် တိုင်းတာခြင်းမဟုတ်တော့ဘဲ သင်ရိုးညွှန်းတမ်း၊ သင်ကြားသင်ယူမှု၊ သင်ယူသူ၏ စွမ်းဆောင်ရည်နှင့် စစ်ဆေးအကဲဖြတ်မှုတို့ အပြန်အလှန်ညီညွတ်မျှတစွာ ချိတ်ဆက်လည်ပတ်နိုင်မှုကို အရေးပါသော အရည်အသွေးညွှန်းကိန်းတစ်ရပ်အဖြစ် ပိုမိုအလေးထားလာကြပါသည်။
ယင်းကိုအခြေခံ၍ ပညာရေးဝန်ကြီးဌာနက မြန်မာ့အခြေခံပညာရေးစနစ်သစ် (KG+12) ၏ ရည်မှန်းချက်များနှင့်အညီ ကျောင်းသားဗဟိုပြုသင်ယူမှု၊ သင်ရိုးညွှန်းတမ်းအကောင်အထည်ဖော်မှု၊ ဆရာ ဆရာမများ၏ သင်ကြားရေးအရည်အသွေးမြှင့်တင်မှုနှင့် စစ်ဆေးအကဲဖြတ်မှုစနစ်တို့ကို အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ပညာရေးသုတေသနစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနနှင့် သက်ဆိုင်ရာပညာရေးအဖွဲ့အစည်းများက ညီညီညွတ်ညွတ်ပူးပေါင်းဆောင်ရွက်လျက်ရှိကြပါသည်။
ကြိုးပမ်းဆောင်ရွက်ခဲ့မှုများ၏ ရလဒ်အဖြစ် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲရလဒ်များသည် ကျောင်းသားများ သင်ယူခဲ့သော အကြောင်းအရာများနှင့် စစ်ဆေးအကဲဖြတ်မှုတို့အကြား ပိုမိုကိုက်ညီမှုရှိလာရေးအတွက် ဆောင်ရွက်ခဲ့သော လုပ်ငန်းစဉ်များကို ထင်ဟပ်စေသည့် အားတက်ဖွယ် မှတ်တိုင်တစ်ရပ်အဖြစ် ရှုမြင်နိုင်ပါသည်။ ထိုရလဒ်များသည် ပညာရေးအရည်အသွေးမြှင့်တင်ရေးအတွက် ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်အကောင်အထည်ဖော်နိုင်ရေးအတွက်လည်း အတွေ့အကြုံကောင်းများနှင့် ယုံကြည်မှုများကို ပိုမိုခိုင်မာစေပါသည်။
ဤအောင်မြင်မှုက ပညာရေးဝန်ကြီးဌာန၏ မူဝါဒဦးတည်ချက်များ၊ သက်ဆိုင်ရာဌာနများ၏ စနစ်တကျစီမံဆောင်ရွက်မှု၊ ဆရာ ဆရာမများ၏ စေတနာထား သင်ကြားပို့ချမှု၊ မိဘများ၏ အားပေး ကူညီမှုနှင့် ကျောင်းသား ကျောင်းသူများ၏ ဝီရိယ၊ ဇွဲလုံ့လနှင့် စည်းကမ်းရှိသော သင်ယူမှုတို့ ပေါင်းစည်း၍ ရရှိလာသော စုပေါင်းအောင်မြင်မှုဖြစ်ပါသည်။
ရလဒ်အခြေပြုပညာရေး စံနှုန်းများအတိုင်း တိကျခိုင်မာစွာ ပုံဖော်ထားသည့် ဤစာမေးပွဲကြီးသည် ပြည်တွင်းရှိ အစိုးရကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများမှ ကျောင်းသား ကျောင်းသူများ၏ ရင်ခုန်သံ၊ ကြိုးပမ်းမှုများနှင့် ထပ်တူကျသော ရလဒ်ကောင်းများကို ထွက်ပေါ်စေခဲ့ပါသည်။ ထို့ကြောင့် ၂၀၂၅–၂၀၂၆ ပညာ သင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုကျော်ဖြတ်ခဲ့ကြသော ကျောင်းသား ကျောင်းသူများအားလုံးကို လှိုက်လှဲစွာ ဂုဏ်ပြုအပ်ပါသည်။ သင်တို့၏ ကြိုးစားအားထုတ်မှုသည် ကိုယ်ပိုင်ဘဝအောင်မြင်ရေးအတွက်သာမက နိုင်ငံတော်၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် အရည်အသွေးပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရေးကိုလည်း အထောက်အကူပြုလျက်ရှိပါသည်။
၂၁ ရာစု သင်ရိုးညွှန်းတမ်း၏ အရည်အသွေးမြင့်မားမှုနှင့် နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမှု
ပညာရေးစနစ်သစ်၏ သင်ရိုးညွှန်းတမ်းများသည် ကမ္ဘာလုံးဆိုင်ရာ အသိပညာ၊ နည်းပညာနှင့် ၂၁ ရာစု၏ အဓိကလိုအပ်ချက်ဖြစ်သော စွမ်းရည်များကို အခြေခံ၍ စနစ်တကျ ရေးဆွဲထား ခြင်းကြောင့် ယင်း၏ ခိုင်လုံမှုနှင့် ယုံကြည်စိတ်ချရမှုသည် မြင့်မားလှပါသည်။
အလွတ်ကျက်မှတ်မှုကို အခြေခံသည့် ရိုးရာသင်ယူမှုစနစ်မှ တဖြည်းဖြည်း ပြောင်းလဲ၍ ကျောင်းသားများ၏ ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်းနှင့် လက်တွေ့အသုံးချနိုင်စွမ်းတို့ကို အလေးပေးစစ်ဆေးသည့် ဤသင်ရိုးသည် ကုလသမဂ္ဂ၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်နှင့် အာဆီယံဒေသတွင်း ပညာရေးစံနှုန်းများတို့နှင့်လည်း ကိုက်ညီနေပါသည်။ ထို့ကြောင့် မြန်မာ့ တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်သည် ပြည်တွင်းအသိအမှတ်ပြုမှုအပြင် နိုင်ငံတကာပညာရေးမျက်နှာစာတွင်ပါ ယုံကြည်စိတ်ချရသော အရည်အချင်း အထောက်အထားတစ်ခုအဖြစ် ပိုမိုခိုင်မာလာပြီး အရေးပါသော ရလဒ်တစ်ခုအဖြစ် ရပ်တည်လာပါသည်။
တစ်နိုင်ငံလုံး အောင်ချက်နှင့် ဒေသအလိုက် ပညာရေးဖွံ့ဖြိုးတိုးတက်မှု
၂၀၂၅–၂၀၂၆ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ တစ်နိုင်ငံလုံးတွင် ဖြေဆိုသူစုစုပေါင်း ၂၅၅၂၂၈ ဦးရှိခဲ့ပြီး ထိုအနက် ၁၃၃၆၇၃ ဦး အောင်မြင်ခဲ့ပါသည်။ တစ်နိုင်ငံလုံးအောင်ချက်ရာခိုင်နှုန်းမှာ ၅၂ ဒသမ ၃၇ ရာခိုင်နှုန်းဖြစ်ပြီး ကျောင်းသားတစ်ဝက်ကျော် အောင်မြင်ခဲ့သည့် အားတက်ဖွယ်ရာ ရလဒ်တစ်ခုအဖြစ် သတ်မှတ်နိုင်ပါသည်။
ဤရလဒ်သည် ကျောင်းသားတစ်ဦးချင်း၏ ကြိုးစားအားထုတ်မှုသာမက ပညာရေးစနစ်တစ်ခုလုံး၏ စုစည်းအကောင်အထည်ဖော်မှုကို ထင်ဟပ်စေသော အရေးပါသည့် အခြေခံညွှန်းကိန်း တစ်ခုလည်း ဖြစ်ပါသည်။ သင်ရိုးညွှန်းတမ်း၊ သင်ကြားရေးလုပ်ငန်းစဉ်နှင့် စစ်ဆေးအကဲဖြတ်မှုစနစ်တို့အကြား ဆက်စပ်မှုကို သုံးသပ်နိုင်ရန် အထောက်အကူပြုသော ညွှန်းကိန်းတစ်ခုအဖြစ်လည်း တန်ဖိုးရှိပါသည်။ တန်ဖိုးမြင့်မားသည့် အချက်အလက်တစ်ခုအဖြစ်လည်း ရှုမြင်နိုင်ပါသည်။
ဒေသအလိုက်ရလဒ်များကို ဆန်းစစ်ကြည့်ပါက ပညာရေးအခွင့်အလမ်း၊ သင်ကြားရေးအရင်းအမြစ်များနှင့် ဒေသဆိုင်ရာအခြေအနေများအပေါ်မူတည်၍ အောင်မြင်မှုအဆင့်များတွင် သင့်လျော်သော ကွာခြားမှုများရှိနေသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာအရ တည်ငြိမ်ပြီး မျှတသော တိုးတက်မှုလမ်းကြောင်းကို လည်း တွေ့မြင်နိုင်ပါသည်။
အထူးသဖြင့် မန္တလေးတိုင်းဒေသကြီးသည် အောင်ချက်ရာခိုင်နှုန်း ၆၂ ဒသမ ၂၂ ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံးတွင် ထိပ်တန်းအဆင့်သို့ ရောက်ရှိခဲ့ပြီး ဒေသအလိုက် ပညာရေးစွမ်းဆောင်ရည်၏ အားကောင်းမှုကို ထင်ရှားစွာ ဖော်ပြနေပါသည်။
နိုင်ငံခြားစာစစ်ဌာနများတွင်လည်း ၈၇ ဒသမ ၅၀ ရာခိုင်နှုန်းအထိ မြင့်မားသော အောင်ချက်ရရှိမှုကို တွေ့ရှိရပြီး ပြည်ပရောက် ကျောင်းသားများ၏ သင်ယူမှုအခွင့်အလမ်းနှင့် ပညာရေးအရည် အသွေးတိုးတက်မှုကိုလည်း ထင်ဟပ်စေပါသည်။ ကျန်ပြည်နယ်နှင့် တိုင်းဒေသ ကြီးများတွင်လည်း မျှတကောင်းမွန်သော အောင်မြင်မှုများကို တွေ့မြင်ရပြီး ပညာရေးစနစ်တစ်ခုလုံးအနေဖြင့် တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်တွင် ဆက်လက်ရှေ့ဆက်နေကြောင်း သုံးသပ်နိုင်ပါသည်။
တစ်နိုင်ငံလုံး ပထမ ၅၆၂ မှတ်နှင့် ထူးချွန်မှုမှတ်တမ်း
၂၀၂၅–၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံး အဆင့်အမြင့်ဆုံးရလဒ်ဖြင့် ထိပ်ဆုံးနေရာကို ဆွတ်ခူးရရှိခဲ့သူမှာ ခုံအမှတ် မနတ ၆၇၀၊ မသီရိစိုးဖြစ်ပါသည်။ သူသည် ကပက (CAE)၊ ချမ်းအေးသာစံမြို့နယ်မှ ကျောင်းသူတစ်ဦးဖြစ်ပြီး စုစုပေါင်းရမှတ် ၅၆၂ မှတ် ဟူသော ထူးချွန်ထက်မြက်သည့် စံချိန်တင်အောင်မြင်မှုဖြင့် တစ်နိုင်ငံလုံးအဆင့်တွင် ထိပ်ဆုံးနေရာကို ဂုဏ်ယူဖွယ် ရရှိခဲ့ပါသည်။
မသီရိစိုးသည် စာမေးပွဲတွင် သတ်မှတ်ထားသည့် ဘာသာရပ်ခြောက်ခုဖြစ်သော မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒနှင့် ဇီဝဗေဒတို့တွင်လည်း အလွန်မြင့်မားသောရမှတ်များဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ပြီး ဘာသာစုံဂုဏ်ထူးဖြင့် ပြောင်မြောက်စွာ အောင်မြင်သူ ဖြစ်ပါသည်။
ဤကဲ့သို့ ဘာသာရပ်အားလုံးတွင် တစ်သမတ်တည်း ထူးချွန်စွာ စွမ်းဆောင်နိုင်ခဲ့ခြင်းက ၎င်း၏ စည်းကမ်းရှိသော ကြိုးစားအားထုတ်မှုနှင့် စဉ်ဆက်မပြတ် လေ့လာသင်ယူမှုတို့၏ ရလဒ်ဖြစ်သည့်အပြင် မြန်မာ့ပညာရေးစနစ်၏ စနစ်တကျအကောင်အထည်ဖော်မှုနှင့် သင်ရိုးညွှန်းတမ်းအကောင်အထည်ဖော်မှု၏ ထိရောက်မှုကိုလည်း ထင်ဟပ်စေပါသည်။
သင်ရိုးညွှန်းတမ်း၊ သင်ကြားမှု၊ စစ်ဆေးမှုနှင့် မေးခွန်းများ တစ်ထပ်တည်းကျခြင်း၏ ပြယုဂ်
မသီရိစိုး၏ ၅၆၂ မှတ်အပါအဝင် တစ်နိုင်ငံလုံးအဆင့် ထူးချွန်ကျောင်းသားများ၏ ခြောက်ဘာသာဂုဏ်ထူးရလဒ်များသည် မြန်မာနိုင်ငံ၏ ပညာရေးစနစ်တစ်ခုလုံးတွင် အစိတ်အပိုင်းအမျိုးမျိုးတို့သည် အပြန်အလှန်ချိတ်ဆက်ညီညွတ်စွာ လည်ပတ်နေကြောင်းကို ထင်ရှားစွာ သက်သေပြနေပါသည်။
ဤအောင်မြင်မှုများက သင်ရိုးညွှန်းတမ်း၊ ဆရာ ဆရာမများ၏ သင်ကြားမှု၊ ကျောင်းသားများ၏ လေ့လာသင်ယူမှု၊ စာမေးပွဲမေးခွန်းပြုစုမှုစနစ်နှင့် အမှတ်ပေးစစ်ဆေးအကဲဖြတ်မှုတို့အကြား တစ်ပြိုင်နက်တည်း ညီညွတ်မှုရှိနေခြင်းကို ဖော်ပြနေသော အရေးပါသည့် အထောက်အထားတစ်ခုလည်း ဖြစ်ပါသည်။
အထူးသဖြင့် ပညာရှင်ပါမောက္ခကြီးများက စနစ်တကျရေးဆွဲထားသော မေးခွန်းများသည် သင်ရိုးအတွင်း သတ်မှတ်ထားသည့် ရည်မှန်းချက်များနှင့် ဆရာ ဆရာမများ၏ သင်ကြားပို့ချမှု (Teacher Guide နှင့် Lesson Plan များအပါအဝင်) တို့ကို တိကျစွာ လွှမ်းခြုံနိုင်ခဲ့ခြင်းကြောင့် ကျောင်းသားများ၏လက်တွေ့ သင်ယူမှုအရည်အသွေးနှင့် စာမေးပွဲရလဒ်များအကြား တစ်ထပ်တည်းနီးပါး ကိုက်ညီမှု (Strong Constructive Alignment) ဖြစ်ပေါ်စေခဲ့ပါသည်။
ဤသို့သော အခြေအနေသည် “သင်ကြားသည့်အရာ၊ သင်ယူသည့်အရာနှင့် စစ်ဆေးသည့်အရာ” တို့အကြား အတူတကွညီညွတ်စွာ ချိတ်ဆက်ထားနိုင်ခြင်း၏ ရလဒ်ဖြစ်ပြီး ကျောင်းသားများအနေဖြင့် မိမိတို့လေ့လာထားသည့် အရည်အသွေးများကို ယုံကြည်စိတ်ချစွာ ဖော်ထုတ်ပြသနိုင်သည့် အားကောင်းသော ပညာရေးပတ်ဝန်းကျင်တစ်ခုဖြစ်ကြောင်းကိုလည်း ထင်ဟပ်စေပါသည်။
ရလဒ်အခြေပြုပညာရေး အနှစ်သာရနှင့် နိုင်ငံတကာ ကောင်းမွန်သောအတွေ့အကြုံများ
ကမ္ဘာ့ပညာရေးအဆင့်အတန်းမြင့်မားသည်ဟု အသိအမှတ်ပြုခံရသော ဖင်လန်၊ ဂျပန်နှင့် စင်ကာပူနိုင်ငံတို့၏ ပညာရေးအတွေ့အကြုံများကို သုံးသပ်ကြည့်ပါက ယင်းနိုင်ငံများသည် ကျောင်းသားများအား အလွတ်ကျက်မှတ်မှုအပေါ် အလေးပေးခြင်းထက် သင်ရိုးညွှန်းတမ်း၊ သင်ကြားနည်းလမ်းနှင့် စစ်ဆေးအကဲဖြတ်မှုစနစ်တို့ကို တစ်ပြိုင်နက်ညီညွတ်စွာ ချိတ်ဆက်ထားသည့် ရလဒ်အခြေပြုပညာရေးကို အဓိကမဏ္ဍိုင်အဖြစ် တည်ဆောက်ခဲ့ကြသည်ကို တွေ့ရှိရပါသည်။
ဤချဉ်းကပ်မှု၏ အဓိကအနှစ်သာရမှာ “ကျောင်းသားများ မည်မျှသင်ယူပြီးပြီ”ဟူသည့် အချက်အပေါ် မူတည်၍ ပညာရေးအရည်အသွေးကို တိုင်းတာခြင်းဖြစ်ပြီး စာသင်ခန်းအတွင်း သင်ကြား ပို့ချမှုများသည် လက်တွေ့အသုံးချနိုင်စွမ်းနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးရေးသို့ ဦးတည်သွားစေရန် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။
ဤနိုင်ငံတကာအတွေ့အကြုံများနှင့် ကိုက်ညီစွာ မိမိတို့မြန်မာနိုင်ငံ၏ သင်ရိုးသစ်စနစ်သည်လည်း ၂၁ ရာစု၏ ဒီဂျစ်တယ်အသွင်ပြောင်းလဲမှုနှင့် လူမှုစီးပွားရေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင် ရန် ရည်ရွယ်၍ စနစ်တကျပြန်လည်ရေးဆွဲအကောင်အထည်ဖော်ထားခြင်း ဖြစ်ပါသည်။
ထို့ကြောင့် ယခုနှစ် ကျောင်းသားများ၏ အောင်မြင်မှုများနှင့် ရရှိခဲ့သည့် အရည်အချင်းများသည် ပြည်တွင်းပညာရေးစနစ်အတွင်းသာမက နိုင်ငံတကာအဆင့်တွင်ပါ ယှဉ်ပြိုင်နိုင်စွမ်းရှိသော အရည်အချင်းအခြေခံအာမခံချက်တစ်ခုအဖြစ် တန်ဖိုးထားနိုင်မည်ဖြစ်ပြီး မြန်မာ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးအတွက်လည်း အရေးပါသော ခြေလှမ်းတစ်ခုအဖြစ် ရှုမြင်နိုင်ပါသည်။
သင်ရိုးသစ်၏ တတိယခြေလှမ်းနှင့် လူငယ်မောင်မယ်များ၏ အနာဂတ်အလင်းရောင်
မြန်မာနိုင်ငံ၏ KG+12 ပညာရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်အတွင်း ၂၀၂၅–၂၀၂၆ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲရလဒ်များသည် သင်ရိုးသစ်အကောင်အထည်ဖော်မှု၏ (တတိယခြေလှမ်း) အဖြစ် အောင်မြင်မှုမှတ်တိုင်သစ်တစ်ခုကို ခိုင်မာစွာ ထူထောင်နိုင်ခဲ့ပါသည်။
ဤအောင်မြင်မှုသည် ကျောင်းသားများအား အလွတ်ကျက်မှတ်မှုအပေါ်သာ မူတည်စေခြင်းမဟုတ်ဘဲ တွေးခေါ်နိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်းနှင့် လက်တွေ့အသုံးချနိုင်စွမ်းတို့ကို တစ်ပြိုင်နက် ဖွံ့ဖြိုးစေရန် ရည်ရွယ်သော စနစ်သစ်၏ အကျိုးသက်ရောက်မှုကို လက်တွေ့ဖော်ပြနေပါသည်။ ထို့ကြောင့် စာမေးပွဲသည် အတား အဆီးတစ်ခုမဟုတ်တော့ဘဲ မိမိတို့၏အရည်အချင်းကို ယုံကြည်စွာ ထုတ်ဖော်ပြသနိုင်သည့် အခွင့်အလမ်းတစ်ခုအဖြစ် ပိုမိုတန်ဖိုးရှိလာပြီး နောင်မျိုးဆက်များအတွက်လည်း ပညာရေး အနာဂတ်ကို ပိုမိုတောက်ပစေမည့် လမ်းပြမြေပုံတစ်ခုအဖြစ် တည်ရှိနေပါသည်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ရလဒ်များ - အမှတ်အများဆုံး Top 10 မှတ်တမ်း
ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲအလိုက် တစ်နိုင်ငံလုံးအဆင့် အမှတ်အများဆုံး ရရှိခဲ့သည့် ထူးချွန်ကျောင်းသားများ၏ မှတ်တမ်းကို အောက်ပါအတိုင်း ဖော်ပြ အပ်ပါသည်-
(Top -1) မသီရိစိုး - ခုံအမှတ် မနတ ၆၇၀၊ ကပက (CAE) ချမ်းအေးသာစံ - ၅၆၂ မှတ်
(Top 2 – 10 )
မအေးချမ်းမြေ့ - ဖမက ၃၄၉၊ မကွေး - ၅၅၆ မှတ်
မောင်စည်သူဗိုလ် - မနအ ၁၄၁၊ မဟာအောင်မြေ - ၅၅၆ မှတ်
မသက်နှင်းစံ - ဆဒဂ ၆၃၊
ဒဂုံ(၁) - ၅၅၃ မှတ်
မောင်ဉာဏ်ဟိန်းဇေ - ဖမက ၂၈၄၊ မကွေး - ၅၅၂ မှတ်
မမေဇင်ဖုန်းမြတ် - မနတ ၈၅၉၊ ချမ်းအေးသာစံ - ၅၅၁ မှတ်
မအိကေဇင် - မနအ ၁၉၄၂၊ မဟာအောင်မြေ - ၅၅၁ မှတ်
မသင်းပျံ့ပြည့်စုံခင် - မမလ၂၉၈၊ မလှိုင် - ၅၅၁ မှတ်
မောင်ဘုန်းတေဇသွေး - ဖမက ၅၅၉၁၊ မကွေး - ၅၅၀ မှတ်
မဆောင်းနှင်းဖြူ - မနအ ၁၉၈၀၊ မဟာအောင်မြေ - ၅၅၀ မှတ်
မခင်ငြိမ်းစု - မမလ ၃၆၆၊
မလှိုင် - ၅၅၀ မှတ်
ရလဒ်များကို သုံးသပ်ကြည့်ပါက အစိုးရကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများမှ ကျောင်းသားများ ပါဝင်နေပြီး အားလုံးသည် ခြောက်ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည်ကို တွေ့ရှိရသည်။ ယင်းသည် မြန်မာ့ပညာရေးစနစ်၏ အရည်အသွေးမြှင့်တင်မှုနှင့် ဘက်စုံညီညွတ်တိုးတက်မှုကို ထင်ဟပ်စေသော အရေးပါသည့် မှတ်တိုင် တစ်ခုအဖြစ် တန်ဖိုးရှိစွာ ရပ်တည်နေပါသည်။
စုစည်းဖော်ပြရမည်ဆိုပါက ၂၀၂၅–၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်မှုရလဒ်များသည် ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနအသီးသီး၏ မဟာဗျူဟာမြောက် စီမံခန့်ခွဲမှု၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခကြီးများ၏ စံချိန်မီမေးခွန်းပြုစုမှု၊ အခြေခံပညာ ဆရာ ဆရာမများ၏ စေတနာပါသော သင်ကြားပို့ချမှုနှင့် ကျောင်းသားလူငယ်များ၏ ကြိုးစားအားထုတ်မှုတို့ အတူတကွ ပေါင်းစည်းဖြစ်ပေါ်လာသည့် အမျိုးသားရေးအဆင့် ဂုဏ်ယူဖွယ်ရာ အောင်မြင်မှုအသီးအပွင့်များ ဖြစ်ပါသည်။
ဤအလွန်တောက်ပလှသော အောင်မြင်မှုအခါသမယတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူလေးများအားလုံးကို လှိုက်လှဲစွာ ဂုဏ်ပြုအပ်ပါသည်။ အထူးသဖြင့် တစ်နိုင်ငံလုံး ပထမနေရာကို ၅၆၂ မှတ်ဖြင့် ထူးချွန်စွာ ရရှိခဲ့သည့် သမီးငယ် မသီရိစိုးအားလည်း ပညာရေးဝန်ကြီးဌာနကိုယ်စား အထူးလေးစားဂုဏ်ပြုကြောင်း ဖော်ပြအပ်ပါ သည်။
သင်ရိုးသစ်၏ တတိယခြေလှမ်းအဖြစ် ရရှိလာသော အောင်မြင်မှုများသည် အနာဂတ်လူ့စွမ်းအားအရင်းအမြစ်ကို ပိုမိုခိုင်မာအားကောင်းစေမည့် အခြေခံတစ်ရပ်ဖြစ်ပြီး နိုင်ငံတော်၏ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော မှတ်တိုင်တစ်ခုလည်းဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
