မဟာဗျူဟာမြောက် စွမ်းအင်စီမံကိန်းနှင့် အမြင်သစ် မြန်မာနိုင်ငံ၏ အနာဂတ် အပိုင်း (၁)
ကောင်းပြည့်
ယနေ့ကမ္ဘာတွင် လူဦးရေတိုးပွားလာမှုနှင့်အတူ စက်မှုကဏ္ဍသည်လည်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးလာရာ စွမ်းအင်လိုအပ်ချက်မှာ ယခင်ကထက် အဆမတန်မြင့်မားလျက်ရှိပါသည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် လူသားတို့သည် ကျောက်မီးသွေးနှင့် ရေနံကဲ့သို့သော ရုပ်ကြွင်းလောင်စာများကို ဆယ်စုနှစ်ပေါင်းများစွာ အားကိုးခဲ့ကြသော်လည်း ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများကြောင့် ယခုအခါ ကမ္ဘာကြီးသည် “ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်” (Renewable Energy) ကို အသုံးချ၍ စွမ်းအင်ထုတ်လုပ်သည့်စနစ်သို့ အလေးအနက် ဦးတည်ပြောင်းလဲလာပြီဖြစ်ပါသည်။
ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များစွာထဲတွင် ရေအားလျှပ်စစ်သည် ကမ္ဘာပေါ်၌ အသုံးအများဆုံးနှင့် ယုံကြည်စိတ်ချရဆုံးသော ပတ်ဝန်းကျင်ကို အကျိုးပြုသည့် စွမ်းအင်တစ်ခုအဖြစ် ရပ်တည်နေပါသည်။ ရေအားလျှပ်စစ်စွမ်းအင်သည် ကမ္ဘာ့လျှပ်စစ်ထုတ်လုပ်မှုစုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းကျော်ကို ဖြည့်ဆည်းပေးနေပြီး ကာဗွန်ထုတ်လွှတ်မှုအနည်းဆုံးဖြစ်စေသည့်အတွက် ကမ္ဘာကြီးပူနွေးမှုကို တိုက်ဖျက်ရာတွင်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါသည်။
လက်ရှိကမ္ဘာပေါ်တွင် ရေအားလျှပ်စစ်ကို အဓိကထားထုတ်လုပ်နေသည့် ထိပ်တန်းနိုင်ငံများကို လေ့လာကြည့်မည်ဆိုပါက တရုတ်နိုင်ငံသည် ကမ္ဘာ့ပထမနေရာမှနေ၍ နိုင်ငံ၏ဧရာမစက်မှုကဏ္ဍကြီးကို လည်ပတ်စေရန် ရေအားလျှပ်စစ်ကို အသုံးချလျက်ရှိသကဲ့သို့ ဘရာဇီးနိုင်ငံသည်လည်း ထိုနိုင်ငံရှိ လျှပ်စစ်လိုအပ်ချက် ၆၀ ရာခိုင်နှုန်းကျော်ကို ရေအားမှ ရယူကာ တောင်အမေရိကတိုက်၏ စွမ်းအင်အချက်အချာ ဖြစ်လာပါသည်။
ထို့အတူ နော်ဝေနိုင်ငံသည် သူ့နိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်မှု ၉၀ ရာခိုင်နှုန်းကျော်ကို ရေအားဖြင့်သာ လည်ပတ်နေသည့် စံပြနိုင်ငံဖြစ်ပြီး ကနေဒါနိုင်ငံသည်လည်း ပိုလျှံသောလျှပ်စစ်ဓာတ်အားများကို ပြည်ပသို့ တင်ပို့နိုင်သည်အထိ အောင်မြင်မှုများ ရရှိနေသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ စီမံကိန်း ကြီးများက ရိုးရှင်းသောကွန်ကရစ်တံတိုင်းကြီးများမဟုတ်ဘဲ လူသားတို့၏ ဆန်းသစ်သော အင်ဂျင်နီယာအတတ်ပညာနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးမူဝါဒတို့ကို ဟန်ချက်ညီညီ ပေါင်းစပ်ထုဆစ်ထားသည့် ကမ္ဘာ့အံ့ဖွယ်များဖြစ်ပါသည်။ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဂေဟစနစ်ထိန်းသိမ်းမှုကို မည်သို့မျှတစွာ လုပ်ဆောင်နိုင်သည်ဆိုသည့် သင်ခန်းစာကို ကမ္ဘာကျော်စီမံကိန်းကြီးများဖြစ်သော အီတိုင်းပု (Itaipu) နှင့် မြစ်ကျဉ်းသုံးသွယ်ရေကာတာ (Three Gorges Dam) တို့က သက်သေပြလျက်ရှိပါသည်။
စာရေးသူက ထိုကမ္ဘာကျော်စီမံကိန်းကြီးများ၏ အောင်မြင်မှုများကို လေ့လာပြီး မြန်မာနိုင်ငံ၏ အနာဂတ်စွမ်းအင်ကဏ္ဍအတွက် မရှိမဖြစ်လိုအပ်သော မြစ်ဆုံစီမံကိန်းအပေါ် မည်သို့အကျိုးပြုနိုင် မည်ကို အသေးစိတ်တင်ပြသွားမည်ဖြစ်ပါသည်။
ဘရာဇီးနှင့် ပါရာဂွေးနိုင်ငံတို့၏ နယ်စပ်ရှိ ပါရာနားမြစ် (Paranã River) ပေါ်တွင် ခံ့ညားထည်ဝါစွာ တည်ရှိနေသော အီတိုင်းပု (Itaipu) ရေအားလျှပ်စစ်စီမံကိန်းသည် လူသားတို့၏ ဆန်းသစ်သော အင်ဂျင်နီယာအတတ်ပညာနှင့် သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့ရေးမူဝါဒတို့ကို ဟန်ချက်ညီညီ ပေါင်းစပ်ထုဆစ်ထားသည့် ကမ္ဘာ့အံ့ဖွယ်တစ်ခုဖြစ်ပါသည်။ အဆိုပါစီမံကိန်းသည် ဆယ်စုနှစ်များစွာတိုင်အောင် ကမ္ဘာ့အကြီးဆုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ရာ အချက်အချာနေရာအဖြစ် ဂုဏ်ယူစွာ ရပ်တည်နိုင်ခဲ့ပြီး ယနေ့ထက်တိုင်အောင်ပင် တောင်အမေရိကတိုက်၏ စွမ်းအင်ကဏ္ဍတွင် မရှိမဖြစ်အရေးပါသော ကျောရိုးတိုင်အဖြစ် ခိုင်မာစွာ တည်ရှိနေပါသည်။
သဘာဝမြစ်ကြောင်း၏ အရှိန်အဟုန်ကို အသုံးချကာ နိုင်ငံနှစ်နိုင်ငံ၏ စီးပွားရေးအနာဂတ်ကို လင်းထိန်စေခဲ့သည့် အဆိုပါစီမံကိန်းသည် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဂေဟစနစ်ထိန်းသိမ်းမှုကို မည်သို့မျှတစွာ ဖော်ဆောင်နိုင်သည်ဆိုသည့် သင်ခန်းစာကို ကမ္ဘာကို ထင်ရှားစွာပြသလျက်ရှိပါသည်။
၁၉၆၀ ပြည့်နှစ်များအတွင်း ဘရာဇီးနှင့် ပါရာဂွေးနှစ်နိုင်ငံစလုံးသည် လျင်မြန်စွာ တိုးတက်လာသော စက်မှုကဏ္ဍအတွက် လိုအပ်သည့် စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းရန် နယ်စပ်မြစ်ကြောင်းကို အသုံးချနိုင်မည့်နည်းလမ်းများကို အဖြေရှာခဲ့ကြပါသည်။ ထိုသို့ကြိုးပမ်းခဲ့ရာမှ ၁၉၆၆ ခုနှစ်တွင် "Iguaçu Act" ကို အောင်မြင်စွာလက်မှတ်ရေးထိုးနိုင်ခဲ့ပြီးနောက် ၁၉၇၃ ခုနှစ်တွင် "Itaipu Binacional" အမည်ရှိ အဖွဲ့အစည်းကို ပူးပေါင်းဖွဲ့စည်းကာ ဧရာမဆည်ကြီး တည်ဆောက်ရေးလုပ်ငန်းကို စတင်ခဲ့ပါသည်။ ယင်းစာချုပ်သည် နိုင်ငံနှစ်နိုင်ငံအကြား သဘာဝအရင်းအမြစ်များကို တန်းတူညီမျှခွဲဝေသုံးစွဲခြင်းဆိုင်ရာ ကမ္ဘာ့အကောင်းဆုံးစံနမူနာတစ်ခု ဖြစ်လာခဲ့ပါသည်။
အီတိုင်းပုဆည်ကို တည်ဆောက်ရာတွင် အသုံးပြုခဲ့သည့် ကုန်ကြမ်းပစ္စည်းပမာဏမှာ အံ့မခန်းဖွယ်ရာ ဖြစ်ပါသည်။ ဆည်တစ်ခုလုံးအတွက် အသုံးပြုခဲ့သော ကွန်ကရစ်ပမာဏသည် ကုဗမီတာ ၁၂ ဒသမ ၃ သန်းရှိပြီး ထိုပမာဏမှာ အင်္ဂလန်နှင့် ပြင်သစ်ကို ဆက်သွယ်ထားသည့် ချန်နယ်ဥမင်လိုဏ်ခေါင်း (Channel Tunnel) ၂၁ ခု စာ တည်ဆောက်နိုင်သည့်ပမာဏနှင့် ညီမျှပါသည်။ ထို့ပြင် အသုံးပြုခဲ့သည့် သံနှင့် သံမဏိပမာဏမှာလည်း ပဲရစ်မြို့ရှိ အီဖယ်မျှော်စင် (Eiffel Tower) ပေါင်း ၃၈၀ ခန့် တည်ဆောက်နိုင်သည်အထိ များပြားလှပါသည်။ ဆည်၏အမြင့်မှာ ၁၉၆ မီတာ (အထပ် ၆၅ ထပ်ရှိသော အဆောက်အအုံခန့်) ရှိပြီး အရှည်အားဖြင့် ၇ ဒသမ ၉ ကီလို မီတာကျော်အထိ ရှည်လျားသဖြင့် လူသားတို့၏အင်ဂျင်နီယာစွမ်းပကားကို ထင်ဟပ်စေသော ပြယုဂ်တစ်ခုဖြစ်ပါသည်။
၁၉၇၈ ခုနှစ်တွင် အင်ဂျင်နီယာများက ကမ္ဘာ့အကြီးဆုံးမြစ်ကြောင်း လမ်းလွှဲမှုတစ်ခုကို ပြုလုပ် ခဲ့ပါသည်။ ကမ္ဘာ့အကြီးဆုံးမြစ်ကြောင်းများထဲမှ တစ်ခုဖြစ်သော ပါရာနားမြစ်ကို လမ်းလွှဲရန်အတွက် အရှည် ၂ ကီလိုမီတာ၊ အကျယ်မီတာ ၁၅၀ ရှိသော လမ်းကြောင်းသစ်ကို ကျောက်တောင်ကြီးများ အတွင်း ဖောက်ခွဲဖန်တီးခဲ့ရပါသည်။ ယင်းသို့သော ကြိုးပမ်းအားထုတ်မှုသည် ထိုခေတ်အခါက အင်ဂျင်နီယာလောက၏ အကြီးမားဆုံးစိန်ခေါ်မှုတစ်ခု ဖြစ်ခဲ့ပါသည်။
အီတိုင်းပုတွင် တစ်ခုလျှင် မဂ္ဂါဝပ် (MW) ၇၀၀ ထုတ်လုပ်နိုင်သော ဧရာမတာဘိုင်စက်ကြီး အလုံး ၂၀ တပ်ဆင်ထားသဖြင့် စုစုပေါင်းထုတ်လုပ်နိုင်စွမ်းမှာ မဂ္ဂါဝပ် ၁၄၀၀၀ ရှိပါသည်။ ထူးခြားချက်မှာ ဘရာဇီးသည် 60Hz စနစ်ကို အသုံးပြုပြီး ပါရာဂွေးသည် 50Hz စနစ်ကို အသုံးပြုခြင်းဖြစ်ပါသည်။ ထို့ကြောင့် တာဘိုင်စက် ၁၀ လုံးသည် 50Hz နှင့် ကျန် ၁၀ လုံးသည် 60Hz ဖြင့် လည်ပတ်လျက်ရှိကာ စွမ်းအင်များကို လိုအပ်သလို ပြောင်းလဲပေးပို့နိုင်သော နည်းပညာစနစ်ကို ကျင့်သုံးပါသည်။
အီတိုင်းပုစီမံကိန်းသည် ပါရာဂွေးနိုင်ငံ၏ စုစုပေါင်းလျှပ်စစ်လိုအပ်ချက် ၇၅ ရာခိုင်နှုန်းကျော်နှင့် ဘရာဇီးနိုင်ငံ၏ လိုအပ်ချက် ၁၅ ရာခိုင်နှုန်းခန့်ကို ဖြည့်ဆည်းပေးလျက်ရှိပါသည်။ အဆိုပါစီမံကိန်းမှ နှစ်စဉ်ပျမ်းမျှအားဖြင့် လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ်နာရီ (MWh) သန်း ၉၀ ကျော် ထုတ်လုပ်ပေးနေပြီး ယင်းပမာဏသည် နှစ်နိုင်ငံစလုံး၏ စက်မှုကဏ္ဍနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သော အဓိကမဏ္ဍိုင်ဖြစ်လာခဲ့ပါသည်။
အီတိုင်းပုစီမံကိန်း၏ အထူးခြားဆုံးအောင်မြင်မှုတစ်ခုမှာ သဘာဝပတ်ဝန်းကျင်ပြန်လည်ထိန်းသိမ်းရေးလုပ်ငန်းများဖြစ်ပါသည်။ ဆည်ပတ်လည်တွင် “ဇီဝမျိုးစုံမျိုးကွဲစင်္ကြံ” (Biodiversity Corridor) ကို တည်ထောင်ခဲ့ပြီး သစ်ပင်ပေါင်း သန်း ၄၀ ကျော်ကို ပြန်လည်စိုက်ပျိုးခဲ့ပါသည်။ သစ်တောများသည် ဆည်အတွင်း နုန်းဝင်ရောက်မှုကို ကာကွယ်ပေးသကဲ့သို့ တောရိုင်းတိရစ္ဆာန်များအတွက် ဘေးမဲ့တောသဖွယ်ဖြစ်ပေါ်စေခဲ့ပါသည်။
ထို့အပြင် ငါးသယံဇာတများ မပြုန်းတီးစေရန်အတွက် "Canal da Piracema" ဟု ခေါ်သော ၁၀ ကီလိုမီတာ ရှည်လျားသည့် ငါးကူးလမ်းကြောင်းကို တည်ဆောက်ခဲ့ပါသည်။ ထိုလမ်းကြောင်းသည် ငါးများအတွက် မီတာ ၁၂၀ မြင့်သော ဆည်ကြီးကို ဘေးကင်းစွာကျော်ဖြတ်ကာ မြစ်အထက်ပိုင်းသို့ သဘာဝအတိုင်း ဆန်တက်နိုင်ရန် လမ်းဖွင့်ပေးထားခြင်းဖြစ်ပါသည်။ ရေအရည်အသွေးကို ထိန်းသိမ်းရန်နှင့် နုန်းပို့ချမှုကို လျှော့ချရန်အတွက် ခေတ်မီနည်းပညာများကို အသုံးပြုထားခြင်းကြောင့်လည်း မြစ်ကြောင်း၏ ဂေဟစနစ်မှာ ရေရှည်တည်တံ့နေခြင်းဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ချက်များကြောင့် အီတိုင်းပုသည် စွမ်းအင်ထုတ်လုပ်မှုနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အကောင်းဆုံးပေါင်းစပ်နိုင်သည့် စံပြစီမံကိန်းတစ်ခုအဖြစ် ရပ်တည်နေပါ သည်။
ဆည်တစ်ခု၏ ရေရှည်တည်တံ့ခိုင်မြဲမှုသည် နုန်းမြေပို့ချမှုကို မည်မျှထိရောက်စွာ ထိန်းချုပ်နိုင်သည်ဆိုသည့် အချက်အပေါ်တွင် များစွာမူတည်ပါသည်။ ဆည်အတွင်းနုန်းမြေများ ပိတ်မိမှုကို လျှော့ချရန်နှင့် မြစ်အောက်ပိုင်းရှိ မြေဆီလွှာအရည်အသွေးကို မထိခိုက်စေရန်အတွက် ခေတ်မီနုန်းထုတ်ပြွန်စနစ်များ (Sediment Management Systems) ကို အသုံးပြုလျက်ရှိပါသည်။ ထိုကဲ့သို့ စနစ်တကျစီမံခန့်ခွဲမှုများကြောင့် ဆည်၏သက်တမ်းကို နှစ်ပေါင်း ၂၀၀ နီးပါးအထိ ရှည်ကြာစေရန် ရည်မှန်းထားခြင်း ဖြစ်ပါသည်။
ထို့အပြင် လက်ရှိတွင် လည်ပတ်မှုသက်တမ်း ဆယ်စုနှစ် လေးခုနီးပါးရှိလာပြီဖြစ်သော စက်ကိရိယာများကို ခေတ်မီဒီဂျစ်တယ်စနစ်များဖြင့် အစားထိုးသည့် "Technological Modernization" အစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ယခုကဲ့သို့ နည်းပညာအဆင့်မြှင့်တင်ခြင်း သည် လျှပ်စစ်ထုတ်လုပ်မှု စွမ်းဆောင်ရည်ကို ပိုမိုမြင့်မားစေရုံသာမက ဆည်ကြီးအား နောင်လာမည့် ဆယ်စုနှစ်ပေါင်းများစွာအထိ ဘေးကင်းချောမွေ့စွာဖြင့် ရေရှည်တည်တံ့ခိုင်မြဲစွာ လည်ပတ်နိုင်စေမည် ဖြစ်ပါသည်။
ဆည်အတွင်းတွင် အာရုံခံကိရိယာ (Sensors) ပေါင်း ၂၅၀၀ ကျော် တပ်ဆင်ထားပြီး ဆည်၏ကြံ့ခိုင်မှု၊ ရေဖိအားနှင့် မြေငလျင်ဒဏ်ခံနိုင်ရည်ရှိမှုတို့ကို ၂၄ နာရီပတ်လုံး စောင့်ကြည့်နေပါသည်။ ထိုသို့ စနစ်တကျ ဂရုတစိုက်ထိန်းသိမ်းခြင်းကြောင့် အီတိုင်းပုသည် ကမ္ဘာ့ဘေးအကင်းဆုံးဆည်များထဲတွင် ပါဝင်နေပါသည်။ အီတိုင်းပုသည် "Itaipu Technological Park" (PTI) ကို တည်ထောင်ကာ စွမ်းအင်နှင့် နည်းပညာဆိုင်ရာသုတေသနများကို ပံ့ပိုးပေးလျက်ရှိပါသည်။ အဆိုပါနည်းပညာဥယျာဉ် သည် ကျောင်းသားများနှင့် သုတေသီများအတွက် ခေတ်မီနည်းပညာများကို လေ့လာနိုင်မည့် ဗဟိုချက် တစ်ခုဖြစ်ပါသည်။
စီမံကိန်းသည် နှစ်နိုင်ငံအစိုးရထံသို့ နှစ်စဉ် "Royalty" ခေါ် အခွန်ငွေအမြောက်အမြားပေးဆောင်လျက်ရှိပြီး ထိုရန်ပုံငွေများကို ကျန်းမာရေး၊ ပညာရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးချလျက်ရှိပါသည်။ ထိုသို့လုပ်ဆောင်နိုင်ခြင်းသည် ဒေသခံပြည်သူများ၏ လူနေမှုဘဝကို တိုက်ရိုက်မြှင့်တင်ပေးနိုင်ခဲ့ပါသည်။
ထို့ပြင် အီတိုင်းပုသည် ခရီးသွားလုပ်ငန်းအတွက်လည်း အထူးဆွဲဆောင်မှုရှိသော နေရာတစ်ခုလည်းဖြစ်ပါသည်။ ဆည်ကြီး၏ ခံ့ညားထည်ဝါမှု၊ ရေပိုလွှဲ (Spillway) မှ ရေများအဟုန်ပြင်းစွာ စီးဆင်းပုံနှင့် ညဘက်တွင် လျှပ်စစ်မီးအလှများဖြင့် ဝေဝေဆာဆာဆင်ယင်ထားမှုတို့သည် နှစ်စဉ်ကမ္ဘာလှည့် ခရီးသွားသန်းပေါင်းများစွာကို ဆွဲဆောင်လျက်ရှိပါသည်။
ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးတွင်လည်း အီတိုင်းပု၏ အခန်းကဏ္ဍမှာ အလွန်ကြီးမားလှပါသည်။ အဆိုပါစီမံကိန်းမှ ထုတ်လုပ်သော ရေအားလျှပ်စစ်သည် နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ် တန်ချိန်သန်းပေါင်းများစွာ လေထုအတွင်းရောက်ရှိမှုကို ဟန့်တားပေးထားပါသည်။ ယင်းကဲ့သို့သော လက်တွေ့ဆောင်ရွက်ချက်များသည် ကမ္ဘာကြီးပူနွေးမှုကို တိုက်ဖျက်ရာတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သည် မည်မျှအရေးပါကြောင်း သက်သေပြနေသည့် ပြယုဂ်တစ်ခုပင် ဖြစ်ပါသည်။
အနှစ်ချုပ်အားဖြင့် အီတိုင်းပုစီမံကိန်းသည် နည်းပညာစွမ်းပကားနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးကို မည်သို့ဟန်ချက်ညီအောင် တည်ဆောက်ရမည်ဆိုသည့် ပြယုဂ်တစ်ခုပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း ထိုသို့သော စံပြစီမံကိန်းကြီးများ၏ အတွေ့အကြုံကို ရယူကာ စွမ်းအင်လိုအပ်ချက်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အချိုးညီညီ ပေါင်းစပ်နိုင်ပါက ရေအားလျှပ်စစ်ကဏ္ဍသည် တိုင်းပြည်၏ စီးပွားရေးအရှိန်အဟုန်ကို မြှင့်တင်ပေးမည့် အဓိကမောင်းနှင်အားဖြစ်လာမည်မှာ မလွဲဧကန် ဖြစ်ပေတော့သည်။ ။
