Skip to main content

ခရီးသွားအတွေ့အကြုံများမှ စိုက်ပျိုးမွေးမြူရေး၊ သစ်တော၊ ပတ်ဝန်းကျင်နှင့် ဆက်စပ်ဘာသာရပ်များအတွက် အတွေးတစ်စ (အပိုင်း-၃၁)

ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားသော အလုပ်အကိုင်ဈေးကွက်အတွက် စိုက်ပျိုးမွေးမြူရေးဘွဲ့ရများကို ပြန်လည်ပညာသင်ကြားပေးခြင်း

ဒေါက်တာမျိုးကြွယ် (ပါမောက္ခချုပ်-ငြိမ်း)

ဩစတြေးလျနိုင်ငံ စိုက်ပျိုးမွေးမြူရေးကဏ္ဍ နိုင်ငံတကာတွင် ထိပ်တန်းရောက်နေရခြင်းသည် စိုက်ပျိုးမွေးမြူရေးပညာ အဆင့်မြင့်ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း ပညာရေးတို့ နှစ်စဉ်တိုးတက်ပြောင်းလဲသင်ကြား၊ သုတေသနပြုလာမှုအပေါ်မူတည်၍ တိုးတက်နေပါသည်။ ထိုနိုင်ငံတက္ကသိုလ်များရှိ စိုက်ပျိုးမွေးမြူရေး ပညာသင်ကြား၊ သုတေသနများ ဆောင်ရွက်နေမှုတို့ကို အမိနိုင်ငံအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ ဆက်လက်ဆွေးနွေးလိုပါသည်။

ယနေ့ကမ္ဘာ့အလုပ်အကိုင်ဈေးကွက်သည် နည်းပညာတိုးတက်မှု၊ ရာသီဥတုပြောင်းလဲမှု၊ ကမ္ဘာလုံးဆိုင်ရာယှဉ်ပြိုင်မှု၊ ဒီဂျစ်တယ်ပြောင်းလဲမှုနှင့် စားသုံးသူလိုအပ်ချက်များ ပြောင်းလဲလာမှုတို့ကြောင့် အလွန်လျင်မြန်စွာ ပြောင်းလဲလျက်ရှိပါသည်။

တက္ကသိုလ်ဘွဲ့ရအများစုတွင် သီအိုရီပညာအခြေခံကောင်းမွန်သော်လည်း အလုပ်ရှင်များက ယနေ့ခေတ်တွင် လက်တွေ့လုပ်ငန်းကျွမ်းကျင်မှု၊ ဒီဂျစ်တယ်နည်းပညာအသုံးပြုနိုင်မှု၊ ပြဿနာဖြေရှင်းနိုင်မှု၊ ဆက်သွယ်ပြောဆိုနိုင်မှုနှင့် စီးပွားရေးစွမ်းဆောင်ရည်တို့ကို ပိုမိုလိုအပ်လာကြပါသည်။

ဤပြဿနာသည် စိုက်ပျိုးမွေးမြူရေးဘွဲ့ရများအတွက် ပို၍အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့ခေတ်စိုက်ပျိုးရေးသည် ရိုးရာစိုက်ပျိုး မွေးမြူရေးမှ နည်းပညာအခြေပြု၊ သိပ္ပံအခြေပြု၊ အချက်အလက်အခြေပြုစိုက်ပျိုးမွေးမြူရေး (Smart Agriculture) သို့ ပြောင်းလဲလာပြီဖြစ်သောကြောင့် ဖြစ်ပါသည်။

ယနေ့ခေတ် စိုက်ပျိုးရေးပညာရှင်တစ်ဦးသည် အထူးသဖြင့် တိကျစိုက်ပျိုးရေး၊ ရာသီဥတုလိုက်လျောညီထွေ စိုက်ပျိုးရေး၊ စိုက်ပျိုးရေး စီးပွားရေးစီမံခန့်ခွဲမှု၊ ဉာဏ်ရည်တု၊ အဝေးမှထိန်းသိမ်းခြင်း၊ ဇီဝနည်းပညာ၊ အစားအစာလုံခြုံရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေး၊ နိုင်ငံတကာဈေးကွက် စသည့်ခေတ်မီပညာရပ်များကို နားလည်ထားရန် လိုအပ်လာပါသည်။

ထို့ကြောင့် ဘွဲ့ရများကို ပြန်လည်ပညာပေးခြင်းဆိုသည်မှာ တက္ကသိုလ်တွင် သင်ယူခဲ့သောပညာရပ်များနှင့် အလုပ်ဈေးကွက်၏ လိုအပ်ချက်များအကြား ကွာဟမှုကို ဖြည့်ဆည်းပေးနိုင်ရန် အသိပညာ၊ ကျွမ်းကျင်မှု၊ အတွေ့အကြုံနှင့် အရည်အသွေးများကို ထပ်မံမြှင့်တင်ပေးခြင်းဖြစ်ပါသည်။

ဤစနစ်မှာ ဘွဲ့ရများ၏ အသိပညာ၊ နည်းပညာ ကျွမ်းကျင်မှု၊ လုပ်ငန်းကျွမ်းကျင်မှုနှင့် စိတ်နေသဘောထားများကို ယနေ့နှင့် အနာဂတ်အလုပ်ဈေးကွက်၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် ပြန်လည်မွမ်းမံမြှင့်တင်ပေးသည့် လုပ်ငန်းစဉ်ဖြစ်သည်။

ယင်းတွင် ပါဝင်သည်များမှာ —

- အသိပညာမြှင့်တင်ခြင်း၊

- အသက်မွေးဝမ်းကျောင်းပြောင်းလဲရန် ကျွမ်းကျင်မှုအသစ်သင်ယူခြင်း၊

- တစ်သက်တာသင်ယူမှု၊

- ပညာရပ်တစ်ခုချင်း တတ်မြောက် အောင်မြင်လက်မှတ်ရရှိမှု၊

- လုပ်ငန်းခွင်အတွေ့အကြုံ၊

- ဒီဂျစ်တယ်ပညာကျွမ်းကျင်မှု၊

-ခေါင်းဆောင်နိုင်မှုတို့ ပါဝင်ပါသည်။

အဘယ်ကြောင့် မွမ်းမံသင်တန်းများ လိုအပ်သနည်း

(၁) နည်းပညာတိုးတက်မှု အလွန်မြန်ဆန်လာခြင်း

ယနေ့စိုက်ပျိုးရေးသည် Agriculture 4.0 ခေတ်သို့ ရောက်ရှိနေပြီဖြစ်သည်။ အသုံးများလာသော နည်းပညာများမှာ - ဉာဏ်ရည်တု၊ စက်ဖြင့်/ ကွန်ပျူတာစနစ်ကို လေ့လာသည့် စွမ်းရည်၊ အင်တာနက်၊ ဒရုန်းနည်းပညာ၊ ဂြိုဟ်တုစနစ်ဖြင့် စိုက်ပျိုးရေးကို အသုံးပြုခြင်း၊ ဂျီပီအက်စ်ပါသောထွန်စက်၊ ရိုဘော့စက်ရုပ်၊ အချက်အလက်များ၊ ဘလော့ချိန်း (Block-chain)၊ ခေတ်မီရေသွင်းစနစ်၊ ဒီဂျစ်တယ်နည်းပညာဖြင့် လယ်ယာမြေ၊ စာရင်းဇယားများ စီမံခန့်ခွဲခြင်းတို့ ဖြစ်ကြသည်။ တက္ကသိုလ်တွင် အထွေထွေစိုက်ပျိုးရေးပညာသာသင်ယူခဲ့သော ဘွဲ့ရအများစုသည် ဤနည်းပညာများကို မကျွမ်းကျင်သေးနိုင်ပါ။

(၂) အလုပ်ရှင်များ၏ လိုအပ်ချက်များ ပြောင်းလဲလာခြင်း

ယနေ့အလုပ်ရှင်၊ ကုမ္ပဏီများသည် - ပြဿနာဖြေရှင်းနိုင်သူ၊ အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်သူ၊ ဆက်သွယ်ပြောဆိုကောင်းသူ၊ အချက်အလက်ကို ခွဲခြမ်းစိတ်ဖြာနိုင်သူ၊ ဒီဂျစ်တယ်စနစ် အသုံးပြုနိုင်သူ၊ ဆုံးဖြတ်ချက်ကောင်းချနိုင်သူ၊ လူများစွာကို ခေါင်းဆောင်နိုင်သူ၊ အပြောင်းအလဲကို လက်ခံနိုင်သူများကို အလိုရှိကြပါသည်။

(၃) ရာသီဥတုပြောင်းလဲမှု

ယနေ့စိုက်ပျိုးရေးသည် မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ အပူချိန်မြင့်တက်ခြင်း၊ ပိုးမွှားရောဂါအသစ်များ ဖြစ်ပေါ်လာခြင်း၊ မိုးခေါင်ရေရှားပါးခြင်းတို့ကို ရင်ဆိုင်နေရပါသည်။ ထို့ကြောင့် ဘွဲ့ရများသည် ရာသီဥတုနှင့် လိုက်လျောညီထွေရှိသော စိုက်ပျိုးမွေးမြူရေး၊ ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးမွေးမြူရေး၊ ကာဗွန်ထိန်းသိမ်းနိုင်သော စိုက်ပျိုးမွေးမြူရေး၊ ပြန်လည်ပြည့်ဖြိုးစွမ်းအင်၊ ထိန်းသိမ်းစောင့်ရှောက်နိုင်သော စိုက်ပျိုးမွေးမြူရေးတို့ကို နားလည်ထားရပါမည်။

(၄) ကမ္ဘာ့ယှဉ်ပြိုင်မှု တိုးလာခြင်း

ယနေ့စိုက်ပျိုးရေးထွက်ကုန်များသည် ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နေရပါသည်။ ထို့ကြောင့် ဘွဲ့ရများသည် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများ၊ နိုင်ငံရပ်ခြားတင်ပို့နိုင်ရန် နည်းဥပဒေ/ စည်းမျဉ်းများ၊ အစားအစာ လုံခြုံဘေးကင်းရန် လိုအပ်ချက်များ၊ တန်ဖိုးမြင့်ကွင်းဆက်စီမံခန့်ခွဲမှု၊ နိုင်ငံတကာတွင် ရောင်းဝယ်ဖောက်ကားမှုတို့ကို သိရှိထားရန်လိုအပ်ပါသည်။

(၅) လုပ်ငန်းခွင်တွင် လက်တွေ့ကျွမ်းကျင်မှု လိုအပ်လာခြင်း

အလုပ်ရှင်အများစုက - ‘‘ဘွဲ့ရများတွင် သီအိုရီအသိပညာရှိသော်လည်း လက်တွေ့လုပ်ငန်း အတွေ့အကြုံနည်းပါးသည်’’ ဟု ဆိုကြပါသည်။ ထို့ကြောင့် တက္ကသိုလ်များသည် လုပ်ငန်းခွင်သင်တန်း၊ လယ်ယာလက်တွေ့လုပ်ငန်းများ၊ ဓာတ်ခွဲခန်းအတွေ့အကြုံများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အစားအစာ၊ ဆက်စပ်နေသော စက်ရုံအလုပ်ရုံများတွင် ကျွမ်းကျင်မှု၊ ကွင်းသုတေသနများ၊ စွန့်ဦးတီထွင်လုပ်ငန်းများကို ပိုမိုအလေးထားလာကြပါသည်။

တက္ကသိုလ်များက မည်သို့ ထပ်မံသင်ကြားမှု ဆောင်ရွက်သင့်သနည်း

၁။ သင်ရိုးညွှန်းတမ်းများကို ခေတ်၊ စနစ်နှင့် အညီ မွမ်းမံပြင်ဆင်ခြင်း၊

၂။ စိုက်ပျိုးရေးကုမ္ပဏီများ၊ သုတေသနဌာနများ၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊

၃။ ဘာသာရပ်နှင့်ဆိုင်သော မဖြစ်မနေ လုပ်ငန်းခွင်လုပ်ငန်း၊ အလုပ်သင်နှင့် လုပ်ငန်းနေရာများများ ထည့်သွင်းပေးခြင်း၊

၄။ ပထဝီဆိုင်ရာသတင်းစနစ် (GIS)၊ ဒရုန်း (Drone)၊ ဉာဏ်ရည်တု (AI)၊ သတင်းအချက်အလက်စစ်ဆေးမှု၊ လယ်ယာမြေလုပ်ငန်းများစီမံခန့်ခွဲမှု စသည့်ကာလတိုလက်မှတ်သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊

၅။ အဝေးမှသင်နည်းစနစ် (Online Lear-ning)၊ ညနေပိုင်းသင်တန်းများ (Evening Class)၊ ရုံးပိတ်ရက်သင်တန်းများ (Wee-kend Class) နှင့် ကျွမ်းကျင်ဒီပလိုမာသင်တန်းများ (Professional Diploma) မှတစ်ဆင့် တစ်သက်တာသင်ယူမှု (Life-long Learning) ကို မြှင့်တင်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ရပါမည်။

စာရေးသူ၏အတွေး

ဘွဲ့ရများကို ပြန်လည်ပညာပေးခြင်းသည် ယနေ့ခေတ်တွင် ရွေးချယ်စရာမဟုတ်တော့ဘဲ မဖြစ်မနေဆောင်ရွက်ရမည့် အရေးကြီးသော လုပ်ငန်းစဉ်တစ်ခုဖြစ်လာပါသည်။ အထူးသဖြင့် စိုက်ပျိုးမွေးမြူရေးဘွဲ့ရများအနေဖြင့် ရိုးရာစိုက်ပျိုးမွေးမြူရေး အသိပညာတစ်ခုတည်းဖြင့် မလုံလောက်တော့ဘဲ ဒီဂျစ်တယ်နည်းပညာ၊ ဉာဏ်ရည်တု၊ တိကျစိုက်ပျိုးရေး၊ စိုက်ပျိုးရေးစီးပွားရေး၊ ရာသီဥတုနှင့် လိုက်လျောညီထွေသော စိုက်ပျိုးရေး၊ ခေါင်းဆောင်မှုနှင့် စွန့်ဦးတီထွင်မှုတို့ကိုလည်း ဆက်လက်လေ့လာသင်ယူရမည်ဖြစ်ပါသည်။

တက္ကသိုလ်များကလည်း ခေတ်မီသင်ယူ စီမံခန့်ခွဲမှုစနစ် (LMS -Learning Management System) အပါအဝင် စမတ်တက္ကသိုလ်နယ်မြေ (Smart Uni-versity Campus)၊ စမတ်တက္ကသိုလ်စိုက်ကွင်း (Smart University Farm) များ ပြင်ဆင်ထားခြင်းဖြင့် ခေတ်မီနည်းပညာများအတွက် အဆင်သင့်ဖြစ်နေပြီး ဖြစ်ပါမည်။

တက္ကသိုလ်များ၊ အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းများနှင့် ဘွဲ့ရများကိုယ်တိုင် ပူးပေါင်းဆောင်ရွက်ကာ တစ်သက်တာသင်ယူမှု (တစ်နည်းအားဖြင့် မည်သည့်ဘွဲ့ရမဆို သင်ယူနိုင်သော လက်မှတ်ရသင်တန်းများ၊ ဒီပလိုမာသင်တန်းများ၊ ဘွဲ့သင်တန်းများကို အဝေးသင်၊ လူကိုယ်တိုင်တက်ရောက် စသည်တို့အားပေးမြှင့်တင်နိုင်မည်ဖြစ်ပါသည်။)

စာရေးသူ၏ မိတ်ဆွေတစ်ဦးကို တက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ဘွဲ့တစ်ခုပဲယူခွင့်ရှိသည်။ အသက်ကြီးသွားလျှင် ကျောင်းဆက်တက်၍မရပါဆိုသော ပြောကြားခဲ့သည့် သတင်းအမှားများအစား နိုင်ငံတကာတက္ကသိုလ်များကဲ့သို့ စိတ်ပါဝင်စားပါက ကြိုက်သည့်အချိန်၊ ကြိုက်သည့် အသက်အရွယ်တွင် သင်ယူခွင့်ပေးပါက မြန်မာနိုင်ငံ စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိသော လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာမည်ဖြစ်ပြီး စားရေရိက္ခာဖူလုံရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ၏ရေရှည်ဖွံ့ဖြိုးတိုးတက်မှုတို့ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဟု ယုံကြည်မိပါသည်။ ။