Skip to main content

အာဇာနည်ခေါင်းဆောင်ကြီးများထံမှ ရရှိခဲ့သည့် သင်ခန်းစာ

ကိုရင်မောင်

ဇူလိုင်လ ၁၉ ရက်နေ့သည် နိုင်ငံ့သမိုင်းတွင် ဝမ်းနည်းကြေကွဲစရာနေ့တစ်နေ့ဖြစ်ပါသည်။ တိုင်းပြည်အတွက် အစားထိုးမရနိုင်သည့် ဆုံးရှုံးမှုကြီးဖြစ်သလို ဘယ်သောအခါမှ မေ့မရနိုင်သည့်နေ့တစ်နေ့လည်းဖြစ်သည်။ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် အမျိုးသားခေါင်းဆောင်ကြီးများက နိုင်ငံ့လွတ်လပ်ရေးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး မနေမနား ကြိုးပမ်းဆောင်ရွက်နေချိန်တွင် မသမာသူအကြမ်းဖက်သမားများက ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။ ထိုအဖြစ်ဆိုးကြီးကြောင့် တစ်ကမ္ဘာလုံး တုန်လှုပ်ချောက်ချားခဲ့ပြီး တိုင်းပြည်၏ ပန်းတိုင်ရောက်လုနီးတွင် တက်ကျိုးသကဲ့သို့ဖြစ်ခဲ့ရသည်။

အသက်ပေးရယူ

နယ်ချဲ့လက်ပါးစေ အကြံပက်စက်သူကြီးက ဗိုလ်ချုပ်အောင်ဆန်းကို အဓိကပစ်မှတ်ထားခိုင်းစေခဲ့သည့် နိုင်ငံတော်လုပ်ကြံမှုကြီးဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် နယ်ချဲ့ဆန့်ကျင်ရေး၊ နိုင်ငံလွတ်လပ်ရေးအတွက် တက္ကသိုလ်ကျောင်းသားဘဝမှ စစ်သေနာပတိချုပ်၊ ထိုမှ အမျိုးသားခေါင်းဆောင်ကြီးဖြစ်လာသည်အထိ ကိုယ်ကျိုးစွန့်လွှတ်အနစ်နာခံကာ တိုင်းပြည်အတွက် မနေမနား ကြိုးပမ်းဆောင်ရွက်ခဲ့သူဖြစ်သည်။

လွတ်လပ်ရေးအတွက် ကျားကုတ်ကျားခဲ ကြိုးပမ်းလုပ်ဆောင်ခဲ့သည်။ အပြောနှင့်အလုပ်ညီညွတ်သော နိုင်ငံပြုဗိသုကာကြီးဖြစ်သည်။ သူ၏အဓိဋ္ဌာန်၊ သူ၏ယုံကြည်ချက်အတိုင်း မမှိတ်မသုန်တိုက်ပွဲဝင်ခဲ့သဖြင့် အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ သွေးစည်းညီညွတ်မှုကို သက်သေထူပြခဲ့သည့် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးပြီး မြန်မာ့လွတ်လပ်ရေးကို အသက်ပေးရယူပေးခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းပြည်အပေါ်ထားရှိသည့် စေတနာ၊ အနစ်နာကြီးမားမှု၊ ဉာဏ်ပညာ၊ ထက်မြက်မှုနှင့် လွတ်လပ်ရေးအတွက် စွန့်လွှတ်စွန့်စား ကြိုးပမ်းအားထုတ်မှုတို့ကို ပြည်သူလူထုတစ်ရပ်လုံးက သိရှိလက်ခံထားကြသည်။ ပြည်သူလူထုက ဗိုလ်ချုပ်အောင်ဆန်းအပေါ် ယုံကြည်အားထား လေးစားချစ်ခင်မြတ်နိုးကြသလို ဗိုလ်ချုပ်အောင်ဆန်းကလည်း ပြည်သူလူထုအပေါ် အပြည့်အဝယုံကြည်အားထားသည်။

သို့သော် လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလအတွင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် သဘောထားမတိုက်ဆိုင်သူ၊ မနာလိုစိတ်ရှိသူ၊ မကျေနပ်သူအချို့လည်းရှိခဲ့သည်ကို ဗိုလ်ချုပ်က သတိမမူခဲ့ပေ။ ဥပမာအားဖြင့် အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုဆွေးနွေးရန် လန်ဒန်သို့သွားရောက်ချိန်၌ ဆွေးနွေးပွဲမစမီ အဖွဲ့ဝင် သခင်ဗစိန်နှင့် သဘောကွဲလွဲခဲ့ဖူးသည်။ ဗိုလ်ချုပ်က အလျှော့ပေးလိုက်ပါ ဆွေးနွေးညှိနှိုင်းသော်လည်း အောင်မြင်မှုမရခဲ့ပေ။ သို့သော် ဗိုလ်ချုပ်သည် မညီညွတ်သူကို ညီညွတ်အောင် လိုက်ပါဆွေးနွေးသည့် မြင့်မြတ်သည့်နိုင်ငံရေးသဒ္ဓါစိတ်ကို မလျှော့ခဲ့ပေ။

နိုင်ငံရေးခန္တီရင့်ကျက်

ဗိုလ်ချုပ်အောင်ဆန်းတွင် နိုင်ငံရေးတရားသေ ဝါဒကင်းစင်ပုံကိုလည်း ၁၉၄၆ ခုနှစ်တွင် ထပ်မံတွေ့မြင်ရသည်။ ထိုအချိန်က နန်းရင်းဝန်ဟောင်း ဦးစော ယူဂန္ဓာထောင်မှ ပြန်ရောက်လာသည်။ ဦးစောသည် သခင်အောင်ဆန်းကို အထင်မကြီး၊ ပြည်သူလူထုတစ်ရပ်လုံး ဗိုလ်ချုပ်နှင့် စည်းလုံးညီညွတ်နေသည်ကို သဘောမပေါက်၊ ဗိုလ်ချုပ်နှင့် တွေ့ဆုံသည့်အခါ စော်ကားမော်ကားပြုလုပ်သည်။ တစ်ခါတွင် ဦးစောက သူ၏အိမ်သို့လာတွေ့ရန် ဗိုလ်ချုပ်ကို ဖိတ်ခေါ်သည်။ ဗိုလ်ချုပ်က လူကြီးနှင့်လူငယ် ညီညွတ်လျှင်ပြီးရော သဘောထားကာ မာန်မာနမထားဘဲ ဦးစောအိမ်သို့သွားသည်။

ဦးစောသည် ချိန်းဆိုထားသည့်အတိုင်း အတိအကျရောက်လာသော ဗိုလ်ချုပ်ကိုမတွေ့သေးဘဲ မျက်နှာဖြူအရာရှိနှင့် စကားလက်ဆုံကျနေသည်။ အတူပါလာသူများက မျက်နှာပျက်ပြီး ဗိုလ်ချုပ်ကို ပြန်ကြပါစို့ဟုပြောသော်လည်း သည်းခံပြီး စောင့်ကြတာပေါ့ဟု ပြောခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးခန္တီပါရမီ ရင့်ကျက်မှုကို ထင်ထင်ရှားရှားတွေ့ရသည်။

ဦးစောသည် ဒုတိယကမ္ဘာစစ်မဖြစ်မီ နယ်ချဲ့လက်အောက်တွင် မြန်မာတို့ပြားပြားမှောက်နေခဲ့ရစဉ် အချင်းချင်း ဝါးရင်းတုတ်ဖြင့်ရိုက်ရန်ကြိုးပမ်းခဲ့သူဖြစ်သည်။ တို့ဗမာအစည်းအရုံးဝင် သခင်များကို မျိုးချစ်ပါတီခေါင်းဆောင် ဦးစော၏တပည့်များက ပဲခူးနှင့်အခြားမြို့များ၌ ဝါးရင်းတုတ်ဖြင့်ရိုက်ခဲ့သောအမှုဖြစ်သည်။ ဗိုလ်ချုပ်က ဒါကိုအမှုထားနေလျှင် အမျိုးသားစည်းလုံးညီညွတ်ရေး ဘယ်မှာရနိုင်တော့မည်နည်း၊ သဘောထားကွဲခဲ့တာတွေမေ့ထား၊ အချင်းချင်းရိုက်ခဲ့၊ နှက်ခဲ့တာတွေ ဂရုမစိုက်နှင့်၊ နွားကွဲလျှင် ကျားဆွဲတော့မှာပေါ့ဟု သဘောထားသည်။

နိုင်ငံရေးသမား ဦးစောကို အစိုးရအဖွဲ့ထဲသို့ ဆွဲသွင်းခဲ့သည်။ ဗိုလ်ချုပ်သည် တိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံသော၊ ထူးခြားထက်မြက်သော အရည်အချင်းများပြည့်စုံသော်လည်း အားနည်းချက်အချို့ရှိသည်မှာ အမှန်ဖြစ်သည်။ ဗိုလ်ချုပ်၏ သဘောထားကြီးမြတ်မှု၊ နိုင်ငံရေးခန္တီပါရမီ ရင့်ကျက်မှု၊ ယုံကြည်စိတ်ပြင်းထန်မှုတို့သည် ဗိုလ်ချုပ်အတွက် ကြမ္မာဆိုးကို ဖြစ်စေခဲ့သည်။

ရေတိမ်နစ်ခဲ့ရ

ဗိုလ်ချုပ်အောင်ဆန်းသည် ရန်သူကိုပင် ဂရုမပြု၊ လျစ်လျူရှုထားမှု၊ ခွင့်လွှတ်တတ်မှုများသည် မဟာအမှားကြီးဖြစ်စေခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းကို တစ်နိုင်ငံလုံးရှိ ပြည်သူအများက မည်မျှပင်ချစ်ခင်၊ ရိုကျိုး၊ မြတ်နိုး၊ တန်ဖိုးထား၊ လေးစားသည်မှန်စေ မိမိနှင့် နိုင်ငံရေးအမြင်မတူသူ၊ နိုင်ငံရေးသဘောထားကွဲပြားသူ၊ ပြိုင်ဘက်ရန်သူများရှိနေသည်ကို ဗိုလ်ချုပ်အနေဖြင့် သတိထားနေသင့်ပါသည်။

ယုတ်စွအဆုံး နောက်ဆုံးအချိန် ဗိုလ်ချုပ်အောင်ဆန်းကိုလုပ်ကြံရန် ကြံစည်နေသည်၊ အသက်အန္တရာယ်ရှိနေပါသည်ဟု သတိပေးမှုများ၊ သတင်းစကားများ ပျံ့နှံ့နေသည်ကိုပင် “မယုံကြပါနဲ့ဗျာ၊ ကျုပ်ကို လုပ်ကြံမယ့်သူမရှိပါဘူး”ဟု ဗိုလ်ချုပ်ကပြောခဲ့သည်။ မိမိ၏အသက်ကို အန္တရာယ်ပြုမည့် ရန်သူတစ်စုံတစ်ယောက်မျှမရှိဟု ထင်မှတ်မှားခဲ့မှုကြောင့် အသက်အန္တရာယ်ကျရောက်ချိန်တွင် မည်သို့မျှရှောင်ရှားကာကွယ်နိုင်စွမ်းမရှိတော့ဘဲ ရေတိမ်နစ်ခဲ့ရခြင်းဖြစ်သည်။

မည်သို့ပင်ဖြစ်စေ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ အဓွန့်ရှည်တည်တံ့ ခိုင်မြဲနေသမျှကာလပတ်လုံး ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်ပြီး တိုက်ယူခဲ့ရသော နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်လပ်ရေးကြိုးပမ်းမှုများကို မြန်မာပြည်သူများအနေဖြင့် ယနေ့ထက်တိုင် မမေ့နိုင်ကြသေးပေ။ ပန်းတိုင်မရောက်မီ ရေတိမ်နစ်၍ ကျဆုံးသွားခဲ့ရရှာသော မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို နှမြောတသ၍မဆုံး၊ ယူကျုံးမရ၊ လွမ်းဆွတ်တသလျက်ရှိသည်။ စင်စစ်ဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်းသည် မသမာသူလူတစ်စု၏ လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ရသော်လည်း မြန်မာပြည်သူလူထု၏ နှလုံးသည်းပွတ်တွင် မသေမပျောက်ရှိနေဆဲဟု ခံစားမိသလိုဖြစ်ရသည်။ ထိုသို့ ခံစားမိရုံဖြင့်မပြီး ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့သည့် တိုင်းပြည်အဖြစ် အားလုံးအကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်သည်။

သင်ခန်းစာများ

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည်မှာ ယခုအခါ နှစ်ပေါင်း ၇၉ နှစ် ရှိပြီဖြစ်သည်။ အာဇာနည်ခေါင်းဆောင်ကြီးများကို ယနေ့ထက်တိုင် အောက်မေ့သတိရနေကြသလို ကျွန်တော်တို့အဖို့ အာဇာနည်ခေါင်းဆောင်ကြီးများ ချမှတ်ပေးခဲ့သည့် နိုင်ငံတည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်လမ်းညွှန်များကိုလည်း ဆက်လက်အကောင်အထည်ဖော်ကြရမည်ဖြစ်သည်။

အထူးသဖြင့် မျက်မှောက်ကာလတွင် ကြုံတွေ့နေရသည့် မြန်မာအချင်းချင်း လုပ်ကြံသတ်ဖြတ်သည့် အကြမ်းဖက်လမ်းစဉ်များကို မြန်မာ့မြေ၊ မြန်မာလူမျိုးများကြားတွင် ပပျောက်ကင်းစင်သွားအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ကိုလည်း သတိမမေ့ဖို့လိုပါသည်။ ပန်းတိုင်မရောက်မီ တက်ကျိုးခဲ့ရသည့်အဖြစ်မျိုး မဖြစ်ရအောင် အကြမ်းဖက်ရန်စွယ်အန္တရာယ်များကို အစဉ်အမြဲသတိချပ်ပြီး အကြမ်းဖက်လမ်းစဉ် ချုပ်ငြိမ်းသွားအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ယင်းသည် အာဇာနည်ခေါင်းဆောင်ကြီးများထံမှ ရရှိခဲ့သည့် သင်ခန်းစာများပင်ဖြစ်ပါသတည်း။ ။

ကိုးကားချက် - တက္ကသိုလ်စိန်တင်၏ သခင်များ နှင့် အမျိုးသားလွတ်လပ်ရေးကြိုးပမ်းမှု (၁၉၃၀-၁၉၄၈)။