Skip to main content

ကိုဗစ် -၁၉ ကာလ ခရီးသွားလုပ်ငန်းဆိုင်ရာ အယူအဆများ

ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးဖြစ်ပေါ်နေသည်မှာ တစ်နှစ်ကျော်ကြာမြင့်လာခဲ့ပြီ ဖြစ်သည်။ သို့သော် ကပ်ရောဂါ၏ အရှိန်ကား မသေသေး။  တစ်ကျော့ပြန်၊ နှစ်ကျော့ပြန် စသည်ဖြင့် စန်းထ၍ ကောင်းဆဲပင်ဖြစ်သည်။ မျိုးရိုး ဗီဇကလည်း ပြောင်းလဲကွဲထွက်လျက်ရှိသည်။ ဆေးပညာနှင့် ကျန်းမာရေးစောင့်ရှောက်မှု အသိုင်းအဝိုင်းကမူ ကိုဗစ်ကပ် ရောဂါကို ကာကွယ်ကုသရန် တစိုက်မတ်မတ် အားထုတ်ကြိုးပမ်းလျက်ရှိသည်။ လူမှုရေး၊ ပညာရေး၊ စီးပွားရေးနယ်ပယ် တို့ကလည်း ကိုဗစ်-၁၉ နှင့် ယှဉ်တွဲနေထိုင်နိုင်ရေး ကြိုးပမ်းနေကြရသည်။ ယှဉ်တွဲမနေ၍လည်း မရ။ ကပ်ရောဂါကား မည်သည့်အချိန်တွင် အပြီးတိုင်ပပျောက်သွားမည်ကို ခန့်မှန်း၍ မရနိုင်သောကြောင့်ဖြစ်သည်။

အသားကျလာသော လူနေမှုပုံစံသစ်

လူမှုဆက်ဆံရေးနယ်ပယ်တွင်  တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရခြင်း၊  နှာခေါင်းစည်း (Mask) ကို တပ်ဆင်ရခြင်းနှင့် မကြာခဏ ဆိုသလို  လက်ဆေးမှုပြုရခြင်းတို့သည် လူတို့ နိစ္စဓူဝနေထိုင်မှုပုံစံတွင်  တဖြည်းဖြည်းအသား ကျလာခဲ့ရပြီဖြစ်သည်။  မိတ်ဆွေ တစ်ဦးကမူ နှာခေါင်းစည်း (Mask)  မတပ်ထားလျှင် မိမိကိုယ်ကို ယုံကြည်မှု အပြည့်မရှိတော့သလို    ခံစားရကြောင်း   ပြောလာ သည်။ နှာခေါင်းစည်း  မတပ်မိဘဲ    တစ်ဦးနှင့်တစ်ဦး    အနီးကပ် မတော်တဆ   မျက်နှာချင်းဆိုင်မိလျှင်   စိတ်မလုံ သလို စိတ်မသက်မသာ ခံစားမိလာသည်။ ဒါက  လူမှုဆက်ဆံရေး နယ်ပယ်တွင် ဖြစ်သည်။

လေ့လာသင်ကြားမှုနယ်ပယ်တွင်      အင်တာနက် အွန်လိုင်းကို  ပိုမိုသုံးစွဲလာရသည်။   ပညာရေးနယ်ပယ်တွင် Zoom, Google Meet, Google Classroom စသည့် အက်ပလီကေးရှင်းများ   အသုံးပြု  လေ့လာသင်ကြားမှု သည်ပင်   အသစ်အဆန်း  မဟုတ်တော့ပေ။  Zoom အက်ပလီကေးရှင်းဆိုလျှင်   ၂၀၂၀ ပြည့်နှစ်မတိုင်မီက စီးပွားရေးလုပ်ငန်းအချင်းချင်းသာ  ဆက်သွယ် အသုံးပြုခဲ့ရာမှ ယခုအခါ ကျန်းမာရေး၊ ပညာရေးစသည့်နယ်ပယ်များတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြသည်။

ယူအက်စ်တူဒေး သတင်းဌာန၏ ဖော်ပြချက်အရ Zoom Video Meeting အသုံးပြုမှုသည် မူလက ၁၀ သန်းခန့်သာရှိခဲ့ရာမှ  ၂၀၂၀ ပြည့်နှစ်အတွင်းတွင် သန်း ၃၀၀ ခန့်ရှိလာခဲ့သည်။ ဘာသာရေးဆိုင်ရာ ဟောပြောပွဲများ၊ တရားပွဲများနှင့် အဘိဓမ္မာ သင်တန်းများကိုပင် အွန်လိုင်းမှ ပြုလုပ်လာကြသည်။   ဈေးရောင်း ဈေးဝယ်ကိုလည်း လူမှုကွန်ရက်မီဒီယာများ၊     မိုဘိုင်း အက်ပလီကေးရှင်းများ   အသုံးပြု၍    လုပ်ဆောင်လာကြသည်။ ကုန်ပစ္စည်း တစ်ခုကို လက်တွေ့လေ့လာ ကြည့်ရှုစမ်းသပ် ပြီးမှ   ဝယ်ယူတတ်သော   မိမိသည်ပင်  ယခုအခါ အရေးတကြီးလိုအပ်သော  ပစ္စည်းများကို   အွန်လိုင်းမှ    မှာယူဝယ်ခြမ်း တတ်လာပြီ ဖြစ်သည်။

ကိုဗစ်-၁၉   ကပ်ရောဂါ   ကူးစက်ပြန့်ပွားသော ကာလအတွင်း  ဆေးရုံဆေးခန်း မသွားလိုသူများအတွက် အွန်လိုင်းမှတစ်ဆင့်    ကျန်းမာရေးဆွေးနွေးခြင်းများ ပြုလုပ်နိုင်သော  ဝန်ဆောင်မှုများလည်း  ပေါ်ပေါက်လာသည်။ ယုတ်စွအဆုံးဆိုသော် အပန်းဖြေ ခရီးသွားလာခြင်း၊ ဒေသန္တရ ဗဟုသုတ ရှာဖွေခြင်းကဲ့သို့သော မြေပြင်ဆင်း၍ လက်တွေ့သွားလာရသော   ကိစ္စရပ်များကိုပင် အွန်လိုင်း မှလုပ်ဆောင်လာကြသည်။ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွား လာချိန်တွင် အထိခိုက်ဆုံးသော လုပ်ငန်းကဏ္ဍတစ်ခုကို ပြပါဆိုလျှင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍကို ပြရပေလိမ့်မည်။   ကုလသမဂ္ဂဆိုင်ရာ   ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ကြီး ၏  ထုတ်ပြန်ချက်အရ အပြည်ပြည်ဆိုင်ရာ ခရီးသွားလာမှုသည်  ၂၀၂၀ ပြည့်နှစ်တွင် ၇၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းအတွင်း   ကျဆင်းသွားဖွယ်ရှိကြောင်း သိရှိရသည်။

အခက်ကြုံလာသော ခရီးသွားလုပ်ငန်း

ခရီးသွားကျဆင်းခြင်းနှင့်အတူ  ခရီးသွားလုပ်ငန်းကို အမှီပြု၍    လုပ်ငန်းများ  လုပ်ကိုင်နေသော   စီးပွားရေး လုပ်ငန်းများ လည်း   တစ်နွယ်ငင်တစ်စင်ပါ  ဆိုသလို ဆက်တိုက် ပြိုလဲကြရပေတော့သည်။ ခရီးသွားလုပ်ငန်း ပြန်လည်နာလန်ထူလာ စေရေးအတွက် အစိုးရ၊ ပုဂ္ဂလိကနှင့် နိုင်ငံတကာ  အဖွဲ့အစည်းအသီးသီးက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။    ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်တွင်းပြည်ပခရီးသွားလာခြင်းများကို   တားမြစ်ကန့်သတ်မှုများ   ပြုလုပ်ခဲ့ရာ ခရီးသွားခြင်းကို နှစ်သက်သူများနှင့်  ဒေသန္တရ ဗဟုသုတ ရှာဖွေဆည်းပူးခြင်းကို ဝါသနာပါသူများအဖို့  အခက်ကြုံ ရပါလေတော့သည်။

သို့သော် မိမိနေအိမ်မှနေ၍   ကမ္ဘာကြီးကို လေ့လာလည်ပတ်လိုသူများအတွက် လူမှုကွန်ရက်မီဒီယာ အသီးသီးမှနေ၍ လိုက်ပါကြည့်ရှုနိုင်ပြီဖြစ်သည်။ ဧည့်လမ်းညွှန် (သို့မဟုတ်) ခရီးသွား  ဝါသနာရှင်တစ်ဦးဦးမှ သာယာ လှပသော၊ စိတ်ဝင်စားဖွယ် ကောင်းသော ထူးခြားထင်ရှားသည့် ခရီးစဉ်ဒေသများသို့ သွားရောက်ရာတွင် ၎င်းတို့နှင့်အတူ လိုက်ပါခံစားနိုင်စေရန် ရုပ်သံလွှင့်ပြသသည်ကို ကြည့်ရှု စိတ်အပန်းဖြေကြရသည်။ အလားတူ နိုင်ငံတကာမှ   အချို့သော ပြတိုက်ကြီးများသည်   ကိုဗစ်-၁၉ ကာလအတွင်း   အွန်လိုင်းမှတစ်ဆင့် လေ့လာကြည့်ရှုနိုင်စေရန် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်သည်။

အကောင်းဘက်မှရှုမြင်သော်    ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာကြည့်ရှုရန်မလွယ်ကူသည့် နိုင်ငံတကာပြတိုက်ကြီးများ ကို လေ့လာခွင့်ရရှိခြင်းမှာ အကျိုးအမြတ်တစ်ခုပင်ဖြစ်သည်။ ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ကြီးမှ  ထုတ်ဝေသော  ကိုဗစ်-၁၉ ၏ ခရီးသွားလုပ်ငန်းအပေါ်   သက်ရောက်မှုများ  သုံးသပ်ချက်တွင် အားသာချက်များ၌ လက်ရှိဆောင်ရွက်နေသော စီးပွားရေး လုပ်ငန်းများ၏ လုပ်ဆောင်ပုံကို  ပြန်လည်သုံးသပ်ရန် အချိန်ဖြစ်ကြောင်း  ဖော်ပြထားပြီး  ဒစ်ဂျစ်တယ်နည်းပညာနှင့် တီထွင် ဆန်းသစ်မှုတို့ကို  ဖြစ်ပေါ်လာစေနိုင်ကြောင်း သုံးသပ်ရေးသားထားပါသည်။

မှန်ပါသည်။ ကိုဗစ်-၁၉ မဖြစ်ခင်က ပုံမှန်တိုးတက် နေသော ခရီးသွားလုပ်ငန်းကဏ္ဍကြီးသည် ပုံမှန်လှေကြီးထိုးရိုးရိုးပုံစံဖြင့်သာ  ချီတက်လျက်ရှိပေသည်။ အထိုက်အလျောက်   ပြောင်းလဲခြင်း ရှိသော်လည်း  သိသိသာသာ အသွင်ဆန်းသစ်သွားခြင်းမှာ   နည်းပါးလှသည်။ မြန်မာနိုင်ငံတွင်လည်း   အစဉ်အလာအရ   ထင်ရှားသော ရန်ကုန်၊ မန္တလေး၊ ပုဂံ၊  အင်းလေးတို့တွင်သာ  ခရီးသွား ဧည့်သည်ပုံမှန်ဝင်ရောက်မှု များပြားပြီး  အခြားခရီးစဉ် ဒေသများမှာ  နိုင်ငံတကာမျက်နှာစာတွင် တိမ်မြုပ်နေသော ရတနာများသဖွယ် မှေးမှိန်နေဆဲဖြစ်သည်။ ကိုဗစ်-၁၉ ကြောင့် လုပ်ရိုးလုပ်စဉ်များမှ ဖောက်ထွက်၍ ဆန်းသစ်လာကြရာတွင် နည်းပညာမြင့်မားသော နိုင်ငံများသည် ခရီးသွားလုပ်ငန်းကို  အများပြည်သူသို့  တစ်နည်းတစ်ဖုံပြန်လည် မိတ်ဆက်လာသည်။

ဦးစားပေးသင့်သော ပြည်တွင်းခရီးသွားလုပ်ငန်း

ခရီးသွားပုံစံများ ပြောင်းလဲလာခြင်းနှင့်အတူ ခရီးသွားလုပ်ငန်းဆိုင်ရာ  အယူအဆများ၊  သီအိုရီများလည်း ပြောင်းလဲလာခဲ့ သည်။ Travel Bubble ဟုခေါ်သော ကျန်းမာရေးအရ ယုံကြည်စိတ်ချရသော  နိုင်ငံအချင်းချင်း အပြန်အလှန်  ခရီးသွားလာမှု  ခွင့်ပြုခြင်းကို ကိုဗစ်-၁၉ ကပ်ရောဂါ အစပြုပြီး သိပ်မကြာခင်ကပင် နိုင်ငံအချို့တွင် ဖော်ဆောင်ခဲ့သည်။ အခြားအခြားသော နိုင်ငံများသည်လည်း ကပ်ရောဂါလျော့ပါးသွားချိန်တွင် Travel Bubble ကို အကောင်အထည်ဖော်ရန် လျာထားပြင်ဆင် ခဲ့ကြသည်။

ထို့အပြင် အမေ့လျော့ခံ ပြည်တွင်းခရီးသွားလုပ်ငန်း (Domestic Tourism) ကို   ကိုဗစ်-၁၉  အလွန်ကာလတွင်      ခရီးသွား လုပ်ငန်း     ပြန်လည်စတင်မှုတစ်ခုအဖြစ် လုပ်ဆောင်ရန် တာစူထားကြသည်။   ခရီးသွားလုပ်ငန်းဆိုလျှင် နိုင်ငံခြားသားများ လာရောက်လည်ပတ်ခြင်းဟုသာ   ယူဆထားကြသော်လည်း    အမှန်တကယ်တွင် ပြည်တွင်းခရီးသွားလုပ်ငန်း   (Domestic Tourism)  ၏ တန်ဖိုးသည်လည်း   အကျိုးအမြတ်ကြီးမားလှပါသည်။ မြန်မာနိုင်ငံတွင်လည်း   ဘုရားဖူးခရီးစဉ်များနှင့်အတူ Domestic Tourism သည်လည်း   ကိုဗစ်-၁၉ မတိုင်မီ ကာလအထိ လျင်လျင်မြန်မြန်  ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။

ပြည်တွင်းခရီးစဉ်များကို  မှီခို၍  သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ စားသောက်ဆိုင်နှင့် အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ၊  တည်းခိုနေထိုင်ရေးလုပ်ငန်းများစသည့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် လက်လုပ် လက်စားစျေးသည် များ တို့သည်  အလုပ်အကိုင်အခွင့် အလမ်းနှင့် ဝင်ငွေများ ရရှိကြသည်။ ကိုဗစ်-၁၉ လွန်သော် ပြည်တွင်းခရီးသွားလုပ်ငန်းသည် အဓိကထား  ဦးစားပေး လုပ်ဆောင်လာမည့် လုပ်ငန်းကဏ္ဍတစ်ခုဖြစ်လာပေမည်။

ယခင်က   ရေရှည်တည်တံ့သော    ခရီးသွားလုပ်ငန်း (Sustainable Tourism)၊  တာဝန်သိခရီးသွားလုပ်ငန်း (Responsible Tourism) စသည့်   မူဝါဒများကို အစဉ်တစိုက်  အားပေးတိုက်တွန်းကြသည်။  အသိပညာပေးဆောင်ရွက်ခဲ့ကြသည်။ ခရီးသွားလုပ်ငန်းသည် ခရီးစဉ် ဒေသနှင့် ဒေသခံပြည်သူတို့၏ လူမှုရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရေးပင်ဖြစ်သည်။ တစ်ချိန်တည်းမှာပင်       ခရီးသွားဧည့်သည်များ၏ စိတ်ကျေနပ်မှုရရှိစေရေးကိုလည်း  ဝန်ဆောင်မှု ပေးနိုင်ရမည်ဖြစ်သည်။ ထို့ကြောင့် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းသည်  ခရီးသွားဧည့်သည်၏   လိုအင် ဆန္ဒနှင့် ခရီးစဉ်ဒေသ    (ဒေသခံ   လူမှုအဖွဲ့အစည်းအပါအဝင်) ကာကွယ်ထိန်းသိမ်းရေးတို့အကြား မျှခြေတစ်ခုကို ဖန်တီး ပေးခြင်း ပင်ဖြစ်ပါသည်။ အရှင်းဆုံးတင်ပြရသော် မည်သူမျှမထိခိုက်ရေး (No Harm) ပင် ဖြစ်သည်။

မူလထက် ပိုမိုကောင်းမွန်စေသော လုပ်ငန်းစဉ်

ယခုသော် ခရီးစဉ်ဒေသတစ်ခုကို  မထိခိုက်စေရုံသာ မဟုတ်ဘဲ မူလကထက်  ပိုမိုကောင်းမွန်သော နေရာ/ဒေသတစ်ခုအဖြစ် ကျန်ရှိခဲ့စေရေးပင်ဖြစ်သည်။ ယင်းကို Regenerative Tourism  အဖြစ်   သတ်မှတ်ခေါ်ဝေါ်လာ ကြသည်။ Regenerative Tourism  သည် Sustainable Tourism ထက် ပိုမိုလေးနက်သော  အဓိပ္ပာယ်ကို  ဆောင်သည်။  ရေရှည်တည်တံ့ရေးသာမက ပိုမိုကောင်းမွန်သော အနေအထားတစ်ခုကို ခရီးသွားလုပ်ငန်းကို  ဗဟိုပြုဖန်တီး ရေးဖြစ်သည်။ Regenerative Tourism ကို မိတ်ဆက်လာသူ Anna Pollock ၏အဆိုအရ Regenerative Tourism သည် အရေအတွက်ကိန်းဂဏန်းများအရ တိုးတက် လာရေးထက်   အသားတင်အကျိုးအမြတ်  တိုးတက်လာရေးကို ဦးတည်မျှော်မှန်းသည်။

လူတစ်ဦးချင်း၊   ဝန်ထမ်းတစ်ဦးချင်းစီမှသည် စီးပွားရေးလုပ်ငန်းများ၊   လုပ်ငန်းစုများနှင့်   ခရီးစဉ်ဒေသ၏ အသားတင် အကျိုးစီးပွား (ယင်းတွင် လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့်   သဘာဝပတ်ဝန်းကျင်အပါအဝင်)  ကို တိုးတက်စေခြင်း ဖြစ်သည်။  ဆိုရသော် Regenerative Tourism သည်ဒေသခံပြည်သူများ၏ စီးပွားရေးတိုးတက်လာရေး၊  သဘာဝပတ်ဝန်းကျင်  ပိုမိုစိမ်းလန်းသန့်စင်လာ ရေး၊ လူမှုယဉ်ကျေးမှုတန်ဖိုးမြင့်မားလာရေးကို ဦးတည်ခြင်းဖြစ်သည်။

ယခု ကိုဗစ်-၁၉ ကာကွယ်ဆေးများစမ်းသပ်ထုတ်လုပ် နေခြင်းသည် ခရီးသွားလုပ်ငန်းများ   ပြန်လည်စတင်ရေးအတွက် မျှော်လင့်ချက်တစ်ခုပင်ဖြစ်ပါသည်။ ကိုဗစ်-၁၉ အလွန်ကာလ ခရီးသွားလုပ်ငန်းများ  ပြန်လည်စတင်လာရာတွင် အရေအတွက် ထက်    အရည်အသွေးနှင့် အကျိုးစီးပွား   ပိုမိုဖြစ်ထွန်းရေးကို   မျှော်မှန်းလာရာ Regenerative Tourism     ဖော်ဆောင်ရေး သည်  ထည့်သွင်းစဉ်းစားသင့်လှသည်။

ထို့အပြင် ကိုဗစ်-၁၉ အလွန်ကာလခရီးသွားလုပ်ငန်း သည် ခရီးသွားများ၏   အမူအကျင့်နှင့်   သဘောထားခံယူချက်တို့ကို   အထိုက်အလျောက် ပြောင်းလဲစေမည်ဖြစ် ရာ ပြုပြင်ပြောင်းလဲသော  ခရီးသွားလုပ်ငန်း (Transformative Tourism) သဘောတရားများသည်လည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လာပါသည်။ Transformative Tourism သည် ရေရှည်တည်တံ့ သော   ခရီးသွားလုပ်ငန်း Sustainable Tourism ကို    အားပေးသော    ခရီးသွား လုပ်ငန်းအမျိုးအစားတစ်ခုဖြစ်ပြီး      ခရီးစဉ် ဒေသတစ်ခုသို့ သွားရောက်လည်ပတ်ရာတွင်  အလည်အပတ်သက်သက် မဟုတ်ဘဲ အဓိပ္ပာယ်ရှိရှိ လေးနက်စွာ လေ့လာ လည်ပတ်စေလိုသော သဘောကို ဖော်ဆောင်ပါသည်။

Transformative Tourism သည်   လူဦးရေထူထပ်သော  ခရီးစဉ်ဒေသများထက်     ငြိမ်းချမ်းသာယာသော ခရီးစဉ်ဒေသများ သို့    သွားရောက်လည်ပတ်ခြင်းကို အားပေးသည်၊     အချိန်ယူလေ့လာလည်ပတ်ခြင်းကို အားပေးသည်၊ ဧည့်သည်များပြား သော ရာသီချိန်ထက် ဧည့်သည်ပါးသောအချိန်ကို သွားရောက်လည်ပတ်ခြင်းကို လှုံ့ဆော်သည်၊ Transformative Tourism သည် ခရီးသွားဧည့်သည်များကို အဓိပ္ပာယ်ရှိစွာ လေ့လာလည်ပတ်စေသည်။  ယင်းတို့သည် ကိုဗစ်-၁၉ အလွန်ကာလတွင် ဖြစ်ပေါ်လာမည့် ခရီးသွားလုပ်ငန်းအတွက် အယူအဆ ရေးရာများဖြစ်သည်။ ခရီးသွားလုပ်ငန်းဆိုင်ရာ ပညာရှင်များက ပိုမိုကောင်းမွန်သော ခရီးသွားလုပ်ငန်း (ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းမဟုတ်ပါ။) ဆီသို့ ဦးတည်ရန် တွန်းပို့နေလေပြီ။

ကိုဗစ်-၁၉ ကာလနှင့်ကိုဗစ်-၁၉ အလွန်ကာလတို့တွင် ခရီးသွားလုပ်ငန်းပါရာဒိုင်းသည် လျင်မြန်စွာရွေ့လျားလျက် ရှိသည်။ ပိုမိုကောင်းမွန်သော ခရီးသွားလုပ်ငန်း အနာဂတ်ကို      လိုက်ပါဖန်တီးကြပါစို့ဟု      တိုက်တွန်းအပ်ပါ သည်။    ။

စည်သူကျော်