အမှိုက်ကင်းကွာ ဒို့ကျေးရွာ၊ ကျေးရွာသန့်ရှင်းရောဂါကင်း
ယခုအခါ လူဦးရေ တိုးတက်များပြားလာခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် နေထိုင်စားသောက်မှုပုံစံများ ပြောင်းလဲလာခြင်းနှင့်အတူ စွန့်ပစ်အမှိုက်ထွက်ရှိမှုသည်လည်း တစ်နှစ်ထက်တစ်နှစ် မြင့်တက်လျက်ရှိသည်။ စွန့်ပစ်အမှိုက်များစွာထဲမှတစ်မျိုးဖြစ်သည့် ပလတ်စတစ် အမှိုက်များကြောင့် ပင်လယ်သမုဒ္ဒရာများနှင့် အဏ္ဏဝါဂေဟစနစ်ကို ပျက်စီးစေပြီး လူသားတို့၏ကျန်းမာရေးကိုလည်း ခြိမ်းခြောက်လျက်ရှိသည်။ ကမ္ဘာပေါ်တွင် နှစ်စဉ် ပလတ်စတစ်အိတ် အလုံးရေ၅၀၀ဘီလီယံခန့် အသုံးပြု လျက်ရှိပြီး ပလတ်စတစ်အိတ်တန်ချိန် ကိုးသန်းခန့်သည် ပင်လယ်သမုဒ္ဒရာများအတွင်း အမှိုက်များအဖြစ် ပျံ့နှံ့မျောပါလျက်ရှိသည်။ ကမ်းရိုးတန်း ၁၉၂ နိုင်ငံမှ ထွက်ရှိ သော စွန့်ပစ်ပစ္စည်းများ၏ ၆၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင် နှုန်းထားသည် ပလတ်စတစ် စွန့်ပစ်ပစ္စည်းများ ဖြစ်ကြ သည်။ ယင်းပမာဏအတိုင်းသာ ပလတ်စတစ်များကို ဆက်လက်အသုံးပြုနေပါက၂၀၅၀ပြည့်နှစ်တွင် ပင်လယ်သမုဒ္ဒရာများ အတွင်း ငါးများထက် ပလတ်စတစ်အမှိုက်များက ပိုများလာနိုင်ကြောင်း စစ်တမ်းများက ဖော်ပြထားသည်။
ပလတ်စတစ်အမှိုက်များ၏ ဆိုးကျိုးများ
မြန်မာနိုင်ငံအတွင်း ပလတ်စတစ်ကို ယခင်က မြို့ပြများ၌သာ အသုံးပြုခဲ့သော်လည်း နောက်ပိုင်းတွင် လူဦးရေအများဆုံးနေထိုင်သည့် ကျေးလက်ဒေသများတွင်လည်း ပလတ်စတစ် ပစ္စည်းများကို တွင်တွင်ကျယ်ကျယ် သုံးစွဲလာကြကြောင်း တွေ့ရှိရသည်။ ပလတ်စတစ်ပစ္စည်းများကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းသည် ကျေးရွာများ၏ သန့်ရှင်းသာယာလှပမှုကို ထိခိုက် ပျက်စီးစေသည့်အပြင် စားကြွင်းစားကျန်များကို ပလတ်စတစ်အိတ်များနှင့် ပလတ်စတစ် ပစ္စည်းများထဲတွင် ထည့်၍စွန့်ပစ်ကြခြင်းကြောင့် ရောဂါပိုးမွှားများနှင့် ဗက်တီးရီးယားပိုးမွှားများ ပေါက်ပွားကာ လူတို့၏ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါသည်။
ထို့အပြင် ပလတ်စတစ်ပစ္စည်းများသည် မြစ်ချောင်းများနှင့် ပင်လယ်သမုဒ္ဒရာများအတွင်း ရောက်ရှိသွားလျှင် အဏ္ဏဝါဂေဟစနစ်ကိုလည်း ပျက်စီးစေနိုင်သည်။ အထူးသဖြင့် ပလတ်စတစ် အိတ်များသည် ဂျယ်လီငါး နှင့်တူသောကြောင့် ပင်လယ်လိပ်များသည် ၎င်းတို့၏ အစားအစာ အဖြစ် လွဲမှားစားသုံးမိသဖြင့် သေဆုံးကြရ ခြင်းများ ဖြစ်လေ့ရှိသည်။
ပလတ်စတစ်အိတ်များကြောင့် လယ်ကွင်းများတွင် အမိုးနီးယားဓာတ်ငွေ့ထွက်ရှိမှု မြင့်တက်လာစေနိုင်သလို ရွှံ့ညွန်တောများ၌လည်း ပလတ်စတစ်အမှိုက်များကြောင့် အောက်ဆီဂျင် ဓာတ်ငွေ့ကို လျော့ကျစေပြီး သက်ရှိများပေါက်ဖွားမှုကိုလည်း ကျဆင်းစေနိုင်သည်။
ထို့ကြောင့် ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝမြင့်မားလာစေရေး၊ ကျေးလက်နေ ပြည်သူလူထု ပျော်ရွှင်ကျန်းမာစွာ နေထိုင်နေရေးတို့အတွက် ကျေးရွာဝန်းကျင် သန့်ရှင်းသာယာလှပရေးကို ရည်ရွယ်၍ “ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲရေးစနစ်”ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။
အမှိုက်စီမံခန့်ခွဲမှုစနစ်၏ ရည်ရွယ်ချက်
ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် ဆောင်ရွက် ရခြင်း ရည်ရွယ်ချက်မှာ ကျေးရွာများတွင် ကျေးရွာလူထုအား အခြေပြုသည့် စွန့်ပစ်အမှိုက် စီမံခန့်ခွဲရေးစနစ်ကို ကျင့်သုံးဆောင်ရွက် တတ်လာစေရန်၊ အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့် ကောင်းများ ရရှိလာစေရန်၊ ကိုယ်ထူကိုယ်ထ ဖွံ့ဖြိုးရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်မှု အားကောင်းလာစေရန်၊ ထိရောက်ကောင်းမွန်သော စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်ဖြင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ထိခိုက်နိုင်စေမှု အလားအလာများကို လျှော့ချပေးနိုင် စေရန်၊ စွန့်ပစ်အမှိုက်များကို ပြန်လည်တီထွင် သန့်စင်အသုံးပြုသည့်စနစ်ဖြင့် သဘာဝ သယံဇာတအရင်းအမြစ် ထုတ်ယူသုံးစွဲမှုကို လျော့နည်းစေရန် စသည့်ရည်ရွယ်ချက်များ ဖြစ်သည်။
အမှိုက်ထွက်ရှိနိုင်သော နေရာများ
အမှိုက်ထွက်ရှိသည့် အရင်းအမြစ်များကို လေ့လာရာ တွင် အမှိုက်ထွက်ရှိနိုင်သည့် နေရာများမှာ လူနေအိမ်မှ ထွက်ရှိသောအမှိုက်၊ စီးပွားရေးလုပ်ငန်းမှ ထွက်ရှိသော အမှိုက်(ဈေးဆိုင်၊ စားသောက်ဆိုင်၊ ကျေးရွာဈေး စသည် များ)၊ စက်ရုံအလုပ်ရုံ (သို့မဟုတ်) ကျေးရွာစက်မှုလက်မှု လုပ်ငန်းများမှ ထွက်ရှိသောအမှိုက်၊ အဖွဲ့အစည်းနှင့် ဌာနများမှ ထွက်သောအမှိုက် (စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဆေးရုံစသည်များ)၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ထွက် ရှိသောအမှိုက်များ ဖြစ်ကြသည်။
စွန့်ပစ်အမှိုက်များကို သိမ်းဆည်းသယ်ယူခြင်း
ကျေးရွာရှိ လူနေအိမ်နှင့် အခြားနေရာမှထွက်ရှိသော အမှိုက်များကို အများသုံး အမှိုက်ကန် စနစ်ဖြင့် အမှိုက်စုဆောင်းခြင်းတွင် ရွှေ့ပြောင်းနိုင်သော အမှိုက်ကန်နှင့် မရွှေ့ပြောင်းနိုင်သော အမှိုက်ကန် အမျိုးအစားများကို အသုံးပြုရမည်ဖြစ်သည်။ အမှိုက်ကန်များမှမကောင်းသော အနံ့အသက်ဆိုးများ မထွက်စေရေး၊ အမှိုက်များ လျှံကျပြန့်ကျဲမှုမရှိစေရေးနှင့် တိရစ္ဆာန်တို့၏ ရန်များမှ ကာကွယ်နိုင်ရေးအတွက် စနစ်တကျ သိုလှောင်ထားသင့်သည်။
ကျေးရွာရှိ လူနေအိမ်နှင့် အခြားနေရာများမှ ယာယီသိုလှောင်ထားသော အမှိုက်များကို အမှိုက်ကန်သို့ သယ်ယူရန်အတွက် အိမ်တိုင်ရာရောက် အမှိုက်သိမ်းဆည်းခြင်း၊ ခေါင်းလောင်းတီး အမှိုက်သိမ်းဆည်းခြင်းနှင့် စုပေါင်း အမှိုက်သိမ်းဆည်းခြင်း နည်းလမ်းများဖြင့် သိမ်းဆည်းဆောင်ရွက်လျက်ရှိသည်။ အမှိုက်များ သိမ်းဆည်းရာတွင် လိုအပ်သော စက်ကိရိယာ နှင့် အမှိုက်သိမ်းယာဉ်များရရှိရေးအတွက် ကျေးရွာများတွင် ကျေးရွာသူ ရွာသားများ ပါဝင်သည့် ကျေးရွာအမှိုက်စွန့်ပစ်ရေး ကော်မတီများဖွဲ့စည်းပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ပူးပေါင်းဆွေးနွေး၍ လမ်းဘေးဝဲယာတွင် အမှိုက်ပုံးများထားရှိခြင်း၊ အမှိုက်များ သိမ်းဆည်းခြင်းကို လက်တွန်းလှည်း၊ သုံးဘီးမော်တော်ဆိုင်ကယ်များ၊ ထော်လာဂျီများဖြင့် အပတ်စဉ် အမှိုက်ကန်သို့ သယ်ယူစွန့်ပစ်ခြင်းဖြင့် အမှိုက်ကင်းစင်ရေး ဆောင်ရွက်ရမည် ဖြစ်သည်။
ထို့အပြင် ကျေးရွာလမ်းများတွင် တံမြက်စည်းလှဲခြင်း၊ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း တို့ကိုလည်း ကျောင်းအားလပ်ရက်ဖြစ်သည့် တနင်္ဂနွေနေ့များတွင် အနာဂတ်၏ လူငယ်လေးများဖြစ်သည့် ကျောင်းသူ ကျောင်းသားများနှင့် ကျေးရွာသူ ရွာသားများ စုပေါင်း၍ ကျေးရွာသန့်ရှင်းရေးအတွက် ဆောင်ရွက်လျက်ရှိကြသည်။
စွန့်ပစ်အမှိုက်များကို ပြန်လည်သန့်စင် သုံးစွဲခြင်း
စွန့်ပစ်အမှိုက်များကို ကုန်ကြမ်းအဖြစ် အသုံးပြု၍ ခေတ်မီနည်းပညာများကို အသုံးပြုကာ ပစ္စည်းအသစ်များ ပြန်လည်ထုတ်လုပ်ခြင်း၊ အမှိုက်များကို ပြန်လည်ပြုပြင်သန့်စင်သုံးစွဲခြင်း၊ ဇီဝနည်းလမ်းများမှတစ်ဆင့် သဘာဝမြေသြဇာပြုလုပ်ခြင်း၊ ဇီဝဓာတ်ငွေ့ထုတ်လုပ်ခြင်း၊ အမှိုက် မီးရှို့စက်ဖြင့် မီးရှို့၍ စွမ်းအင်အဖြစ် ပြောင်းလဲဆောင်ရွက် ခြင်းနှင့် စွန့်ပစ်အမှိုက်များကို အလွှာများအလိုက် မြေဖုံး အမှိုက်ကျင်းထဲသို့ စနစ်တကျ စွန့်ပစ်ခြင်းတို့ ဖြစ်သည်။
ကျေးရွာများတွင် အမှိုက်များကို အမှိုက်စိုနှင့် အမှိုက်ခြောက်ဟူ၍ အမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်စေပါက ပလတ်စတစ်အထူ၊ ဘူးခွံ၊ ဖန်ပုလင်း၊ သတ္တု၊ အဝတ်နှင့် အထည်အလိပ် စသည်များကို အမှိုက်ပြန်လည်သန့်စင် စက်ရုံသို့ ရောင်းချခြင်းဖြင့် လည်ပတ်ရန်ပုံငွေ ရရှိနိုင်မည်ဖြစ်သည်။ ထိုသို့ ဆောင်ရွက်သွားခြင်းဖြင့် နောက်ဆုံး မြေဖို့အမှိုက်ကျင်းတွင် စွန့်ပစ်ရမည့် အမှိုက်ပမာဏကို လျှော့ချပေးနိုင်သကဲ့သို့ မြေဖို့အမှိုက်ကျင်း၏နေရာ လိုအပ်ချက်ကိုလျှော့ချပေးနိုင်ခြင်း၊ အသုံးပြုသက်တမ်းကြာရှည် စေခြင်းတို့အပြင် အမှိုက်ကျင်း သက်တမ်း ကုန်ဆုံးပါက ထိုနေရာတွင် သစ်ပင်များ စိုက်ပျိုးနိုင်သည့် အကျိုးကျေးဇူးကိုပါ ရရှိမည်ဖြစ်သည်။
လုပ်ငန်းလည်ပတ် ကုန်ကျစရိတ်အတွက် ရန်ပုံငွေထူထောင်ခြင်း
ကျေးရွာများတွင် အမှိုက်ကင်းစင်ရေးအတွက် စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုလုပ်ငန်းကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရန်ပုံငွေအရင်းအမြစ် ရရှိရေးသည်လည်း အထူးအရေး ပါသော ကိစ္စရပ်တစ်ခုပင်ဖြစ်ပေသည်။ လိုအပ်သောရန်ပုံငွေများ ရရှိလာရေးအတွက် ကျေးရွာလူထုထံမှ အိမ်ထောင်စုအလိုက် အမှိုက်သိမ်းဆည်းပေးသည့် ဝန်ဆောင်မှုအတွက် ဝန်ဆောင်ခငွေကြေး ကောက်ခံခြင်း၊ သက်ဆိုင်ရာ အစိုးရဌာနများသို့ တင်ပြတောင်းခံခြင်း၊ အခြား လူမှုရေးအဖွဲ့အစည်းများထံမှ အကူအညီရယူခြင်း စသည်တို့ကို ဆောင်ရွက်ရမည်ဖြစ်ပြီး အမှိုက်သန့်စင်ခြင်းမှ ပြန်လည်ရရှိသည့် ဝင်ငွေများကို အမှိုက်ကင်းစင်ရေး လုပ်ငန်းများ၌ပင် ပြန်လည်သုံးစွဲ၍ ဆောင်ရွက်ရမည် ဖြစ်ပါသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအနေဖြင့်ဌာန၏ ရည်မှန်းချက်နှင့်အညီ ကျေးရွာလူထုကို ဗဟိုပြုသည့်စီမံကိန်းလုပ်ငန်းများ ရေးဆွဲအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ကျေးရွာလူထုကျန်းမာသန့်ရှင်းရေး လုပ်ငန်းဖြစ်သည့် စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၏ နည်းပညာအကူအညီများဖြင့် ကျေးရွာနေပြည်သူလူထု ကိုယ်တိုင်ပူးပေါင်း ပါဝင်ပြီး ကျေးရွာသန့်ရှင်း သာယာလှပရေးနှင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက် ရမည်ဖြစ်သည်။
အကျိုးကျေးဇူးများ
အဆိုပါ လုပ်ငန်းများကို ကျေးရွာနေလူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ကျေးရွာနေပြည်သူများ၏ စွမ်းဆောင်ရည် မြင့်မားလာခြင်း၊ အများ အကျိုးကို ဦးစားပေးရှေးရှုတတ်သောပရဟိတစိတ်ထားများ ဆထက်ပွားတိုးတက်လာခြင်း၊ ဒေသအစိုးရအပါအဝင်အခြား ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက် အကောင်အထည်ဖော် ဆောင်ရွက်တတ်မှု အားကောင်းလာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိ မည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် စွန့်ပစ်အမှိုက် စီမံခန့်ခွဲရေးနည်း စနစ်ကို ကျေးရွာပေါင်း ၃၁၂ ရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ပူးပေါင်းပါဝင် ကူညီမှုဖြင့် ဆောင်ရွက်ပြီးစီးခဲ့ ပြီးဖြစ်ကာ ဆက်လက်၍ ကျေးရွာပေါင်း ၁၁၀ကျော်တွင်လည်း တိုးချဲ့ဆောင်ရွက် လျက်ရှိသဖြင့် နိုင်ငံတစ်ဝန်းလုံးရှိကျေးရွာများအားလုံးမှ ပြည်သူများကလည်း လိုက်ပါဆောင်ရွက်ပေးကြခြင်း ဖြင့် ကျန်းမာသန့်ရှင်းရောဂါကင်းပြီး အမှိုက်ကင်းကွာသည့် ကျေးရွာများမလွဲမသွေ ဖြစ်ပေါ်လာနိုင်မည်ဖြစ်ကြောင်း အကြံပြု ရေးသားလိုက်ရပါသည်။
အေးအေးကြူ (ကျေးလက်ဦးစီး)