Skip to main content

ရွေးကောက်ပွဲနှင့် ပြည်သူ

ပိုက်တင်

ရွေးကောက်ပွဲဆိုသည်မှာ ပြည်သူ့ကိုယ်စားတာဝန်ထမ်းဆောင်ရန် လူဦးရေအများစုထောက်ခံမဲရသူ လူပုဂ္ဂိုလ်ကို စနစ်တကျ အများပါဝင်ဆုံးဖြတ်ဆောင်ရွက်ခြင်းဟု အဓိပ္ပာယ်ရှိလေသည်။ (An election is a formal group decisionmaking process by which a population chooses an individual to hold public office.)

ခေတ်သစ်ကိုယ်စားပြုဒီမိုကရေစီစနစ် (repre-sentative democracy)ပုံစံသည် ၁၇ ရာစု လောက်ကတည်းက စတင်ကျင့်သုံးလာခဲ့သည်ဟု မှတ်တမ်းများကဆိုလေသည်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးကြသည့်ပုံစံများသည် နိုင်ငံများအကြား ကွဲပြားခြားနားမှုရှိသော်ငြားလည်း ပြည်သူလူထု၏ အဖိုးထိုက်တန်လှသော ဆန္ဒမဲများ၏ အဆုံးအဖြတ်ကို ရယူခြင်းသည်ကား မည်သည့်ဒီမိုကရေစီစနစ်မျိုးတွင်မဆို အခြေခံအကျဆုံးသော သွင်ပြင်လက္ခဏာရပ်ဖြစ်လေသည်။ ပြည်သူလူထု၏ ရွေးကောက်ပွဲများတွင် ဆုံးဖြတ်ခွင့်သည် နိုင်ငံတော်ကိုစီမံခန့်ခွဲပိုင်ခွင့်ရရှိသူများ ပေါ်ထွက်လာရေးအတွက် ဒီမိုကရေစီစနစ်အတွက် မရှိမဖြစ်ဖြစ်သော ဒီမိုကရေစီ၏ နံပါတ်တစ် အနှစ်သာရဟုဆိုလေ၏။

ထိုသို့သော အကြောင်းတို့ကြောင့်ပင်လျှင် ပြည်သူလူထုသည် ရွေးကောက်ပွဲများနီးကပ်လာသည့်အချိန်များတွင် အလွန်တရာစန်းပွင့်လေ့ရှိပေ၏။ များစွာသော နိုင်ငံရေးသမားတို့သည် ပြည်သူလူထုကို အထူးသတိတရရှိကြသည့်အချိန်သည် ရွေးကောက်ပွဲများနီးကပ်လာသည့် အချိန်ဖြစ်လေ၏။ ပြည်သူလူထုအား နိုင်ငံရေးသမားတို့က အပြိုင်အဆိုင်ချဉ်းကပ်ကြရလေ၏။

တန်ဖိုးကြီးလှသော ဆန္ဒမဲများ

ကောင်းနိုးရာရာ ကတိကဝတ်များကို ရှာဖွေကြံဆပေးအပ်ကြရလေ၏။ တန်ဖိုးကြီးလှသောဆန္ဒမဲများကို မိမိတို့ရရှိနိုင်စေရေးအတွက် သူ့ထက်ငါအပြိုင်အဆိုင် ပြည်သူလူထုကို စည်းရုံးသိမ်းသွင်းကြရလေ၏။ စနစ်များ မည်သို့ပင်ကွဲပြားခြားနားစေကာမူ အနှစ်သာရအားဖြင့် ထိုသဘောအတိုင်းပင်ရှိလေသည်။ ထို့ကြောင့်ပင် ပြည်သူလူထု၏ နိုင်ငံရေးအသိအမြင် အတိုင်းအတာသည် ဒီမိုကရေစီစနစ် အောင်မြင်ရေးအတွက် အသက်တမျှအရေးပါရခြင်း ဖြစ်လေတော့သည်။

ပြည်သူလူထု၏ နိုင်ငံရေးအသိအမြင် ပြည့်စုံကြွယ်ဝရေးသည် ဒီမိုကရေစီစနစ် အောင်မြင်ရေးအတွက် သော့ချက်တည်း။ နိုင်ငံရေးသမားတို့က ရွေးကောက်ပွဲများ နီးကပ်လာသည့်အချိန်အပြိုင် အဆိုင်ချဉ်းကပ်လာကြသည့်အခါ၊ စည်းရုံးပြောဆိုလာကြသည့်အခါ၊ ကတိကဝတ်များပေးလာကြသည့်အခါ ပြည်သူလူထုအဖို့ရာအရေးအကြီးဆုံး အကြောင်းတရားကား နိုင်ငံရေးအသိအမြင်ပေါ် အခြေခံသည့် ဆင်ခြင်တုံတရားတည်း။ နိုင်ငံရေးသမားဟူသည် မှန်မှန်ကန်ကန်ပြောဆိုစည်းရုံးလျက်၊ မှန်မှန်ကန်ကန် ကတိကဝတ်များပြုလျက် မှန်မှန်ကန်ကန်နိုင်ငံရေးကို လုပ်ကိုင်လိုကြသူများရှိသလို ပြည်သူလူထု၏ ဆုံးဖြတ်ပိုင်ခွင့်ကို ကောင်းစွာနားလည်သည့်အလျောက် မလျော်ကန်သောအကြံအစည်ဖြင့် ပြည်သူလူထု၏ အဆုံးအဖြတ်ကို ရယူအသုံးချလျက် လုပ်ပိုင်ခွင့်အာဏာများရယူပြီး နိုင်ငံကိုရောပြည်သူကိုပါ ဒုက္ခပေးလိုသည့်သူများလည်း ရှိနေနိုင်ပေ၏။ နိုင်ငံရေးကိုကိုယ်ကျိုးစီးပွားအတွက် လုပ်ကိုင်ကြသူများလည်းရှိနေနိုင်ပေ၏။ တစ်ဖန်ရိုးရိုးသားသားလုပ်ကိုင်ဆောင်ရွက်လိုစိတ်ရှိပင် ရှိငြားသော်လည်း လိုအပ်သည့်ရှိသင့်ရှိထိုက်သည့် ကိုယ်ရည်ကိုယ်သွေး၊ ရှိသင့်ရှိထိုက်သည့် နိုင်ငံရေးအသိပညာအတတ်ပညာများမရှိဘဲ နိုင်ငံရေးကို ဝင်ရောက်လုပ်ကိုင်လိုသူများလည်း ရှိနိုင်ပေသည်။

ပြည်သူလူထု၏ ဆုံးဖြတ်ချက် အရည်အသွေးကား ရွေးကောက်ပွဲရလဒ်

ပြည်သူလူထုက နိုင်ငံရေးဆိုင်ရာအသိအမြင်ကို သိသင့်သိထိုက်သည့်အဆင့်၊ နားလည်သင့်နားလည် ထိုက်သည့်အဆင့်အထိ သိမြင်နားလည်ထားခြင်းမရှိလျှင် ထိုသို့သိမြင်နားလည်ထားသည်အထိ ကြိုးစားလေ့လာဖြည့်တင်းထားခြင်းမရှိလျှင် တန်ဖိုးအရှိဆုံး၊ အရေးအပါဆုံးဖြစ်သော ပြည်သူလူထု၏ ဆုံးဖြတ်ပိုင်ခွင့်တည်းဟူသော ဒီမိုကရေစီစနစ်အောင်မြင်ရေးအတွက် အခြေခံအကျဆုံးအရာသည် အရည်အသွေး နိမ့်ကျနေပေလိမ့်မည်ဖြစ်သည်။ ထိုသို့ဆိုလျှင် နောက်ဆက်တွဲကိစ္စများသည် နိုင်ငံအတွက်လည်းကောင်း၊ ပြည်သူလူထုအတွက်လည်းကောင်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လွန်စွာအရေးပါလှသော စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အစရှိသည့်ကဏ္ဍများတွင် ထိခိုက်ပျက်စီးမှုများ မလွဲမသွေကြုံတွေ့ကြရတတ်သည်ဖြစ်၏။ ပြည်သူလူထုက မိမိတို့ကိုယ်စား နိုင်ငံ‌တော်နှင့် ပြည်သူလူထုအကျိုးကို ဖော်ဆောင်ကြရန် ဆုံးဖြတ်ရွေးချယ်တာဝန်ပေးလိုက်သော နိုင်ငံရေးသမားတို့၏ အရည်အချင်းများသည် တာဝန်ယူမည့်နေရာ၊ လုပ်ပိုင်ခွင့်ရရှိသည့်ရာထူးများနှင့် ထိုက်တန်ကိုက်ညီစေရေးအတွက်ဆိုလျှင် ပြည်သူလူထု၏ ရွေးကောက်ပွဲများတွင် ဆုံးဖြတ်ကြသည့် ဆုံးဖြတ်မှုအရည်အသွေး၊ တစ်နည်းအားဖြင့် ပြည်သူလူထုဆန္ဒမဲများ၏ အရည်အသွေးသည် မြင့်မားနေရန်မဖြစ် မနေလိုအပ်ပေ၏။ ပြည်သူလူထု၏ ဆုံးဖြတ်ချကဖ အရည်အသွေးကားရွေးကောက်ပွဲရလဒ်၏ အရည်အသွေးနှင့်လည်းကောင်း၊ အစိုးရများ၊ လွှတ်တော်များ၏ အရည်အသွေးနှင့်လည်းကောင်း တိုက်ရိုက်ဆက်စပ်နေလေ၏။ ပြည်သူလူထု၏ နိုင်ငံရေးဆိုင်ရာ အသိအမြင်အရည်အသွေးသည် ဆန္ဒမဲများ၏ အရည်အသွေးကိုပြဋ္ဌာန်းလေ၏။ အစိုးရများ၊ လွှတ်တော်များ၏ အရည်အသွေးကိုပြဋ္ဌာန်းလေ၏။

ပြည်သူလူထု၏ နိုင်ငံရေးဆိုင်ရာ အသိအမြင်များပြည့်ဝစေရန်အတွက် ပြည်သူလူထုကိုယ်တိုင်က ကြိုးစားဖြည့်ဆည်းကြရန်လည်း မဖြစ်မနေလိုအပ်ပေ၏။ ပြည်သူလူထုအနေဖြင့် နိုင်ငံရေးအသိအမြင်မှန်ကန်ရေး၊ ကြွယ်ဝပြည့်စုံရေး ဖြည့်ဆည်းဆောင်ရွက်ခြင်းသည် မိမိတို့အကျိုးစီးပွားတစ်ခုတည်းအတွက် ဆောင်ရွက်ရာရောက်မည်သာမကဘဲ နိုင်ငံတော်၏အကျိုးစီးပွားဖြစ်ထွန်းရေး၊  နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ကောင်းမွန်သောနိုင်ငံရေးစနစ်ပေါ်ပေါက်ရေးအတွက် လုပ်ကိုင်ဆောင်ရွက်ရာ လည်းရောက်သည်ဖြစ်၏။

တစ်ဖန် ပြည်သူလူထုသည်ရွေးကောက်ပွဲများတွင် ဒီမိုကရေစီ၏ အနှစ်သာရသွင်ပြင်လက္ခဏာများအရ မတူကွဲပြားမှုများ မုချရှိမည်ဖြစ်ပေသည်။ မတူညီသည့်နိုင်ငံရေးပါတီများ၊ မတူညီသည့်နိုင်ငံရေးသမားများကို ကြိုက်ခြင်းမကြိုက်ခြင်း၊ ထောက်ခံခြင်းကန့်ကွက်ခြင်း စသည်ဖြင့် ကွဲပြားနေမည်သာဖြစ်၏။ သို့သော် ထိုသို့ကွဲပြားနေခြင်းသည် ပြည်သူလူထုကရွေးကောက်ပွဲများကို အခြေတည်လျက်၊ တစ်နည်းအားဖြင့် နိုင်ငံရေးစနစ်ကို အခြေတည်လျက် စိတ်ဝမ်းကွဲပြားမှုများ ဖြစ်ပေါ်ကြရသည်ဟူသော အခြေအနေမျိုးလုံးဝမဖြစ်စေရပါ။ ရွေးကောက်ပွဲများတွင် မတူညီသည့် နိုင်ငံရေးပါတီများ၊ မတူညီသည့် နိုင်ငံရေးသမားများကို မတူညီစွာထောက်ခံကြ၊ ကန့်ကွက်ကြခြင်းက တခြားဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူလူထုတို့၏ အကျိုးစီးပွားအတွက်မူ ပြည်သူတစ်ရပ်လုံးသည် စည်းလုံးညီညွတ်နေကြရန် မဖြစ်မနေလိုအပ်ပေ၏။

ဒီမိုကရေစီနိုင်ငံရေးစနစ်

နိုင်ငံရေးပါတီတစ်ခုကို ကန့်ကွက်သောကြောင့် ထိုပါတီအာဏာရသည့်အခါမျိုးတွင် ထိုအစိုးရကို မိမိကန့်ကွက်ထားသောပါတီ၏ အစိုးရဟုဆန့်ကျင်ကန့်ကွက်ခြင်းမပြုအပ်။ ထိုအစိုးရ၏ လုပ်ဆောင်ချက်အပေါ်မူတည်၍ ရလဒ်ကောင်းခြင်း၊ မကောင်းခြင်းဟူသော အခြေအနေပေါ်မူတည်လျက်ဝေဖန်ခြင်း၊ ပြောဆိုခြင်းကိုလုပ်နိုင်သော်ငြား ကိုယ်မထောက်ခံသော အစိုးရဖြစ်သောကြောင့် အကြောင်းမဲ့ ဆန့်ကျင်ကန့်ကွက်ခြင်းမပြုအပ်ပေ။ ထိုနည်းတူစွာပင် ကိုယ်ထောက်ခံသောအစိုးရဟူ၍လည်း အစိုးရဘာလုပ်လုပ် အားလုံးမျက်လုံးစုံမှိတ် ထောက်ခံစရာမလိုအပ်။ ထိုသို့ဆိုလျှင် နိုင်ငံတော်နှင့်နိုင်ငံသားအားလုံး၏ အကျိုးစီးပွားဖြစ်သော ဒီမိုကရေစီနိုင်ငံရေးစနစ်သည် တစ်စတစ်စယိုယွင်း ပျက်စီးသွားမည်မုချတည်း။

ပြည်သူလူထုသည် မိမိတို့အကျိုးစီးပွားကို နိုင်ငံရေးသမားများက အမှန်တကယ်ဆောင်ရွက် သယ်ပိုးကြစေလိုသည် အမှန်ဖြစ်ပါက ရွေးကောက်ပွဲများတွင် ဆန္ဒစွဲများကို ဖယ်ရှားရမည်ဖြစ်၏။ ပါတီစွဲများကို ဖယ်ရှားရမည်ဖြစ်၏။ ဆန္ဒစွဲ၊ ပါတီစွဲများသည် စိတ်ခံစားမှုကိုအခြေခံသည့် သဘောတရားဖြစ်သောကြောင့် ကောင်းမွန်သောနိုင်ငံအကျိုးကို ဖြစ်ထွန်းစေမည်ဖြစ်သော ရွေးကောက်ပွဲရလဒ်ရရှိ ရေးအတွက် ကြီးစွာသော အနှောင့်အယှက်အဟန့်အတားကို ဖြစ်ပေါ်စေလိမ့်မည်ဖြစ်၏။ အမှန်တကယ် အရည်အချင်းနှင့်ပြည့်စုံသော နိုင်ငံတည်ဆောက်ရေး အေးဂျင့်များကို ရွေးချယ်တာဝန်ပေးအပ်နိုင်ရေးအတွက်ဆိုလျှင် ပြည်သူလူထုသည် မိမိတို့၏တန်ဖိုးရှိလှသောဆန္ဒမဲများကို စိတ်ခံစားမှုများ၊ တရားသေဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲများ၊ ပါတီစွဲဂိုဏ်းဂနစွဲများဖြင့် မဆုံးဖြတ်သင့်ပေ။ အကျိုးအကြောင်း သင့်လျော်သောဆင်ခြင်တုံတရားဖြင့် ဆုံးဖြတ်သော ဆန္ဒမဲများသည်သာ လူမှန်များကိုနေရာမှန်တွင် တာဝန်ပေးအပ်နိုင်ရေးဟူသော ရွေးကောက်ပွဲ၏ အဓိကရည်မှန်းချက်ကို ပြည့်စေနိုင်မည်ဖြစ်၏။

ပြည်သူလူထုက မိမိတို့အချင်းချင်းကြား နိုင်ငံရေးအရ အယူအဆအမြင်ကွဲပြားမှုကို ပဋိပက္ခအသွင်မှတ်ယူလျက် အုပ်စုများကွဲပြားနေကြမည်ဆိုလျှင် နိုင်ငံရေးစနစ်တစ်ခု ကောင်းမွန်စွာ ရှင်သန်လည်ပတ်ရေးသည် မည်သည့်အခါမျှ အကောင်အထည်ပေါ်လာရန် အကြောင်းမရှိပါ။ ရွေးကောက်ပွဲများတွင် မတူကွဲပြားစွာ ထောက်ခံကြခြင်း၊ မထောက်ခံကြခြင်းကိစ္စကို ပြည်သူလူထုတစ်ရပ်လုံး အကျိုးစီးပွား၊ နိုင်ငံတော်တစ်ခုလုံး အကျိုးစီးပွား ဖြစ်ထွန်းရေးဟူသော နိုင်ငံသားအားလုံးတစ်ခဲနက် ကွဲလွဲချက်မရှိ၊ ခြွင်းချက်မရှိ ရည်မှန်းထားကြသော ဘုံအကျိုးစီးပွားနှင့် ရောထွေးပစ်၍မရပါ။

စည်းလုံးညီညွတ်မှုမရှိသော ပြည်သူလူထုက ကောင်းမွန်သောအရည်အချင်းရှိသော အစိုးရများကို တင်မြှောက်နိုင်ရန် မည်သို့မျှမဖြစ်နိုင်ပါ။ ကောင်းမွန်သော နိုင်ငံရေးစနစ်တစ်ရပ်ကို တည်ဆောက်နိုင်ရန်မည်သို့မျှမဖြစ်နိုင်ပါ။ ကောင်းမွန်သောအနာဂတ်ကို တည်ဆောက်ရန် မည်သို့မျှမဖြစ်နိုင်ပါ။

ဆင်ခြင်တုံတရားဖြင့် ဆုံးဖြတ်မဲပေးသောဓလေ့

သို့ပါသောကြောင့် ပြည်သူလူထုသည် အထူးသဖြင့် ရွေးကောက်ပွဲများနီးကပ်လာသည့်အချိန်အခါတိုင်း (ရွေးကောက်ပွဲအဆက်ဆက် ကျင်းပတိုင်း)၌ ပိုမိုစည်းလုံးညီညွတ်ကြရန် မဖြစ်မနေလိုအပ်ပေ၏။ ပိုမိုစဉ်းစားမြော်မြင်နိုင်ကြရန် မဖြစ်မနေလိုအပ်ပေ၏။ မိမိတို့တွင် ပုဂ္ဂိုလ်စွဲ၊ ဆန္ဒစွဲ၊ ပါတီစွဲများရှိပါက အမြန်ဆုံးဖျောက်ဖျက်ရန် မဖြစ်မနေလိုအပ်ပေ၏။ အရည်အချင်းရှိသော၊ စိတ်ဓာတ်ကောင်းမွန်သော၊ မိမိတို့က လွှဲအပ်တာဝန်ပေးအပ်မည့် လုပ်ငန်းတာဝန်များနှင့် အပြည့်အဝထိုက်တန်သော နိုင်ငံရေးသမားများကို မည်သည့်အစွဲမှမပါဘဲ ရွေးချယ်နိုင်ကြရန် မဖြစ်မနေလိုအပ်ပေ၏။ ဆင်ခြင်တုံတရားဖြင့် ဆုံးဖြတ်မဲပေးသောဓလေ့ကို ဒီမိုကရေစီစနစ် အမှန်တကယ်ထွန်းကားရှင်သန်ရေးအတွက် လေ့ကျင့်မွေးမြူကြရန်လိုအပ်ပေ၏။ နိုင်ငံရေးသမားဟူသည် အထက်တွင်ဆိုခဲ့သည့်အတိုင်း လူပေါင်းစုံလေ၏။

ထိုနိုင်ငံရေးသမားများအားလုံးက ရွေးကောက်ပွဲကာလတွင် ပြည်သူလူထုအား ချဉ်းကပ်စည်းရုံးသည့် အခါအချိုသာဆုံးစကားများကို ပြောကြမည်ဖြစ်၏။ အကောင်းဆုံးကတိကဝတ်များကို ပေးကြမည်ဖြစ်၏။

မည်သူက လူကောင်းသူကောင်းဖြစ်သည်၊ မည်သူကအရည်အချင်းပြည့်မီသည်စသည်ဖြင့် စိစစ်ရွေးချယ် တာဝန်ပေးအပ်ခွင့်အပြည့်အဝရှိသော ပြည်သူလူထုကြီးက နက်နက်နဲနဲအစွဲကင်းကင်း စဉ်းစားသုံးသပ်ဝေဖန်လျက် ဆုံးဖြတ်ချက်ချနိုင်မှသာ လူကောင်းသူကောင်းများ၊ အရည်အချင်းပြည့်ဝသူများကို ရွေးချယ်တာဝန်ပေးနိုင်သည်။

နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ကောင်းမွန်သောကံကြမ္မာကို ပြည်သူ့ဆန္ဒမဲဖြင့် ထိရောက်စွာဖန်တီးနိုင်လိမ့်မည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် သတိပေးတင်ပြအပ်ပါသည်။ ။