နှလုံးသွေးဖြင့် ရေးခဲ့သူများ
“ပျောက်သောသူရှာရင်တွေ့၊ သေသောသူကြာလျှင်မေ့” ဟူသော ဆိုရိုးစကား ရှိခဲ့သော်လည်း ကျွန်တော်၏ နှလုံးအိမ်အတွင်းဝယ် မှေးမှိန်၍မသွား၊ တစ်နေ့တခြား နက်ရှိုင်းသည်ထက် နက်ရှိုင်းသော အသိဖြင့် မေ့မရသူများ ရှိခဲ့ပါသည်။ ထိုသူတို့မှာ နိုင်ငံတစ်နိုင်ငံ၏ သမိုင်းစာမျက်နှာသစ်ကို နှလုံးသွေးဖြင့် ရေးခဲ့သူများ ဖြစ်သည်။
မည်သို့သော ပုဂ္ဂိုလ်များဖြစ်မည်နည်း။ မိမိတိုင်းပြည်နှင့် လူမျိုးများ၏ အကျိုးစီးပွား အတွက် လုပ်သင့် လုပ်ထိုက်သည့် အလုပ်ကို ရဲရဲရင့်ရင့်၊ ယုံယုံကြည်ကြည် လုပ်ကိုင်ဆောင်ရွက်ရင်း အသက်ကို စွန့်လွှတ်ခဲ့ကြသူများ ဖြစ်သည်။
ကွယ်လွန်သူ ကျွန်တော့်ဖေဖေပြောခဲ့တဲ့ “စွန့်လွှတ် စွန့်စားသွားကြတဲ့ သူတွေရဲ့ ကျေးဇူးဒဒဆိုတာ ဒဒအာဇာနည်” ပုဂ္ဂိုလ်တွေကို ရည်ညွန်းမှန်း ကျွန်တော်သိပါ သည်။ “အာဇာနည်” ဆိုတာဟာ အကြောင်းကျိုး၊ အမှားအမှန်ကို ဝေဖန်တတ်သူ၊ အမှန်တရားအတွက် ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိ လုပ်ကိုင်ဆောင်ရွက်တတ်သူ၊ ဟုတ်တယ်နော်...ဖေဖေ။
ကွယ်လွန်သွားရှာပြီဖြစ်တဲ့ လွတ်လပ်ရေး မော်ကွန်းဝင် ဇနီးမောင်နှံ ကျေးဇူးရှင် ဖေဖေနဲ့ မေမေတို့ရဲ့ စကားလေးတွေကို မကြာမီ ရောက်ရှိတော့မည့် (၇၂) နှစ်မြောက် အာဇာနည်နေ့လိုမျိုး၊ (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့လိုမျိုးတွေမှာ၊ သတင်းစာ ဆရာတစ်ယောက်ရဲ့ သားပီပီ ပြန်လည် မျှဝေသွားမှာပါ...ဖေဖေ။
လွတ်လပ်ခြင်းရဲ့ တန်ဖိုး
“လွတ်လပ်ရေး” ဆိုတဲ့ စကားလုံးသုံးလုံးကို ရေးပြရုံ၊ ဖတ်ပြရုံ သက်သက်ဆိုရင်တော့ ခက်ခဲတဲ့အရာ မဟုတ်ဘူး သား၊ ဒါပေမယ့် လက်ဝယ်ရရှိပိုင်ဆိုင်ဖို့ ကြိုးစားအားထုတ် ရတဲ့အခါမှာတော့ ခက်ခဲကြမ်းတမ်းတယ်။ မြှုပ်နှံခဲ့ရတဲ့ အရင်းအနှီးဟာ ကြီးမား တယ်။ လွတ်လပ်ရေးကို ပုံပမာနှိုင်းပြ ရရင် လေနဲ့တူသလို၊ ရေနဲ့လည်း တူတယ် သား။ တစ်ခါ ကျန်းမာရေးနဲ့လည်း တူတယ်သား။ လေကို အလွယ်တကူ ရှူရှိုက်ခွင့် ရနေတုန်း၊ ရေကိုအလွယ်တကူ အသုံးပြုခွင့်ရနေတုန်း၊ ကျန်းမာတုန်း ပျော်ရွှင် စွာနေရတုန်းက အရေးမထားမိပေမယ့်၊ လေမရလို့ အသက်ရှူကျပ်တဲ့အခါ၊ ရေမရလို့ ရေငတ်တဲ့အခါ၊ မကျန်းမာလို့ မသွားနိုင်မလာနိုင်တဲ့အခါ၊ အဲ့ဒီတော့မှ သူတို့ရဲ့တန်ဖိုးကို သိလာကြတယ်။ ဘာနဲ့မှ အစားထိုးလို့မရမှန်း၊ ကိုယ်တွေ့ကြုံမှ ယုံလာကြတယ်။ ဒီလိုပါပဲ လွတ်လပ်ရေး ဆိုတာဟာလည်း လွတ်လပ်နေချိန်မှာ လွတ်လပ်ခြင်းရဲ့ အရသာနဲ့ တန်ဖိုးကို မသိကြပေမယ့်၊ လွတ်လပ်ရေး ဆုံးရှုံးမှသာ လွတ်လပ်ခြင်းရဲ့ အရသာနဲ့ တန်ဖိုးကို ကောင်းစွာ သိမြင်လာကြတယ်သား။ ဒါကြောင့် မလွတ်လပ်တဲ့ဘဝကို ရောက်ခဲ့ဖူးသူတိုင်းဟာ နောင်တစ်ကြိမ် အဲဒီလိုဘဝမျိုး ပြန်မရောက်ချင်ကြဘူး။ သူ့ကျွန်ဖြစ်ခဲ့ပြီး နယ်ချဲ့ရဲ့ဖိနှိပ်မှု၊ ဖက်ဆစ်စနစ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုဒဏ်ကို ခါးသီးစွာ ခံစားရပြီးဖြစ်လို့ လွတ်လပ်ခြင်းရဲ့ တန်ဖိုးကို ဖေဖေတို့လူမျိုး တွေ ကောင်းကောင်းသိတယ်... သား။ လက်ဝယ်ရရှိပြီး ဖြစ်တဲ့ လွတ်လပ်ရေးကြီး ထာဝစဉ် တည်တံ့အောင် ထိန်းသိမ်းနိုင်ဖို့ဆိုရင်တော့ ပြည်သူတွေ အားလုံးဟာ လွတ်လပ်ရေးနဲ့ ထိုက်တန်အောင် နေတတ်ရမယ်၊ စည်းနဲ့ကမ်းနဲ့ နေတတ်ရမယ်။ မိမိနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိပါးလာမယ့် ပြည်တွင်း ပြည်ပ အဖျက်ရန်ကိုလည်း အမြဲတစေသတိထားပြီး ရှင်းလင်း သုတ်သင်နေရမယ်သား။
အသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားသွားကြတဲ့ သူတို့တွေရဲ့ ကျေးဇူးကို သတိရနေရမယ်။ ချစ်မြတ်နိုးနေရမယ်။ တန်ဖိုးထား လေးစားနေရမယ်။ သူတို့အသက်နဲ့လဲပြီး ရယူပေးခဲ့တဲ့ လွတ်လပ်ရေးကို ဖေဖေတို့ သားတို့ကလည်း အသက် နဲ့လဲပြီး ကာကွယ်စောင့်ရှောက်နိုင်ရမယ်... သား။ လွန်ခဲ့သော ၃၅ နှစ်ကျော်က ဖေဖေကျွန်တော့်ကို ပြောပြခဲ့တဲ့ စကားတွေပါ။ အမြဲတမ်း မှတ်သားလိုက်နာနေမှာပါ။ ကျေးဇူးရှင် မိဘနှစ်ပါးရဲ့ လွတ်လပ်ရေးအတွက် လှုပ်ရှားမှုတွေကို ဒီလို နေ့မျိုး ရောက်လာတိုင်း မနေ့တစ်နေ့ကလိုပဲ ခံစားရပါတယ်။
နိုင်ငံတိုင်းတွင် မိမိတို့၏ သမိုင်းတစ်ဆင့်မြှင့်ကြပြီ ဆိုလျှင် အာဇာနည်ပုဂ္ဂိုလ်တို့နှင့် စတေးရစမြဲ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စု မပြိုကွဲရေးနှင့် ငွေဝယ်ကျွန် စနစ် ဖျက်သိမ်းရေး ကြိုးပမ်းမှုတွင်လည်း သမ္မတကြီးအီဗရာဟင် လင်ကွန်းလုပ်ကြံ ခံခဲ့ရပါသည်။ အိုင်ယာလန်နိုင်ငံ၏ အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲအောင်မြင်နေ ချိန်တွင်လည်း သစ္စာဖောက် လူယုတ်မာတို့၏ လက်ချက်ဖြင့် အမျိုးသား ခေါင်းဆောင် မိုက်ကယ်ကောလင်း အသတ်ခံရပါသည်။ အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးဗိသုကာကြီး မဟတ္တမဂန္ဒီသည်လည်း အစွန်းရောက် လူသတ်သမားတို့၏ ပစ်ခတ်မှုကြောင့် အသက်စွန့်ခဲ့ရပါသည်။ ထာဝစဉ် နှမြောတသနေကြရမည့် ပုဂ္ဂိုလ်များပင် ဖြစ်ပေသည်။
တိုင်းပြည်အတွက်သာကြည့်သည့် ဗိုလ်ချုပ်
ထို့အတူ မြန်မာနိုင်ငံတွင်လည်း လွတ်လပ်ရေးရဖို့ လပိုင်း မျှသာလိုတော့သည့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ အတွင်းဝန်ရုံးဝင်းအတွင်း အစိုးရအဖွဲ့ဝင် လူကြီးများ အစည်းအဝေး ပြုလုပ်နေစဉ် မသမာသူ လူသတ်သမား တို့၏ ရက်ရက် စက်စက် ပစ်ခတ်မှုဖြင့် လုပ်ကြံခံခဲ့ရပါသည်။ ထိုစဉ်က လွတ်လပ်ရေးဗိသုကာကြီး အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနဲ့အတူ ဝန်ကြီးများဖြစ်ကြသည့် သခင်မြ၊ ဦးဘဝင်း၊ ဒီးဒုတ်ဦးဘချို၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ မန်းဘခိုင်၊ ဦးရာဇတ်တို့နဲ့အတူ အတွင်းဝန် ဦးအုန်းမောင်၊ ရဲဘော်ကိုထွေး တို့ အစုလိုက်၊ အပြုံလိုက် အသက်ပေးခဲ့ကြရသည်၊ ကြွေလွင့်ကြ ရရှာပါသည်။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သည် အသက် (၁၇) နှစ် အရွယ် ၁၉၃၂ ခုနှစ်တွင် တက္ကသိုလ် ကျောင်းသား ဖြစ်နေပြီး အသက် (၃၂) နှစ်အရွယ် ၁၉၄၇ ခုနှစ်တွင် ကွယ်လွန်ခဲ့ပါသည်။ တက္ကသိုလ်ရောက်ချိန်မှ ကျဆုံး ချိန်အထိ ၁၅ နှစ်ကာလအတွင်း မြန်မာ့လွတ်လပ်ရေးအတွက် မနားမနေ လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ လူငယ်လူရွယ်တစ်ယောက် ဖြစ်နေသော်လည်း အပျော်အပါး နောက်မလိုက်ဘဲ ကိုယ်ကျိုး အတွက် သူမကြည့်၊ ဘယ်အဆင့် ဘယ်နေရာရောက်မှ ဆိုသည်မှာ သူ့အတွက်ဘာမှမဟုတ်၊ တိုင်းပြည်အတွက်၊ ပြည်သူ အတွက်သာ လိုအပ်ချက် မှန်သမျှကို ဖြည့်ဆည်းခဲ့သူ။ ထို့ကြောင့် လည်း ကမ္ဘာပေါ်တွင် အသက်အငယ်ဆုံး အမျိုးသားခေါင်းဆောင် တစ်ဦး ဖြစ်ခဲ့ရပါသည်။
သူတည်ထောင်ခဲ့သည့် မြန်မာ့တပ်မတော်ဆိုတာဟာ မြန်မာပြည်သူတို့ရဲ့ နယ်ချဲ့ ဆန့်ကျင်ရေးနဲ့ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲကြားမှ ပေါက်ဖွားလာခြင်း ဖြစ်ပေသည်။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် ရဲဘော်သုံးကျိပ် ဂျပန်ပြည်သို့ စစ်ပညာသင်ရန် သွားရောက်ခဲ့စဉ်ကစလို့ သန္ဓေတည်ခဲ့ခြင်း ဖြစ်ပါသည်။ ၁၉၄၂ ခုနှစ်တွင် ရဲဘော်သုံးကျိပ် အဖွဲ့ဝင်များ ဂျပန်နဲ့အတူ မြန်မာနိုင်ငံအတွင်းသို့ ဗမာ့လွတ်လပ်ရေး တပ်မတော် အဖြစ် ဖွဲ့စည်းရန် ဝင်ရောက်လာခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်ကြောင့် အင်္ဂလိပ်နယ်ချဲ့များ မြန်မာ့မြေမှ ဆုတ်ခွာချိန် ဖက်ဆစ်ဂျပန်များက မြန်မာပြည်ကို အတုအယောင် လွတ်လပ်ရေး ကြေညာပေးခဲ့ပါသည်။ နှိပ်စက်ခံရခြင်း၊ ဘာသာသာသနာ ဖျက်ဆီးခံ ရခြင်း တို့ကြောင့် ဗိုလ်ချုပ် အောင်ဆန်းမှ ဗမာ့လွတ်လပ်ရေး တပ်မတော်ကို ဗမာ့ ကာကွယ်ရေး တပ်မတော်အဖြစ် ပြန်လည် ဖွဲ့စည်းခဲ့ပါသည်။ ၁၉၄၇ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာတော့ တပ်မတော်နဲ့ ပြည်သူပူးပေါင်းပြီး ရရာ လက်နက်စွဲကိုင်ကာ တော်လှန်တိုက်ခိုက်ကြပါသည်။ တော်လှန်ရေးနှင့် တပ်မတော်သည်ခွဲခြား၍ မရ၊ တစ်သားတည်းသာ ဖြစ်ပါသည်။ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ် တော်လှန်ရေး တိုက်ပွဲများမှ တပ်မတော်ကို မွေးဖွားပေးခဲ့ပါသည်။ တသီးတခြား ရှင်သန်ရပ်တည်နေသည့် အဖွဲ့အစည်း မဟုတ်ပါ။ ပြည်သူတို့ ကြားမှ ပေါက်ဖွားကာ ပြည်သူများ၏ သားသမီးများဖြင့် ဖွဲ့စည်းထားသည်သာ ဖြစ်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်း မကျဆုံးမီ (၅.၄.၁၉၄၇) ရက်နေ့ ရေဒီယိုအသံလွှင့် မိန့်ခွန်းနှင့် (၁၃.၇.၁၉၄၇) ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သူ့ အစည်းအဝေး ကြီးတွင် ပြောကြားခဲ့သည့် မိန့်ခွန်းများသည် ရှေ့အနာဂတ်တွင် ကြုံတွေ့နိုင်မည့် ကြုံတွေ့ရမည့် အခြေအနေများကို သတိပေးနေသလို ခံစားမိပါသည်။ “ကျွန်တော်တို့ ပြောကောင်းရုံလေးအတွက် ကြိုးပမ်းနေကြတာ မဟုတ်ဘူး၊ ခပ်တိုတိုပြောရရင် လူတန်း စေ့စေ့နေနိုင်အောင် လုပ်ပေးဖို့လွတ်လပ်ရေးအတွက် ကြိုးပမ်း နေကြတာ၊ အဲဒီတော့ လွတ်လပ်ပြီးတဲ့နောက် လူတန်းစေ့စေ့ နေနိုင်ဖို့ အလုပ်တွေကို မလုပ်ရဘဲ ကဖျက်ယဖျက်သမားတွေရဲ့ နှောင့်ယှက်မှုတွေကို တုံ့ပြန်နေရတာနဲ့သာ အချိန် ကုန် နေကြမယ်ဆိုရင် လွတ်လပ်ရေးရတာဟာ အဓိပ္ပာယ်ကို ရှိမှာ မဟုတ်ဘူး။” “ခြင်္သေ့မင်း များဟာ တောကောင်ကို လိုက်တဲ့ နေရာမှာ ကြီးတာ၊ ငယ်တာ ပဓာနမထားဘဲနဲ့ ကြီးကြီးငယ်ငယ် လုံ့လစိုက်တဲ့ နေရာမှာအဲ့ ဒီအတိုင်းပဲ လုံ့လစိုက်သွားတယ်။ အဲဒီလို ထုံးအတိုင်းပဲ ကျွန်တော်တို့က ပန်းတိုင်ရောက်တဲ့အထိ အောင်မြင်လာတဲ့တိုင်အောင် ကျွန်တော်တို့က ကြိုးစားမှု၊ အားထုတ်မှုကို လျှော့လိုမဖြစ်နိုင်ဘူး၊ လုံ့လဝီရိယကို လျှော့လို့မဖြစ်နိုင်ဘူး၊ ဆတက်ထမ်းပိုးသာ ကျွန်တော်တို့ လုပ်ဖို့လိုတယ်။
စည်းလုံးခြင်းသည် အင်အား
ဒါဟာ ဘာကိုရည်ရွယ်ပြီး ပြောနေသလဲ။ (၃၂)နှစ် အရွယ် လူလတ်ပိုင်း အမျိုးသားခေါင်းဆောင် တစ်ဦးရဲ့ အတွေး၊ အမြင်။ သူတွေးသလို၊ သူမြင်သလို မြင်တတ်ကြမယ်ဆိုရင် အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေး စိတ်ဓာတ်နဲ့ ပြည်ထောင်စုစိတ်ဓာတ်တွေဟာ နိုင်ငံတော်ရဲ့ အမျိုးဂုဏ် ဇာတိဂုဏ်ဝင့်ထည် မြင့်မားရေးအတွက် အလွန်အရေးပါတယ် ဆိုတာကို ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံး အလေးထား မှတ်ယူကြပါ။ ဘဝကို ချစ်မြတ်နိုးလျှင် အချိန်ကို မဖြုန်းကြပါနှင့်။ ဘဝသက်တမ်းဆိုသည်မှာ အချိန်များနှင့် တည်ဆောက် ထားခြင်းဖြစ်လို့ အခြေအနေ၊ အချိန်အခါအရ အယူဝါဒများ ပြောင်းလဲခြင်းများ တွေ့တဲ့ အခါ သမာဓိ မတည်၊ ရှေ့နောက်မညီလို့ ထင်မှတ် မှားတတ်ကြပါသည်။ တကယ်တော့ သမာဓိမတည်ခြင်းဟာ ကိုယ်ကျင့်တရား ဖောက်လွဲဖောက်ပြန်ခြင်း သာ ဖြစ်ပြီး ဝါဒပြောင်းမှုဟာ ဉာဏ်အမြင့်ရဲ့ ပြောင်းလဲမှုကြောင့် သမာဓိမတည်ခြင်း မဟုတ်၊ တိုးတက်ခြင်းသာဖြစ်ကြောင်း သိထားဖို့လိုပေသည်။
လူ့လောကတွင် အယူဝါဒ အမျိုးမျိုးကို နားလည်ပေးခြင်း၊ လူများ၏ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်မှုကို လေးစားစွာ အတူတကွ ယှဉ်တွဲနေထိုင်ခြင်းဟာ ယဉ်ကျေးမှု ဖြစ်လို့ ဒီမိုကရေစီ၏ အနှစ်သာရလည်း ဖြစ်ပေသည်။ နိုင်ငံတစ်နိုင်ငံ၏ ကောင်းကျိုး ဆိုးကျိုး၊ တိုးတက်မှုနှင့် ဆုတ်ယုတ်မှုများသည် တိုင်းရင်းသား လူမျိုးစုများ၏ စည်းလုံးညီညွတ်မှုပေါ်တွင် မူတည်၍ ကျဉ်းမြောင်းသည့် လူမျိုးရေး အမြင်၊ ဒေသစွဲ၊ ပါတီစွဲ၊ ဝါဒစွဲများ လွန်ကဲခြင်း၊ အစွန်းရောက် အတွေးအခေါ်များ ရှေ့တန်းတင် နေကြခြင်းများသည် နိုင်ငံတော်၏ ရှိရင်းစွဲ အင်အားကို လျော့နည်းစေပြီး နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့် လူမှုရေး အခြေအနေများ၏ အဆင့်အတန်းများ နိမ့်ကျသွားနိုင်ပါကြောင်း သတိပြုမိကြဖို့ လိုပေသည်။
အစဉ်အလာ ဆိုသည်မှာ လူက ထူထောင်ရသည့်အရာ ဖြစ်သလို အစဉ်အလာ ကြီးမားမှလည်း လူ၏ တန်ဖိုးကြီးမားပါမည်။ သို့ဖြစ်၍ တိုင်းရင်းသား လူမျိုးပေါင်းစုံမှ တက်ကြွနိုးကြားစွာ ကျင်းပလေ့ ရှိသည့် “အာဇာနည်နေ့” အခမ်းအနားကြီးကို ရင်ထဲအသဲထဲမှ ဂုဏ်ယူဝင့်ကြွားစွာ ကျင်းပ ဆောင်ရွက်လို စိတ်များဖြင့် ကမ႓ာတည်သရွေ့ ကျင်းပကြရပါမည်။
သို့ပါ၍ ကျွန်တော်တို့ ပြည်သူများအားလုံး အရင်ဆုံး ပြုလုပ်ရမည်မှာ “အဓိပ္ပါယ်မဲ့ နေသော လုပ်ငန်းများကို ရပ်ကြပါ။ အမှန်တကယ် အစမှပြန်ပြုပြင်သင့်သော အရာများအပေါ် အာရုံစူးစိုက်ပါ” စည်းလုံးခြင်းသည် အင်အား လွတ်လပ်ရေးကို ကာကွယ်ကြပါလို့ တိုက်တွန်းလိုပါသည်။
ကျွန်တော်တို့ လေးစားအားကိုးခဲ့ရသော အာဇာနည်များက သမိုင်းကို နှလုံးသွေးဖြင့် ရေးခဲ့ကြပါသည်။ ကျွန်တော် တို့ပြည်သူတွေ အားလုံးက မျက်ရည်နှင့် ရေး၍မဖြစ်၊ ချွေးနှင့် ရေးရမည်ဖြစ်ပါကြောင်း (၇၂) နှစ်မြောက် “အာဇာနည်နေ့” ကို အထိမ်း အမှတ် ပြု ရေးသားတင်ပြလိုက်ပါသည်။ ။
မင်းသိမ်း (နေပြည်တော်)