၁၉၄၈ ခုနှစ် ပထမဆုံး မြန်မာ့လွတ်လပ်ရေးအောင်ပွဲအခမ်းအနား ပသာဒ မြင်ကွင်း
နှစ်ပရိစ္ဆေဒ ၁၂၄ နှစ်တိုင်အောင် ( အင်္ဂလိပ်နယ်ချဲ့လက်အောက်၁၂၁ နှစ်၊ ဖက်ဆစ် ဂျပန်လက်အောက် ၃ နှစ်) ဆုံးရှုံးသွားခဲ့ရသော မြန်မာ့ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ပြန်လည်ရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြရာတွင် ကလေးမုန့်ဖိုးလက်ဖြန့် တောင်းသလိုအလွယ်တကူ ပြန်လည် ရရှိခဲ့ခြင်း လုံးဝမဟုတ်ပါ။ မျိုးချစ်စိတ်၊ တိုင်းချစ် ပြည်ချစ်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်ရှိကြ သူတိုင်း နယ်ချဲ့ တော်လှန်ရေးကို အသက်၊ သွေး၊ ချွေးပေါင်းများစွာ စတေးခံ၍လည်းကောင်း၊ အမျိုးသား နိုင်ငံရေးနည်းလမ်းများဖြင့်လည်းကောင်း၊ ပြည်ထောင်စုဖွား ၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံး လက်တွဲမဖြုတ် ကျောချင်းကပ် ရင်ချင်းအပ်ကာ အတူလက်တွဲ ဆင်နွှဲနိုင်ခဲ့ခြင်းကြောင့် မြန်မာ့လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ပြန်လည်ရရှိခဲ့ခြင်းပင်ဖြစ်သည်။