နေပြည်တော် ဇန်နဝါရီ ၁၅
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပထမအကြိမ်နှင့် ဒုတိယအကြိမ် နိုင်ငံခြားဘဏ် ရွေးချယ်ရေး အစီအစဉ်တွင် နိုင်ငံခြားဘဏ် ဘဏ်ခွဲများ (Foreign Bank Branches) ကိုသာ ခွင့်ပြုပေးခဲ့သော်လည်း တတိယအကြိမ် နိုင်ငံခြားဘဏ်ရွေးချယ်ရေးအစီအစဉ်တွင် နိုင်ငံခြား ဘဏ် လက်အောက်ခံဘဏ်များ (Foreign Bank Subsidiaries) ကို စတင်ခွင့်ပြု ပေးခဲ့သည်။
တတိယမြောက် နိုင်ငံခြားဘဏ် လက်အောက်ခံဘဏ်အဖြစ် ဇန်နဝါရီ ၁၂ ရက်တွင် ထိုင်းနိုင်ငံမှ Siam Commercial Bank Myanmar Limited ကို နိုင်ငံခြားဘဏ် လက်အောက်ခံ ဘဏ်လိုင်စင် ထုတ်ပေးခဲ့ခြင်းဖြစ်သည်။
နိုင်ငံခြားဘဏ် လက်အောက်ခံဘဏ်များသည် ပြည်တွင်းဘဏ်များနည်းတူ ငွေရေး ကြေးရေး အဖွဲ့အစည်းများဥပဒေ ပုဒ်မ(၅၂)ပါ ကူးသန်းရောင်းဝယ်ရေး ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ပြည်တွင်းပုဂ္ဂလိကဘဏ် (၂၇)ခုနှင့် တန်းတူ ပြည်သူလူထုကို ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်သည်။
နိုင်ငံခြားဘဏ်များ၏ နိုင်ငံတကာအဆင့်မီ ခေတ်မီနည်းပညာအရ ဘဏ်လုပ်ငန်း များကို လည်းကောင်း၊ ယှဉ်ပြိုင်လုပ်ကိုင်မှုဖြင့်တိုးတက်လာမည့် ပြည်တွင်းဘဏ်များ၏ ရလဒ် ကောင်းများ ကိုလည်းကောင်း၊ ဘဏ်နှင့်ဆက်နွှယ်သူ ပြည်သူများမှခံစားရရှိပြီး ဘဏ် လုပ်ငန်း နည်းပညာ တစ်ခေတ် ထပ်မံဆန်းသစ်လာမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)