လူ့ဘဝအတွက်မရှိမဖြစ်လိုအပ်သည့်စားရေး၊ ဝတ်ရေး၊ နေရေး အရေးသုံးပါးတွင် အရေး အကြီးဆုံး အရေးမှာ နေရေးဖြစ်ပါသည်။ နေရေးသည် အိုးအိမ်မြေယာ ပိုင်ဆိုင်မှုကိုဆိုလိုသည်။ အရေးသုံးပါးနှင့်ပတ်သက်၍ မြေပိုင်ဆိုင်ရေးသည် အရေးအကြီးဆုံးကိစ္စဖြစ်ရာ မြေ၏တန်ဖိုး၊ မြေ၏အသုံးဝင်မှု၊ မြေ၏ပြဿနာ ရှုပ်ထွေးမှုတို့ကို ကြုံတွေ့နေရသည်။
လူသားများအဖို့ မြေသည် ဘဝရှင်သန်ရပ်တည်ရေးအတွက် အရေး အကြီးဆုံးနေရာဖြစ်သည်။ လူသားများအနေဖြင့် မည်သည့်ဘဝအဆင့်အတန်း ဖြစ်စေ မြေပိုင်ဆိုင်ခြင်းဖြင့် ဘဝတွင် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နေထိုင် နိုင်သည်။ မြေပိုင်အိမ်ပိုင်မရှိခြင်းသည် ဘဝတွင် မျှော်လင့်ချက် ပျောက်ဆုံးနေ ခြင်းပင်။ ဂုဏ်သိက္ခာနှင့်ရှင်သန်မှုဆုံးရှုံးနေခြင်းပင်။ မျက်နှာငယ်သည့်ဘဝတွင် ပင်ပန်းဆင်းရဲစွာ ခက်ခက်ခဲခဲ ရပ်တည်ရှင်သန်ခြင်းပင်ဖြစ်သည်။
အဆိုပါမြေသည် များသောအားဖြင့် အခြေခံလူတန်းစား ကျေးလက် ပြည်သူများ ရပ်တည် ရှင်သန်ခဲ့သည့်မြေကို ဆိုလိုသည်။ ပိုင်ဆိုင်မှုဖြင့်ဖြစ်စေ၊ ဆက်နွယ်၍ဖြစ်စေ ဖြစ်တည်ခဲ့သော မြေများကို ဆိုလိုသည်။ များသောအားဖြင့် လယ်ယာမြေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်း၊ သစ်တော မြေများတွင် ပြဿနာ ရှုပ်ထွေးမှုများရှိနေသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်င ံဖြစ်၍ ပြည်သူများ သည်မြေကိုအမှီပြုရသည်။ အထူးသဖြင့် လယ်ယာမြေသည် နိုင်ငံတစ်ဝန်း တွင် တပြန့်တပြောင်ပြီး တောင်သူလယ်သမားများ တန်ဖိုးထားရာ ဘိုးဘွားအမွေ အနှစ် ဖြစ်သည်။ ။
ထိုမြေများသည် အချိန်ကာလ တိုက်စားမှု၊ ဥပဒေမဲ့အနိုင်အထက် ဆောင်ရွက်မှု၊ ပဋိပက္ခ ဖြစ်မှုများကြောင့် လယ်ယာမြေမှ အခြားပုံစံအမျိုးမျိုးသို့ ပြောင်းလဲသွားခဲ့သည်။ တောင်သူ များမှာ အလုပ်လက်မဲ့ဘဝဖြင့် မလုံခြုံသော၊ ဂုဏ်သိက္ခာမဲ့သောဘဝတွင် ကာလရှည်ကြာ ရပ်တည်ခဲ့သည်။ ထို့ကြောင့် ပြည်သူ့အစိုးရက တောင်သူလယ်သမားများအတွက် အသက်တမျှ အရေးကြီး သည့် လယ်ယာမြေများ ပြန်လည်ရရှိရေးကို ဦးစားပေးဆောင်ရွက်ပေး လျက်ရှိသည်။
တောင်သူများ ဓားမဦးချလုပ်ကိုင်ခဲ့သည့်မြေယာများအား သိမ်းယူ ထားခြင်းတို့ကို ပြန်လည် ပေးအပ်နိုင်စေရေး ဆောင်ရွက်ပေးလျက်ရှိသည်။ ပြန်လည်စွန့်လွှတ်မြေများ မူ လတောင်သူ များထံ မြန်မြန်ရောက်ရှိပြီး စောစော စီးစီးအကျိုးခံစားနိုင်ရေး၊ ပွင့်လင်းမြင်သာမှုရှိစွာဖြင့် လွှဲပြောင်းပေးနိုင်ရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေမည့် မူဝါဒနှင့်လုပ်ငန်းစဉ်များ ချမှတ်ပြီး စနစ် တကျ စိစစ်လွှဲပြောင်းပေးနိုင်ရေးတို့အား ဆောင်ရွက်ပေးနေသည်မှာ တောင်သူ လယ်သမား များ ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်စေ ဖို့ဖြစ်သည်။
လယ်ယာမြေပြဿနာသည် ၁၉၈၈ ခုနှစ်နောက်ပိုင်းမှစ၍ ကာလရှည် ဖြစ်ပေါ်လာခဲ့သဖြင့် ကျေးလက် ပြည်သူများ၏ လူမှုစီးပွားဘဝပုံစံများလည်းပြောင်းလဲလာခဲ့သည်။ လယ်ယာမြေများ သိမ်းဆည်းခံရသဖြင့် လယ်မဲ့၊ ယာမဲ့ အလုပ်အကိုင်အခွင့်အလမ်းမရှိဖြစ်ရသည်။ ကျေးလက် ဒေသများကို စွန့်ခွာမှုများ၊ မြို့ကြီးများသို့ မိသားစုလိုက် ပြောင်းရွှေ့မှုများ၊ ကျူးကျော် နေထိုင်မှုများ၊ ရွှေ့ပြောင်းလုပ်သားများအဖြစ်သို့ ပြောင်းလဲသွားမှုများ၊ ပြည်ပနိုင်ငံများသို့ နည်းလမ်းအမျိုးမျိုးဖြင့် သွားရောက်လုပ်ကိုင်နေမှုများ ယနေ့ထိတိုင်ဖြစ်ပေါ် လျက်ရှိသည်။
ထို့ကြောင့်လယ်ယာလုပ်သူများ လယ်ယာမြေများ အမြန်ဆုံးပြန်လည်ရရှိ ရေးကို နိုင်ငံတော်က ပထမဦးစားပေးဆောင်ရွက်ခြင်းဖြစ်သည်။ ကျေးလက် ပြည်သူများ လယ်ယာမြေများမရှိ သောကြောင့်ဖြစ်စေ၊ အခွင့်အလမ်းမရှိသောကြောင့်ဖြစ်စေ ပြည်ပနိုင်ငံများသို့ထွက်ခွာ နေကြ ခြင်းသည် လူ့စွမ်းအားအရင်း အမြစ်များ ယိုစီးခြင်းဖြစ်သည်။ တောင်သူလယ်သမားများ၊ လယ်ယာမြေများ ပြန်လည်ပိုင်ဆိုင်ခွင့်ရရှိခြင်းဖြင့်လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးနစ်နာနေမှု များကို တဖြည်းဖြည်းလျှော့ချပေးနိုင်မည်ဖြစ်သည်။ ။
လယ်ယာမြေပြန်လည်လုပ်ကိုင်ခွင့်ရရှိကြသည့်တောင်သူလယ်သမားများ အနေဖြင့် နိုင်ငံတော် က အလေးထားဆောင်ရွက်ပေးနေမှုကို နားလည်သိရှိပြီးတောင်သူမိသားစုအသိုက်အဝန်းများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် လာအောင် လယ်ယာမြေဥပဒေနှင့်အညီ ရိုးသားကြိုးစား လုပ်ကိုင်ကြရမည် ဖြစ်သည်။ နိုင်ငံတော်က ရေရှည်တည်တံ့သည့်ခေတ်မီ လယ်ယာ ကုန်ထုတ် စနစ် ထွန်းကားလာစေပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့်စိုက်ပျိုးမွေးမြူရေး ကုန်ထုတ် လုပ်ငန်းများကို ပံ့ပိုးကူညီအားပေးလျက်ရှိရာ ကျေးလက်နေ ပြည်သူများ လူမှုစီးပွား တိုးတက် ရေးနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးရေး မြင့်မားလာအောင် ကြိုးပမ်းအားထုတ်ရမည်ဖြစ်သည်။ ။
သို့ဖြစ်ရာ လယ်လုပ်သူများ လယ်ယာမြေပိုင်ဆိုင်ရေးကို နိုင်ငံတော် အစိုးရက ဦးစားပေး ဖော်ဆောင်ပေးလျက်ရှိရာ မိမိတို့၏ လယ်မြေ၊ ယာမြေ ပိုင်ဆိုင်သည့် လူ့ဂုဏ်သိက္ခာများ ပြန်လည်ရရှိလာပြီး မိမိတို့ဒေသ၊ မိမိတို့ဘဝ မြင့်မားတိုးတက်လာအောင် အမှန်တကယ် ကြိုးစားအားထုတ်ကြရမည် ဖြစ်ပါကြောင်း။ ။