နေပြည်တော် ဖေဖော်ဝါရီ ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဆောက် လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ ဒေါ်သီတာဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ကံဇော်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းတို့ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် ပြည်ထောင်စုအဆင့် ဝန်ကြီးများ၊ အဖွဲ့အစည်းများကို တာဝန်ပေးခြင်းများရှိကြောင်း၊ ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုများအား ဖြေရှင်းပေးရန်နှင့် ယင်းသို့ ဖြေရှင်းဆောင်ရွက်ပြီးမှသာ ကျန်ရှိ သည့်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် တပ်မတော်အနေဖြင့် တောင်းဆိုခဲ့ကြောင်း၊ သို့သော် အကြောင်းအမျိုးမျိုးကြောင့် ယင်းအဆင့်မှာ မဖြစ်နိုင်ခဲ့ဘဲ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်တွင် အရေးပေါ် အခြေအနေကြေညာသည့်အဆင့်အထိ ရောက်ခဲ့ရကြောင်း၊ မိမိတို့လို လားချက်မှာ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ဆောင်ရွက်ခဲ့သည့် မဲစာရင်းနှင့်ပတ်သက်၍ အခြေအနေ အမှန်အတိုင်း ဖြစ်စေရန်အတွက် ဆောင်ရွက် ရန်လိုကြောင်း၊ ယင်းမှာ ဥပဒေ အတိုင်း လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ဒုတိယအနေဖြင့် ယခုကဲ့သို့ အရေးပေါ် အခြေအနေ ကြေညာသော်လည်း လုပ်ငန်းများ ရပ်ဆိုင်းထား၍မရကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများတွင် လုပ်ငန်းများအရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန် အတွက် ပြည်ထောင် စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးပါကြောင်း၊ ဝန်ကြီးများ တာဝန် ပေးအပ်ရာတွင် လုပ်ငန်း အတွေ့အကြုံရှိသူ၊ အရည်အချင်းရှိသူ ပုဂ္ဂိုလ်များကိုသာ ရွေးချယ် တာဝန်ပေးခြင်းဖြစ် ကြောင်း။
အလားတူ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများအား တာဝန်ပေးအပ်ရာတွင်လည်း အတွေ့အကြုံရှိသူ၊ အရည် အချင်းရှိသူ၊ မိမိတို့သွားနေသည့်လမ်းကြောင်းပေါ်တွင် မှန်မှန်ကန် ကန်ရပ်တည်ဆောင်ရွက်မည့်သူများကို စဉ်းစားကာ တာဝန် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ နေရာအားလုံးမှာ အရေးကြီးသည့် နေရာများဖြစ်ပါကြောင်း၊ ထို့ကြောင့် လုပ်သင့် လုပ်ထိုက် သည်များအားလုံး စည်းကမ်းနှင့်အညီ ဖြစ်စေရန် လိုအပ်ပါကြောင်း၊ ထို့ပြင် စည်းကမ်းနှင့် လုပ်သည်ဆို၍ အရှိန်ရပ်နေ၍ မရပါကြောင်း၊ လုပ်စရာရှိသည်များ ရှေ့ဆက်ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ကြေညာသည့် အရေးပေါ်ကာလသည် တစ်နှစ်သာဖြစ်ပါ ကြောင်း၊ တစ်နှစ်ဖြစ်သည့်အတွက် တစ်နှစ်အတွင်း ဆောင်ရွက်နိုင်သည့် လုပ်ငန်းမှာ ကာလ တို၊ ကာလ ရှည်လုပ်ဆောင်ရမည့် အရာများရှိပါကြောင်း၊ အဓိကအားဖြင့် ကာလတိုအတွင်း လတ် တလော ဖြေရှင်းဆောင်ရွက် ပေးရမည့်ကိစ္စရပ်များကို စည်းကမ်းနှင့်အညီ ထက်ထက် မြက်မြက် ဆောင်ရွက်ပေး နိုင်ရေး အတွက် မိမိတို့ အတွေ့အကြုံများအား အသုံးချဆောင်ရွက် ပေးစေလိုကြောင်း။
မိမိအနေဖြင့် တာဝန်ပေးအပ်သည့် ပုဂ္ဂိုလ်များသည် အတွေ့အကြုံရှိသည့် ပုဂ္ဂိုလ်များ ကို ရွေးချယ်တာဝန်ပေးခြင်း ဖြစ်ပါကြောင်း၊ မိမိတို့၏ သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက် ပေးရမည့် ကိစ္စရပ်များကို မှန်မှန်ကန်ကန်၊ မြန်မြန် ဆန်ဆန် အကောင်းဆုံးဖြစ်ရန် ဆောင်ရွက် ပေးနိုင်မည်ဟု ယုံကြည်အားထားပါကြောင်း၊ အားလုံးမိမိတို့နှင့်အတူ လက်တွဲ လုပ်ဆောင်ပေး ရန် မေတ္တာရပ်ခံကြောင်း၊ တပ်မတော် စတင်တာဝန်ယူကတည်းက ကြေညာပြီးဖြစ်ကြောင်း၊ မိမိတို့သည် ခေတ္တထိန်းပေးသည့် သဘောဖြစ်ကြောင်း၊ ခေတ္တ ထိန်းပေးရာ တွင် နိုင်ငံခြားရေး မူဝါဒ၊ အုပ်ချုပ်ရေးနှင့် ပတ်သက် သည့်မူဝါဒ၊ စီးပွားရေးနှင့် ပတ်သက်သည့် မူဝါဒလုံးဝပြောင်း လဲ မည်မဟုတ်ကြောင်း၊ လက်ရှိသွားနေသည့် နိုင်ငံရေး လမ်းစဉ်အပေါ်တွင် လုံးဝပြောင်း လဲခြင်းမရှိကြောင်း၊ ယင်းအတိုင်း ဆက်လက် ဆောင်ရွက် သွားမည်ကို ပြောကြား လိုကြောင်း၊ ယင်းအတွက် တိုင်းပြည်၊ ပြည်သူလူထုအနေဖြင့် ပူပန်ကြောင့်ကြစွာဖြင့် ရှိနေချိန်တွင် မိမိ တို့၏လုပ်ဆောင် ချက်ဖြင့် ပြည်သူများအား စိတ်အေးလက်အေးနှင့် အလုပ်လုပ်ကိုင်နိုင်ရန် ဖော်ဆောင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း။
မိမိတို့အနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် မူဝါဒအနေဖြင့် ပြောင်းလဲစရာ အကြောင်း မရှိကြောင်း၊ ဆောက်လုပ်ဆဲ လမ်း၊ တံတားလုပ်ငန်းများ၊ တည်ဆောက်ရေး လုပ်ငန်းများ၊ ပုဂ္ဂလိကကဏ္ဍများနှင့် လုပ်ဆောင်နေသည့် ကိစ္စရပ်များ၊ ဝန်ကြီးဌာနများနှင့် လုပ်ဆောင်နေသည့် ကဏ္ဍများရှိကြောင်း၊ ယင်းလုပ်ငန်းများကို စည်းကမ်းနှင့်အညီ လုပ်ဆောင် ကြရမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကနှင့် ဆောင်ရွက်နေသည့် လုပ်ငန်းများထဲတွင် တိုင်ကြားမှုများရှိသည့် လုပ်ငန်းများ ရှိကြောင်း၊ ယင်းလုပ်ငန်းများကို ပြန်လည်စိစစ်ပြီးမှ ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊ တိုင်ကြားမှုများ၊ ပြဿနာများ မရှိဘဲ တိုင်းပြည်အတွက် အကျိုးရှိအောင် လုပ်ဆောင်နေသည့် လုပ်ငန်းများကို ဆက်လက်ခွင့် ပြုသွားရမည် ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများကို မရပ်ထားဘဲ ဆက်လက် လုပ်ဆောင်ရန် လုပ်ငန်းရှင်များကို ပြောကြား ထားပြီးဖြစ်ပါကြောင်း။
သို့မှသာ လုပ်သားများ အလုပ်အကိုင်နှင့် ဝင်ငွေရရှိကြမည်ဖြစ်ကြောင်း၊ ဝင်ငွေရရှိမှ လူမှုစီးပွားများ ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ သို့သော်လည်း COVID-19 နှင့်ပတ်သက်ပြီး သတ်မှတ်ထားသည့် စည်းကမ်းချက်များကို အလေး ထား လိုက်နာရမည်ဖြစ်ကြောင်း၊ မလေး စား၊ မလိုက်နာသည့် လုပ်ငန်းများကို ရပ်ဆိုင်းရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက် သည့်အခါ ကိုဗစ်ကာကွယ်ရေး နည်းလမ်းများနှင့် လုပ်ငန်းခွင်အတွင်း သတ်မှတ်ထားသည့် စည်းကမ်းများကို လိုက်နာကြရန် လိုအပ်ကြောင်း၊ သတ်မှတ်စည်းမျဉ်း စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်လျှင် မိမိတို့ အနေဖြင့် ခွင့်မပြုနိုင်စရာ အကြောင်း မရှိကြောင်း။
တိုင်းပြည်အတွက် မှန်မှန်ကန်ကန် လုပ်ဆောင်ပေးကြရန်နှင့် စာရင်းဇယားများ မှန်မှန် ကန်ကန်ဖြစ်ရန် တာဝန်ရှိ သူများနှင့် တွေ့ဆုံဆွေးနွေး ပြောကြားပြီး ဖြစ်ပါကြောင်း၊ လုပ်သင့် လုပ်ထိုက်သည့် လုပ်ငန်းများအားလုံးကို စာရင်းဇယား အတိုင်း၊ စာရင်းစစ်၏ Process အတိုင်း မှန်မှန်ကန်ကန် စစ်ဆေးဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ညှိ၍ ဆောင်ရွက် ခြင်းများ ဖြစ်မလာစေရန် ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်းပြောကြား သည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးသိန်းစိုး၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာဒေါ်သီတာဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေ တို့က ဌာနအလိုက် ဆက်လက်ဆောင်ရွက် သွားမည့် လုပ်ငန်း စဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် COVID-19 ကပ်ရောဂါကြောင့် မိမိတို့နိုင်ငံ၏ စီးပွားရေး တုန့်ဆိုင်း လျက်ရှိကြောင်း၊ ထို့ကြောင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆောက်လုပ်ရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပို့ဆောင် ဆက်သွယ်ရေးစသည့်ကဏ္ဍများ အားလုံးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ ပြင်ပတွင် ကောလာဟလ သတင်းများ ထွက်ပေါ်နေသည့် ၅၀၀၀ ကျပ်တန်နှင့် ၁၀၀၀၀ ကျပ်တန် ငွေစက္ကူများ ဖျက်သိမ်း မည်ဆို သော သတင်းမှားများ ပျံ့နှံ့ခဲ့မှုကြောင့် အဆိုပါ သတင်းများမှန်ကန်မှု မရှိကြောင်းကို နိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန် ခဲ့ပြီးဖြစ်ကြောင်း၊ အာဆီယံနိုင်ငံများနှင့် ဆက်သွယ်ဆောင်ရွက် လျက်ရှိသည့် ကိစ္စရပ်များကိုလည်း အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယခုတွေ့ဆုံပွဲသို့ တက် ရောက်လာကြသူများသည် ဌာနများ၊ အဖွဲ့အစည်း များ၏ အဆုံးအဖြတ်ပေးနိုင်သည့် ပုဂ္ဂိုလ်များ ဖြစ်သည့်အတွက် လုပ်ငန်းများကို အရှိန်အဟုန်ပြင်းပြင်းဖြင့် ဥပဒေ၊ စည်းကမ်းများနှင့်အညီ ရဲရဲတင်းတင်း မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန် ဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့