Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မုံရွာ၊ ဖေဖော်ဝါရီ ၁၉ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း ဦးဆောင်၍ ယနေ့ နံနက်(၁၀)နာရီက တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသ ကြီး အဆင့်ဌာနဆိုင်ရာများအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေ အနေနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။ ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း က တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့်စပ်လျဉ်း၍ နိုင်ငံအတွက် အကျိုးရှိမည့် လုပ်ငန်းများအား ရပ်တန့်နေခြင်းမျိုး မရှိစေဘဲ မှန်ကန် မြန်ဆန်စွာဖြင့်အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုကြောင်း၊ ဌာနများ အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး၊တိုင်းရင်းသားပြည်သူလူထုအားလုံး၏ အကျိုးစီးပွား သာယာဝပြောစေရေးနှင့် လိုအပ်ချက်များအားဖြည့်ဆည်းပေးနိုင်ရေးတို့အတွက် ဌာန အချင်း ချင်း ညှိနှိုင်းတိုင်ပင်၍ အကောင်းဆုံး နည်းလည်းများကိုရွေးချယ်ပြီး စေတနာ ရှေ့ထား ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း မြို့ပြနှင့်ကျေးလက်ဒေသ ဆင်းရဲ ချမ်းသာ ကွာဟမှုမရှိစေရေး အထူးအလေးထား ဆောင်ရွက်သွားကြရန်နှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်၍ သတ်မှတ်စံချိန်စံညွှန်းနဲ့အညီ အချိန်မီပြီးစီးရန် ဆောင်ရွက်ရန် လိုကြောင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးတင်မောင်ဆွေနှင့် အတူကောင်စီအဖွဲ့ဝင်များက တက်ရောက်လာကြသည့် တိုင်းဒေသကြီးအဆင့် လမ်းဦးစီးဌာန၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း နှင့် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများကဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် အသေးစိတ်ဆောင်ရွက် ပြီးစီးမှု အခြေအနေများနှင့် ဆက်လက် ဦးစား ပေးလျာထားဆောင်ရွက်နေမှု အခြေအနေ များကို တင်ပြဆွေးနွေးရာ တိုင်းဒေသကြီးစီမံ အုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းက လိုအပ်သည်များကို ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။ တိုင်းဒေသကြီး (ပြန်/ဆက်)