Skip to main content

စီးပွားရေးရာကော်မတီအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၁)ကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဖေဖော်ဝါရီ ၂၃

စီးပွားရေးရာကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁) ကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ စီးပွားရေးရာကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဦးစိုင်းလုံးဆိုင်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်  ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးချစ်နိုင်၊ ဦးတင်ထွဋ်ဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဒေါက်တာပွင့်ဆန်း၊ ဦးရွှေလေး၊ ဒေါက်တာသက်သက်ခိုင်၊ ဦးမောင်မောင်အုန်း၊  ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာဒေါ်သီတာဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်နှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် စီးပွားရေးရာကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က စီးပွားရေးကဏ္ဍသည် အလွန်ကျယ်ပြန့်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏အဓိက မောင်းနှင်အားတစ်ခုဖြစ်သည့် စီးပွားရေးမောင်းနှင်အားမှာ အရေးကြီးသည့်အတွက် ယခု ကော်မတီသည် နိုင်ငံ၏စီးပွားရေးဖြစ်ပေါ်ပြောင်းလဲမှုကို သက်ရောက်မှုရှိသည့် ကော်မတီ ဖြစ်ပါကြောင်း၊ စီးပွားရေးကောင်းမွန်ရေးအတွက် ဆောင်ရွက်ရန် မည်သည့်ကဏ္ဍကို အခြေခံစဉ်းစားရမည်ဆိုသည်မှာလည်း အရေးကြီးကြောင်း၊ တိုင်းပြည်၏စီးပွားရေး ကောင်းမွန်ရန် အခြေခံကောင်းများရှိရန်လိုအပ်ကြောင်း၊ စီးပွားရေးကောင်းမွန်ရန်အတွက် ဆောင်ရွက်သူများ၏ မူဝါဒချမှတ်မှုနှင့် စွမ်းဆောင်မှုအပေါ်မူတည်ကြောင်း။

လုပ်ငန်းများဆောင်ရွက်ရာတွင် တစ်ဦးတစ်ဖွဲ့တည်းဖြင့်ဆောင်ရွက်၍မရပါကြောင်း၊ ဝိုင်းဝန်းပူး ပေါင်းညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ် ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနတို့၏အချက် အလက်များကို ကြည့်ရှုရာတွင် ကုန်သွယ်မှုလိုငွေပြမှုများရှိကြောင်း၊ ထို့အတူ ပြည်ထောင်စု၏စုစုပေါင်း လိုငွေလည်းပြနေကြောင်း၊ သို့ဖြစ်၍ ကုန်ထုတ်လုပ်မှုနှင့် ပို့ကုန်တင်ပို့မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည်စီးပွားရေးကောင်းမွန်ရေးတွက် ဝိုင်ဝန်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် လူဦးရေ ၅၄ သန်းကျော်ရှိကြောင်း၊ မြေ၊ လူသားအရင်းအမြစ်နှင့် သယံဇာတများစွာရှိသည့်အတွက် အလုပ်လုပ်နိုင်သည့်အခြေခံ ကောင်းများရှိကြောင်း၊ ကုန်ထုတ်လုပ်မှုများဆောင်ရွက်ရာတွင် မည်သည့်အချက်အပေါ် အခြေခံမည် ဆိုသည်ကိုလည်း စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ ရေရှည်အတွက် သဘာဝသယံဇာတများကို လွယ်လွယ်ကူကူထုတ်ယူရောင်းချ၍မရကြောင်း၊ တိုင်းပြည် အနာဂတ်အတွက် ထိန်းသိမ်းသိုလှောင်ပြီး အရေးပေါ်အတွက် အရန်ထားရန်လိုအပ် ကြောင်း၊ မိမိတို့အနေဖြင့် သယံဇာတထုတ်လုပ်မှုကို လျှော့ချသွားရန်လိုအပ်ကြောင်း။

တစ်ဖက်ကလည်း သွင်းကုန်အစားထိုးလုပ်ငန်းများကို ကြိုးစားဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စားသောက်ကုန်ပစ္စည်း တင်သွင်းမှုကို လျှော့ချသွားရန်လိုအပ်ပြီး မိမိတို့နိုင်ငံ၌ပင်ထုတ်လုပ်နိုင်ရန် လိုအပ်ကြောင်း၊ ထို့အပြင် ပြည်တွင်းထုတ်လုပ်မှုကို တိုးတက်အောင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် အဓိကလိုအပ်ချက်မှာ လျှပ်စစ်စွမ်းအင်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားတိုးမြှင့် ထုတ်လုပ် နိုင်ရေးအတွက် ကြိုးစားရမည်ဖြစ်ကြောင်း၊ သို့မှသာလူမှုစီးပွားဘဝတိုးတက်ပြီး ကုန်ထုတ် လုပ်မှုတိုးတက်လာမည်ဖြစ်ကြောင်း၊ လူဦးရေ ၅၄ သန်းတွင် အခြေခံပညာနှင့် တက္ကသိုလ် ပညာ ပြီးမြောက်သူတို့၏ လုပ်အားများကို ကဏ္ဍအလိုက် အသုံးချနိုင်ရေးအတွက် နည်းလမ်းရှာရမည်ဖြစ်ကြောင်း၊ အလုပ်သမားများနှင့် အလုပ်ရှင်များအတွက်လည်း ထည့်သွင်းစဉ်းစားပေးရမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်သူများအတွက်လည်း အာမခံချက်နှင့် ဆွဲဆောင်မှုများ ပေးရမည်ဖြစ်သကဲ့သို့ ယုံကြည်မှုရှိရန်လည်း လိုအပ် ကြောင်း။

 စီးပွားရေးသည် အပြောကျယ်ပြီး ငွေကြေးနှင့်ပတ်သက်နေကြောင်း၊ ရင်းနှီးမြှုပ်နှံ မှုခွင့်ပြုရာတွင် လိုအပ်သည့် အကျိုးအမြတ်ရရှိမည်ဟုဆိုသည့် မက်လုံးဖြင့် ကျေနပ်မနေ သင့်ကြောင်း၊ အခွန်ကောက်ခံမှုအပိုင်းတွင်လည်း အခွန်တိုးမြှင့်ရရှိရေးထက် အခွန်ပေး ဆောင်သူ  ဦးရေတိုးတက်မှုရရှိအောင် ကြိုးစားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် အတွက် ရသင့်ရထိုက်သည့် အခွန်ရရှိရန်လိုကြောင်း၊ စက်ရုံ၊ အလုပ်ရုံကဏ္ဍတွင်လည်း လုပ်ငန်းများ ပုံမှန်လည်ပတ်နေရေးအတွက် အားပေးရမည်ဖြစ်ကြောင်း၊ ၎င်းတို့၏ အခက်အခဲများရှိပါ ကလည်း ဝိုင်းဝန်းဖြေရှင်းပေးရမည်ဖြစ်ကြောင်း၊ ထို့အပြင် လည်ပတ်နေသည့်စက်ရုံများမှ ထွက်ရှိလာသည့် ကုန်ပစ္စည်းများ၏ အရည်အသွေးမြင့်မားရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများက မူဝါဒများချမှတ်ပြီး ကူညီဆောင်ရွက်ပေးရန်လိုကြောင်း။

စက်မှုဝန်ကြီးဌာနသည် နိုင်ငံတကာတွင်ရှိပါကြောင်း၊ စီးပွားရေးလုပ်ငန်းများတွင် နိုင်ငံသူ နိုင်ငံသားများက အဓိကဖန်တီးနိုင်သည့်ကဏ္ဍတွင် ပါဝင်နေရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ခွင့်ပြုရာတွင် ကော်မတီအနေဖြင့် သဘော ကောင်းရန်မလိုအပ်ဘဲ စေတနာကောင်းရန်သာလိုအပ်ပါကြောင်း၊ နိုင်ငံသူ၊ နိုင်ငံသားများ နစ်နာမှု မရှိစေရေးအတွက် စဉ်းစားဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ယခုစီးပွားရေးကော်မတီ သည် တိုင်းပြည်စီးပွားကောင်းမွန်ရေးအတွက် မောင်းနှင်ရန်အဓိကကျသည့် အဖွဲ့အစည်း ဖြစ်ကြောင်း၊ သို့ဖြစ်၍ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာလုပ်ငန်းများဆောင်ရွက် ရာတွင် ဆုံးဖြတ်ချက်မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ဆုံးဖြတ်၍ ရင်းနှီးမြှုပ်နှံသူများ လုပ်သာကိုင်သာရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စီးပွားရေးကော်မတီ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ကစီးပွားရေးကော်မတီဖွဲ့စည်းဆောင်ရွက်ခဲ့မှုများ၊ ကော်မတီအစည်းအဝေးများ ကျင်းပခဲ့မှုနှင့် ဆုံးဖြတ်ဆောင်ရွက်ရန် ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင် ဆည်မြောင်းဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီး ဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ခွင့်ပြုပေးရန်ကိစ္စရပ်များ၊  မှတ်တမ်းတင်ပေးရန်ကိစ္စရပ်များ၊ အမိန့်ကြေညာစာ ထုတ်ပြန်ပေးရန်ကိစ္စရပ်များ၊ ငွေကြေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် အဖွဲ့ဝင်များခန့်အပ်ရေး နှင့် ချီးမြှင့်ငွေတိုးမြှင့်ပေးရန်ကိစ္စရပ်များ၊ နားလည်မှုစာချုပ်နှင့် သဘောတူစာချုပ်များ လက်မှတ်ထိုးရန်ကိစ္စရပ်များ ခွင့်ပြုနိုင်ရေးအတွက် ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက  နိုင်ငံတကာနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတကာနှင့် ချုပ်ဆိုထားသည့် နားလည်မှုစာချွန်လွှာများ၊ သဘောတူစာချုပ်များနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ နိုင်ငံတကာ အကူအညီပေးရေးကိစ္စရပ်များနှင့်ပတ်သက်၍  ဆောင်ရွက်ဆဲနှင့် ဆက်လက် ဆောင်ရွက်မည့် ကိစ္စရပ်များကိုလည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ကံဇော်က ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ လုပ်ငန်းစဉ်များနှင့် ပြုပြင်ပြောင်းလဲရန် ဆောင်ရွက်နေမှု၊ စိစစ်တွေ့ရှိချက် အစီရင်ခံစာများနှင့် ဆက်လက်စစ်ဆေးရမည့် စာရင်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ က နိုင်ငံပိုင် ကြေးနီနှင့်ကျောက်မျက်ရတနာများ စုစည်းထားရှိမှုနှင့် ရတနာပြပွဲများကျင်းပရေးကိစ္စတို့ နှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခုကော်မတီတွင် တာဝန်ထမ်းဆောင်နေကြသူများအနေဖြင့် အတွေ့အကြုံရှိသူများ ဖြစ်၍ မိမိတို့တာဝန်ကို အကောင်းဆုံးဆောင်ရွက် နိုင်မည်ဟုယုံကြည်ပါကြောင်း၊ COVID - 19 ကာလတွင် ယိုင်နဲ့နေသည့်စီးပွားရေးကို အမြန်ဆုံးပြန်လည် တည့်မတ်စေရေး ဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာလုပ်ငန်းများအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးရန်လိုကြောင်း၊ အချိန်အား လေးစားရန်နှင့် အလုပ်ကိုအကြွေးမထားရန်လိုကြောင်း၊ တင်ပြသင့်သည်များကို အမြန်ဆုံးတင်ပြရန်နင့် ဌာနဆိုင်ရာများအချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်လို ကြောင်း၊ ပံ့ပိုးမှုပေးရမည့်ဝန်ကြီးဌာနများနှင့် ပုဂ္ဂိုလ်များအနေဖြင့် မျှတရန်လိုအပ်ပြီး လေးလေးနက်နက်စဉ်းစား၍ ဆောင်ရွက်ပေးရန်လိုကြောင်း၊ မူဝါဒများနှင့်ပတ်သက်၍ ခိုင်ခိုင်မာမာဖြစ်ရန်လိုအပ်ပြီး ရပ်တည်ချက်မှန်ကန်ရန်လိုကြောင်း၊ ယခုကော်မတီအစည်း အဝေးသည် တိုင်းပြည်စီးပွားရေး ပြန်လည်တိုးတက်လာစေရေးအတွက် အထောက်အကူ ပြုမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

(သတင်းစဉ်)