မုံရွာ၊ ဖေဖော်ဝါရီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့်အတူ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တို့လိုက်ပါ၍ ယမန်နေ့နံနက်(၈)နာရီက ယင်းမာပင်မြို့နယ် ကပိုင်ကျေးရွာ အနီးရှိ ဂုံညှင်းပင် စခန်းရှေ့တွင် ကျင်းပပြုလုပ်သော အလောင်းတော်ကဿပ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ကပိုင်-သပိတ်ဆေး-ဘုရားဖူးရာ သီလမ်းဖွင့်ပွဲသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ အလောင်းတော်ကဿပ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ကပိုင်-သပိတ်ဆေး-ဘုရားဖူးရာသီ လမ်းဖွင့်ပွဲ အထိမ်းအမှတ်မုဒ်ဦးအား က/သီကုန်းကျောင်းတိုက်ဆရာတော် ဦးဝိစိတ္တ၊ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ဝင်းတင်စိုး နှင့် ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကပိုင်-သပိတ်ဆေး-ဘုရားဖူးရာသီ လမ်းဖောက်လုပ်ထားရှိမှုအခြေအနေနှင့် ဘုရားဖူးလာပြည်သူများလာရောက်မှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေး ခဲ့ကြပြီး ဘုရားဖူးပြည်သူများအတွက် ဘေးအန္တရာယ်ကင်းရှင်းအောင် တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ဘုရားဖူးခရီးသည်များ အဆင်ပြေချောမွေ့အောင် သွားလာလွယ်ကူစေရေးအတွက် အဓိက ဝန်ဆောင်မှုပေးနေသော ဆင်ထိန်းများအတွက် စားစရာမျိုးစုံတို့နှင့်အတူ ဆင်စာများကို ထောက်ပံ့လှူဒါန်းခဲ့ပြီး ယင်းမာပင်ခရိုင်အတွင်း (၄)မြို့နယ်မှ အလောင်းတော်ကဿပဘုရား သပိတ်ဆေးချောင်း လူကူးတံတားပေအရှည်(၁၇၈'၊ ၇"x၁၀') တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီး ရေး အထူးအလေးထားဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် အလောင်းတော်ကဿပ စံကျောင်းတော်သို့ရောက်ရှိပြီး ရုပ်ပွားတော်မြတ်အား ဖူးမြှော်ကြည်ညိုပြီး ရွှေသင်္ကန်းများနှင့် ပန်း၊ ရေချမ်း၊ ဆီမီးနှင့် သစ်သီးဝလံများကို ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်ပြီး အလောင်းတော်ကဿပစံမြန်းရာ လိုက်ဂူတော်အဝင်ကျောက်တံခါးသို့ ရှောက်ရှိပြီး ဖူးမြှော်ကြည်ညိုကာ ရွှေသင်္ကန်းများ ကပ်လှူပူဇော်ခဲ့ကြပြီးနောက် အလောင်းတော်ကဿပဘုရားရင်ပြင်တော် နာယက ကျောင်းဆောင်ရှိ ယင်းမာပင်၊ ဆားလင်းကြီး၊ ပုလဲ၊ ကနီ(၄)မြို့နယ် ဩဝါဒါစရိယဆရာတော်ကြီးအား ဖူးမြှော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းနှင့် နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းတို့ကို ကျင်းပပြုလုပ်ခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်းသတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)