နေပြည်တော် မတ် ၂၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် တာချီလိတ် တပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစု များအား သွားရောက်တွေ့ဆုံအမှာစကား ပြောကြားသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း နှင့် တာချီလိတ် တပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က တာချီလိတ်မြို့၊ နဂါးနှစ်ကောင် ကျောင်းတိုက်ဆရာတော်ကြီးအား အဘိဓဇမဟာဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ရန်လာရောက်စဉ် အခါအခွင့် ကြုံကြိုက်သဖြင့် ယခုကဲ့သို့ အမှာစကားပြောကြားရခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်၍ အရာရှိ၊ စစ်သည် မိသားစုများအနေဖြင့် သိရှိနေရမည်ဖြစ်ပြီး နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် အခြေအနေ များအရ စစ်မှန်ပြီးစည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီ ဖြစ်စေရေး၊ ခိုင်မာသည့် ဒီမိုကရေစီ စနစ်ဖြစ်စေရေး နိုင်ငံတော်၏တာဝန်ကို တပ်မတော်မှ ခေတ္တတာဝန်ယူထိန်းသိမ်း ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ယခင်တပ်မတော်အစိုးရ လက်ထက် တပ်မတော်အနေဖြင့် မိမိတို့နိုင်ငံကို ဒီမိုကရေစီ မကူးပြောင်းမီကာလများတွင် နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသည့် ဒီမိုကရေစီကျင့်သုံးပုံများကိုလေ့လာပြီး ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုအဆင့်ဆင့် ကို ပုံဖော်ခဲ့ရကြောင်း၊ ထို့နောက် ပြည်သူတို့လိုလား တောင့်တသည် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် လုပ်ဆောင်ပေးခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ဒီမိုကရေစီနည်းလမ်းကျစွာဖြင့် အောင်မြင်စွာ လုပ်ဆောင်ပေးနိုင်ခဲ့ကြောင်း။
ရွေးကောက်ပွဲပြီးနောက် သမ္မတ ဦးသိန်းစိန် လက်ထက်တွင် နိုင်ငံတော်သည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် ကဏ္ဍပေါင်းစုံတွင် တိုးတက်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ခဲ့သော်လည်း စိန်ခေါ်မှုများနှင့် လည်း ရင်ဆိုင်ခဲ့ရကြောင်း၊ ဒီမိုကရေစီစနစ်ကို စတင်လျှောက်လှမ်းခဲ့ ခြင်းဖြစ်သဖြင့် ဒီမိုကရေစီစနစ်နှင့် ပတ်သက်၍ နားလည်သိရှိနိုင်ရန် လိုအပ်မှုများရှိခဲ့ကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင် နိုင်ငံအလိုက်ကျင့်သုံးသည့် ဒီမိုကရေစီ ကျင့်သုံးပုံခြင်း တူညီမှုမရှိဘဲ မိမိတို့နိုင်ငံ၏ လူနေမှုစနစ်၊ ယဉ်ကျေးမှုစရိုက်လက္ခဏာ၊ ဓလေ့ထုံးတမ်းစဉ်လာများနှင့် ကိုက်ညီသည့် ဒီမိုကရေစီကိုသာ ကျင့်သုံးလေ့ရှိကြကြောင်း၊ ဒီမိုကရေစီ ကူးပြောင်းစ ကာလတွင် အင်အားကြီးနိုင်ငံအချို့က ၎င်းတို့လိုလားသည့် ပုံစံအတိုင်း ဖြစ်စေရေး နည်းလမ်းအမျိုးမျိုးဖြင့် တွန်းအားပေးဆောင်ရွက်ခဲ့မှုများရှိ၍ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ဒီမိုကရေစီခိုင်မာအောင် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြကြောင်း။
၂၀၁၂ ခုနှစ်တွင် အတိုက်အခံပါတီအဖြစ် ရပ်တည်နေသော NLD ပါတီ ကို ရွေးကောက်ပွဲ ဝင်ရောက်နိုင်စေရေး ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်ပေးခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အစိုးရသစ်တစ်ရပ် တက်လာခဲ့ပြီး ၅ နှစ် တာသက်တမ်းအုပ်ချုပ်ခဲ့ရာတွင် အစိုးရ၏ လုပ်ဆောင်ချက်များအပေါ်တွင် ဝေဖန်ပြောဆိုမှုများ၊ ဝေဖန်ထောက်ပြမှုများ များစွာဖြစ်ပေါ်ခဲ့ပြီး တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘက်ပေါင်းစုံတွင် ထိုက်သင့်သလောက် တိုးတက်မှုများ မဖြစ် ပေါ်ခဲ့ကြောင်း၊ ထို့ပြင် ဥပဒေနှင့် မလျော်ညီသည့် လုပ်ဆောင်ချက်များကို တွေ့ရှိလာရကြောင်း၊ ထို့နောက် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် လည်း မဲမသမာမှုများ ဖြစ်ပေါ်ခဲ့သည်ကိုတွေ့ရှိရသဖြင့် တပ်မတော်က နည်းလမ်းတကျ ဖြေရှင်းဆောင်ရွက်ပေးရန် အကြိမ်ကြိမ်တိုက်တွန်းခဲ့ကြောင်း၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပ တော့မည်ဖြစ်သော်လည်း ၇ ရက်နေ့အထိ မဲလက်မှတ်များ ရိုက်နှိပ်လျက်ရှိနေသည်ကို တွေ့ရှိပြီး ကြိုတင်မဲများ၊ အခြားသောနည်းလမ်းများဖြင့် မဲမသမာမှုများဖြစ်ပေါ် အောင်လုပ်ဆောင်ခဲ့ရာ စုစုပေါင်း သံသယဖြစ်ဖွယ် မဲမသမာမှု ၁၀ သန်း ကျော်အထိ ရှိခဲ့သည်ကို တွေ့ရှိ ရကြောင်း၊
ထိုသို့ မဲစာရင်းမှားယွင်းမှုများကို ဒီမိုကရေစီနည်းလမ်းများနှင့်အညီ အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်ရန် ကြိုးစားခဲ့သော်လည်း မည်သို့မျှ ဆွေးနွေးညှိနှိုင်း ဖြေရှင်းမရသည့်အပြင် တတိယအကြိမ်လွှတ်တော်ခေါ်ယူ၍ အစိုးရ အသစ်ဖွဲ့ရန် အတင်းအဓမ္မကြံစည် ကြိုးပမ်းလာ မှုများကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပါ ပြဋ္ဌာန်းချက်များနှင့် အညီ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှစ၍ နိုင်ငံရေးအရ အရေးပေါ် အခြေအနေကြေညာခဲ့ရပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းဆောင်ရွက် ခဲ့ရခြင်းဖြစ်ကြောင်း၊ တပ်မတော်အနေ ဖြင့် စစ်မှန်သည့် ဒီမိုကရေစီဖြစ်စေရေး၊ စည်းကမ်းရှိပြီး ခိုင်မာသည့် ဒီမိုကရေစီ ဖြစ်စေရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
၂၀၂၀ ရွေးကောက်ပွဲတွင် မရိုးမသားဆောင်ရွက်ခဲ့သည့် ဥပဒေမဲ့ လုပ်ဆောင်မှုကြောင့် တပ်မတော်က နိုင်ငံတော် တာဝန်ကို မလွှဲမရှောင်သာ ဥပဒေနှင့်အညီ ထမ်းဆောင်ခြင်းဖြစ်ပြီး အရေးပေါ်ကာလတာဝန်များ ပြီးမြောက်အောင် ဆောင်ရွက်ပြီးပါက လွတ်လပ်ပြီး တရားမျှတ သည့် ရွေးကောက်ပွဲ ပြန်လည် ပြုလုပ်ကာ တာဝန်လွှဲပြောင်းမှုများ ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်၏အစိတ်အပိုင်း၊ မိမိတို့တပ်မတော်သား များသည် ပြည်သူများ၏ အစိတ်အပိုင်းဖြစ်သည်နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားများအားလုံး လုံခြုံအေးချမ်းစွာဖြင့် အေးအတူပူအမျှ လက်တွဲပြီး မိမိတို့နိုင်ငံအတွက် ဂုဏ်ယူဝင့်ကြွားစွာ နေထိုင် လုပ်ကိုင်နိုင်အောင် ခိုင်မာစွာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး နိုင်ငံသူ၊ နိုင်ငံသားများ၏ လူမှုစီးပွားဘဝတိုးတက်ရေး ကြိုးစားဆောင်ရွက် သွားမည်ဖြစ် ကြောင်း။
တပ်မတော်သားမိသားစုများအနေဖြင့် မိမိတို့၏ တစ်ဦးချင်းလုပ်ဆောင်ရမည့် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ပြီး နိုင်ငံ့တာဝန်များကို တစ်ဖက် တစ်လှမ်းမှ ပါဝင်ထမ်းဆောင် ကြရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အမျိုး၊ ဘာသာ၊ သာသနာ တည်တံ့ခိုင်မြဲရေးနှင့် ထွန်းကားပြန့်ပွားရေးကိုလည်း ဆက်လက် လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ယုံယုံကြည်ကြည် ခိုင်ခိုင်မာမာဖြင့် ရည်မှန်းချက် ပြီးမြောက်အောင် လုပ်ဆောင်ကြ ရမည်ဖြစ်ကြောင်း ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တာချီလိတ် တပ်နယ်မှူးက လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှက မိခင်နှင့်ကလေးထောက်ပံ့ငွေ များကို ပေးအပ်ရာ တပ်နယ်မှူး၏ ဇနီးက လည်းကောင်း အသီးသီးလက်ခံရယူကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် တပ်နယ်အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြသည်။
ယင်းနောက် ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံမြို့ ကျက်သရေဆောင် နောင်တုံရေကန်သို့ ရောက်ရှိကြပြီး နောင်တုံကန် သာယာလှပရေးအတွက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများ၊ အလှူရှင်များနှင့် ဒေသခံပြည်သူများ၏ စုပေါင်းလှူဒါန်းမှုများဖြင့် ဆောင်ရွက်လျက်ရှိသည့် ကန်ပတ်လမ်းအဆင့်မြှင့်တင်နေမှု၊ ကွန်ကရစ်လမ်းခင်းခြင်း၊ ရေနုတ်မြောင်းပြုလုပ်ခြင်းနှင့် သာယာလှပရေး လုပ်ဆောင်နေမှု အခြေအနေများကို ကြည့်ရှုကြရာ ကျိုင်းတုံမြို့နယ်၊ စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများက ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ပြန်လည် ဆွေးနွေးခဲ့ပြီး နောင်တုံကန်ပတ်လမ်းတစ်လျှောက် မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)