နေပြည်တော်၊ ဧပြီ-၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ တပ်နယ်အားကစားခန်းမ၌ တောင်ကြီးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအားတွေ့ဆုံ၍ အမှာစကားပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) မှ တပ်မတော် အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်နှင့်ဇနီး၊ တောင်ကြီးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က ပါတီစုံဒီမိုကရေစီစနစ်ဖော်ဆောင် ရေးနှင့်ပတ်သက်၍ ၁၉၈၈ ခုနှစ်မှစတင်ကာတပ်မတော်ဦးဆောင်မှုဖြင့် ပါတီစုံဒီမိုကရေစီ စနစ်လျှောက်လှမ်းနိုင်စေရေး ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ကိုရေးဆွဲကာ ပြည်လုံးကျွတ်ထောက်ခံအတည်ပြုခဲ့မှုအခြေအနေများ၊ ၂၀၁၀ ပြည့်နှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပပြုလုပ်ခဲ့သော်လည်း NLD ပါတီအနေဖြင့် သပိတ်မှောက်ကာပါဝင်ခဲ့ခြင်းမရှိခဲ့သည့် အခြေအနေများ၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့်အစိုးရအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ် အောင်အောင် မြင်မြင်လျှောက်လှမ်းနိုင်ရေးနှင့် နိုင်ငံတော်၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘက်စုံဖွံ့ တိုးတက်အောင် ဆောင်ရွက်ခဲ့သည့်အခြေအနေများ၊ အတိုက်အခံပါတီဖြစ်သော NLD ပါတီ အနေဖြင့် ပါတီစုံစနစ်တွင်ပါဝင်လာနိုင်စေရေး စည်းရုံးခြင်းအပြင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ အချို့ပြင်ဆင်၊ ပယ်ဖျက်ပေးခဲ့သည့် အခြေအနေများ၊ တပ်မတော်အနေဖြင့် အစိုးရ အဆက်ဆက်တွင် အမျိုးသားနိုင်ငံရေးခံယူချက်များဖြင့် အပြည့်အဝပူးပေါင်း ဆောင်ရွက်ခဲ့မှု အခြေအနေများကို အသေးစိတ်ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့်အစိုးရအနေဖြင့် နိုင်ငံရေးအကြပ်အတည်းများ၊ ပြင်ပနိုင်ငံများ၏ ဖိအားပေးမှုများနှင့် လက်နက်ကိုင်ပဋိပက္ခများ အကြား ဆောင်ရွက်ခဲ့ရမှုအခြေအနေများ၊ ယင်းသို့ဆောင်ရွက်ရာတွင် ပြည်သူလူထုက အားမလိုအားမရဖြစ်ခဲ့ရပြီး ၎င်းကို အခွင့်ကောင်းရယူ၍ NLD ပါတီအနေဖြင့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအနိုင်ရရှိစေရေး ပြောင်းလဲချိန်တန်ပြီ စာသားဖြင့် မက်လုံးပေး အာမခံချက်များဖြင့် မဲဆွယ်စည်းရုံးခဲ့မှုအခြေအနေများ၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ NLD ပါတီ အနိုင်ရရှိခဲ့ပြီး အစိုးရအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ကာ နိုင်ငံတော်ကို အုပ်ချုပ်ခဲ့ရာတွင်လည်း မဲဆွယ်စည်းရုံးစဉ်ပြောကြားချက်များ၊ ကတိ၊ ကဝတ်များကို အကောင်အထည်ဖော် ဆောင်မှုမရှိသည့်အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံဥပဒေကို တားမြစ်သည့်ကြားမှ ရေးဆွဲကာ ဒီမိုကရေစီ အနိုင်ကျင့်သည့်ပုံစံဖြင့် ပြဌာန်းအတည်ပြုခဲ့မှု၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ခန့်အပ်၍ နိုင်ငံတော်အဆင့်ဝါစဉ်ထုတ်ပြန်သည့်အခါ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတတို့အကြားတွင် အဆင့်ထားရှိထုတ်ပြန်ခဲ့မှု၊ နိုင်ငံရေး၊ စီးပွားရေးတို့တွင် လုပ်ငန်း များပြီးပြတ်အောင် ဆောင်ရွက်ခြင်းမရှိခဲ့မှု၊ ဘာသာရေးတွင်လွဲမှားသည့် ခံယူချက်များအတိုင်း ဆောင်ရွက်ခဲ့သဖြင့် ဘာသာသာသနာညှိးနွမ်းလာမှု၊ ပြည်သူများက တပ်မတော်အပေါ် အထင်အမြင်လွဲမှားလာစေရေး အဖွဲ့အစည်းမျိုးစုံ အသုံးပြုဆောင်ရွက်ခဲ့မှု၊ ပြည်ပ နိုင်ငံခြားသားများကို အကြံပေးများ ခန့်အပ်၍ နိုင်ငံတော်၏ လွတ်လပ်စွာစီမံခန့်ခွဲရေးကို ထိပါးလာသည့်အပြင် နိုင်ငံတော် ဘဏ္ဍာငွေ နစ်နာဆုံးရှုံးခဲ့မှု၊ နိုင်ငံတော်၏ ယဉ်ကျေးမှု၊ မျိုးချစ်စိတ်နှင့် စီးပွားရေးတို့ပါ ကျဆင်းလာမှုကြောင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်သည့်ပြည်သူလူထု က ထောက်ခံအားပေးမှုမရှိတော့သည့်အပြင် မဲမပေးရေး No Vote ပြုလုပ်ရန်ဆောင်ရွက်လာမှုနှင့် ယင်းသို့ ဖြစ်ပေါ်လာခြင်းကြောင့် NLD ပါတီအနေဖြင့် ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရရှိရေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်လာမှု အခြေအနေများအား အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြောကြားရာတွင် ရွေးကောက်ပွဲ၌ နစ်နာခဲ့သည့် ကိုယ်စားလှယ်လောင်းများက ရွေးကောက်ပွဲအပေါ် စိစစ်ပေးနိုင်ရန် တပ်မတော်အား တောင်းဆိုလာသဖြင့် မဲစာရင်းများအား စစ်ဆေးခဲ့ရာ မဲမသမာမှု ၁၀ ဒဿမ၄ သန်းကျော် မှားယွင်းနေမှုအခြေအနေများ၊ မဲစာရင်းများနှင့်ပတ်သက်၍ အမှန်တကယ် စစ်ဆေးရန် တာဝန်ရှိသော ရွေးကောက်ပွဲကော်မရှင်ကို တာဝန်ယူစစ်ဆေးပေးရန် အကြောင်းကြားမှု အခြေအနေ၊ UEC မှ ဖြေရှင်းပေးမှုမရှိသဖြင့် လွှတ်တော်၊ အစိုးရတို့အား အဆင့်ဆင့် တင်ပြခဲ့သော်လည်း ဆောင်ရွက်ပေးခြင်းမရှိခဲ့သည့်အပြင် နိုင်ငံတော်၏အာဏာ အရပ်ရပ်ကို အတင်းအဓမ္မရယူရန် ကြိုးပမ်းလာမှုတို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တပ်မတော်က ထိန်းသိမ်း ဆောင်ရွက်ခဲ့ရမှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ပြောကြားရာတွင် တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အာဏာအရပ်ရပ်အား ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အပ်နှင်းထားသည့် ကာလအတွင်း ထိန်းသိမ်းဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်တို့အား အရပ်သားအဖွဲ့ဝင်အများစုဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ချမှတ်၍ နိုင်ငံ၏စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် ကဏ္ဍများကို ယခင်အစိုးရအဆက်ဆက် ချမှတ်ထားသည့် မူဝါဒများအတိုင်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ရွေးကောက်ပွဲကော်မရှင်အသစ် ပြန်လည်ဖွဲ့စည်း၍ မဲစာရင်းများ စစ်ဆေးရာ စစ်ဆေးပြီး မြို့နယ် (၉၈)မြို့နယ်၏ စစ်ဆေးမှုတွင် ယခင်ကော်မရှင်မှ ကြေညာထားသည့် မဲစာရင်းနှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းတို့တွင် ၄ သန်းကျော် ကွာဟမှု၊ ၎င်းမြို့နယ်များတွင် မဲလက်မှတ် ၁၄ သန်း ကျော်ထုတ်ယူခဲ့ပြီး ၉ သန်းကျော် အသုံးပြုကာ ၅ သန်းကျော် ပျောက်ဆုံးနေမှုအခြေအနေများနှင့် ကျန်ရှိသည့် မြို့နယ်များကို ဆက်လက်စစ်ဆေး ဆောင်ရွက်မည့်အခြေအနေများအား ဆွေးနွေးပြောကြားသည်။
ယင်းနောက် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေနှင့်ပတ်သက်၍ ပြောကြားရာတွင် ငြိမ်းချမ်းစွာဆန္ဒပြမှုမှတဆင့် ဆူပူမှုဖြစ်ပေါ်လာအောင်လှုံ့ဆော်လာမှု၊ CDM လှုပ်ရှားမှုနှင့် တရားမဝင် ဖွဲ့စည်းသော CRPH ပေါ်ပေါက်လာကာ ပြည်ပနိုင်ငံများမှ ထောက်ပံ့ငွေများရယူ၍ ဆန္ဒပြသူများကို ထောက်ပံ့ပေးအပ်မှုအခြေအနေများ၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှု၊ ၎င်းမှတဆင့် ခြိမ်းခြောက်အကြပ်ကိုင်မှု၊ ၎င်းမှ နှောက်ယှက်ဖျက်ဆီးမီးရှို့မှုသို့ ပြောင်းလဲခဲ့ပြီး လက်ရှိ တရားမဝင်လက်နက်များ ကိုင်စွဲပစ်ခတ်လာသည့် အကြမ်းဖက်မှုနှင့် အညှိူးအတေးဖြင့်ဥပပေမဲ့ သတ်ဖြတ်လာမှု စသည့်အဆင့်ဆင့် ပြောင်းလဲလာမှု အခြေအနေများ၊ ဆူပူအကြမ်းဖက်သူများအား အခကြေးငွေပေး၍ အလုပ်ရုံ၊ စက်ရုံ၊ ရဲစခန်းနှင့် အုပ်ချုပ်ရေး အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ထိုသို့ဆောင်ရွက်လျက်ရှိသော်လည်း မီဒီယာအချို့နှင့် အနောက်နိုင်ငံအများစုက ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရက်ရက်စက်စက်နှိမ်နှင်းသတ်ဖြတ်မှု ပုံစံမျိုးများကိုသာ ထုတ်လွှင့်ပြောဆိုဖော်ပြလျက်ရှိသည့် အခြေအနေများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များကို ရုန်းရင်း ဆန်ခတ်မှုလက်စွဲဥပဒေ (၁၉၅၆ ခုနှစ်)နှင့် လူစုလူဝေးအား ကြီးကြပ် ထိန်းသိမ်းခြင်းလက်စွဲစာစောင် (၂၀၁၅ ခုနှစ်)ပါအတိုင်း အဆင့်ဆင့် ထိန်းသိမ်းဆောင်ရွက်မှု အခြေအနေများနှင့် နိုင်ငံတကာတွင်လည်း ဆူပူဆန္ဒပြမှုများအပေါ် ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ အား နှိုင်းယှဉ်သုံး သပ်ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပညာရေး၊ ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ ပြောကြားရာတွင် ၂၀၁၉ ခုနှစ်၌ ကောက်ယူရရှိသည့် စာရင်းဇယားအရ နိုင်ငံတော်တွင် ကျောင်းမနေသည့် ကလေးငယ် ၃ ဒသမ၇ သန်းရှိပြီး နှစ်စဉ်ကျောင်းတက်မှုလျော့နည်းခြင်းကြောင့် ပညာရေး နိမ့်ပါးလာမှု အခြေအနေများ၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးစီမံချက်ဖြင့် ဆောင်ရွက်နေမှု အခြေအနေများ၊ ကျန်းမာရေးနှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် ဆေးရုံပေါင်း ၁၁၇၇ ရုံရှိသော်လည်း ဆရာဝန်များ CDM လှုပ်ရှားမှုတွင် ပါဝင်နေသဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍများစွာ ဒုက္ခရောက်နေသောကြောင့် တပ်မတော်ဆေးရုံများတွင် လက်ခံကုသပေးနေမှု အခြေအနေများ၊ ဆေးရုံများ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုးစား ဆောင်ရွက်ခဲ့မှုကြောင့် ဆေးရုံ ၇၉၃ ရုံ ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပြီး ကျန်ရှိသောဆေးရုံများ ဖွင့်လှစ်နိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ထို့ကြောင့် CDM လှုပ်ရှားမှုသည် အစိုးရကိုဆန့်ကျင်သည့် Civil Disobedience Movement မဟုတ်ဘဲ နိုင်ငံဖျက်သည့်လှုပ်ရှားမှု Country Destructive Movement သာဖြစ်ကြောင်း၊ အလားတူမတရားအသင်း ကြေညာထားသည့် CRPH သည်လည်း Committee Representing Pyi-pyay Hluttaw ပြည်ပြေးလွှတ်တော်ကော်မတီ ဖြစ်နေမှန်းမသိဖြစ်နေပြီ ဖြစ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေး မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး စီးပွားရေးကဏ္ဍတွင် ဆက်စပ်မှုရှိသော လျှပ်စစ်မီးပြည့်ဝစွာ ရရှိစေရေး၊ ဆိုလာ၊ ရေအားလျှပ်စစ်စနစ်များ ဆက်လက် လုပ်ဆောင်လျက် ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် ဆိုရှယ်မီဒီယာပေါ်တွင် မဟုတ်မမှန် လှုံ့ဆော်မှုများကို သတိထားဆင်ခြင်ရန်၊ ဆူပူအကြမ်းဖက်သူများသည် မူးယစ်ဆေးဝါးများ အသုံးပြု၍ ဖမ်းဆီးသတ်ဖြတ်မီးရှို့ခြင်းများ ဆောင်ရွက်နေသဖြင့် သွားသတိ၊ လာသတိ၊ စားသတိ၊ နေထိုင်မှုသတိရှိစွာ ပြုမူနေထိုင်ရန်၊ တပ်တွင်း စည်းလုံးညီညွတ်ရေးကို ရေပက်မဝင်အောင် တည်ဆောက်ရန်၊ တစ်ဦးချင်းကျန်းမာရေး၊ တပ်ရင်း၊တပ်ဖွဲ့များ ကျန်းမာရေးအား ဂရုစိုက် နေထိုင်ရန်နှင့် ကျန်းမာရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ မျက်ခြေမ ပြတ်ကြည့်ရှုစစ်ဆေးခြင်း၊ ကုသခြင်းများ ဆောင်ရွက်ရန်၊ ကျန်းမာပျော်ရွှင်စေရန်အတွက် အဖွဲ့လိုက်လုပ်ဆောင်ရသည့် အားကစားများနှင့် ကိုယ်လက် လှုပ်ရှားမှုများ ဆောင်ရွက်ရန်တို့အား မှာကြားခဲ့သည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ အဖွဲ့ဝင်တို့က တောင်ကြီးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သော စားသောက်ဖွယ်ရာများ၊ လက်ဆောင်ပစ္စည်းများနှင့် ချီးမြှင့်ငွေများပေးအပ်ကြပြီး တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)