နေပြည်တော် ဧပြီ ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထားပူဇော်မည့် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာအုတ်မြစ် တော်စီ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဗုဒ္ဓဥယျာဉ်တော်၊ ဝတ္ထုကံတော် အတွင်း၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာ ဘဒ္ဒန္တ ကဝိသာရနှင့် ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံကျောင်းတိုက်ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ တို့အမှူးပြုသည့် ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ကြည်ညိုကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် မဟာမင်္ဂလာ မဏ္ဍပ်တော်အတွင်းရှိ ဗုဒ္ဓ ရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်၊ သစ်သီးပန်းမန်၊ သောက်တော်ရေချမ်းနှင့် ဆီမီးတို့ကို ကပ်လှူပူဇော်ကြသည်။
ထို့နောက် အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ဈေးကုန်းဆရာတော်ကြီးထံမှ ကိုးပါး သီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲ၊ ပရိတ်ကျောက်များကို သံဃာတော်များထံ ဆက်ကပ်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး တို့က ဈေးကုန်း ဆရာ တော်ကြီးထံလည်းကောင်း၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်ဇနီးတို့က ပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော်ကြီးထံ လည်းကောင်း ရတနာရွှေကြုတ်တော်၊ ဗုဒ္ဓဓာတ်တော်ရွှေကြုတ်တော်၊ ရဟန္တာဓာတ်တော် ရွှေကြုတ်တော်၊ အောင်မြေရွှေကြုတ်တော်၊ ပိဋကတ်သုံးပုံ ကျမ်းဦး၊ ဇယမင်္ဂလာဂါထာနှင့် မင်္ဂလာမော်ကွန်းရွှေပေလွှာများ၊ ပရိဘောဂစေတီ ရွှေသပိတ်တော်၊ မော်ကွန်းကျောက်စာတော်၊ ရတနာအုတ်မြစ်တော်နှင့် လှူဖွယ် ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် တက်ရောက်လာကြသည့် ဘုရားဒါယကာများက ဆရာတော်ကြီး များထံ သက်ဆိုင်ရာ ရတနာအုတ်မြစ်တော်များနှင့် လှူဖွယ်ပစ္စည်းများကို သံဃာတော်များထံ အသီးသီးဆက်ကပ် လှူဒါန်းကြသည်။
ယင်းနောက် သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် မေတ္တသုတ်တော်၊ ရတနာသုံးပါး ဂုဏ်တော်နှင့် ပုဗ္ဗဏှသုတ် ပရိတ်တရားတော်များကို နာယူ ကြည်ညိုကြပြီး ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲ၊ ပရိတ် ကျောက်များကို ယူဆောင်၍ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဝတ္တုကံတွင် ပက်ဖြန်းကြဲဖြန့် ချည်နှောင် တားဆီးကာရံကြသည်။
ယင်းနောက် ပါဠိဆရာတော်ကြီးထံမှ အနုမောဒနာ တရားကို နာယူကြပြီး ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ထို့နောက် ဥပါသကာများက ဗုဒ္ဓဓာတ်တော် ရွှေကြုတ်တော်၊ ရဟန္တာ ဓာတ်တော် ရွှေကြုတ်တော်၊ ပိဋကတ်သုံးပုံကျမ်းဦးရွှေပေလွှာ၊ ဇယမင်္ဂလာဂါထာတော် ရွှေပေလွှာ၊ မော်ကွန်းကမ္ပည်းရွှေပေလွှာ၊ ပရိဘောဂစေတီ(ရွှေသပိတ်)တော်၊ ပတ္တမြား ရတနာစီခြယ်ထားသည့် ရွှေအုတ်မြစ်တော်နှင့် မော်ကွန်းကျောက်စာတော်တို့ကို အသီးသီးပင့်ဆောင်၍ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဝတ္ထုကံနေရာအား လက်ယာရစ် လှည့်လည်ပူဇော်ကာ အုတ်မြစ်တော်ဗဟိုဌာနရှိ သတ်မှတ်နေရာသို့ ပင့်ဆောင် ပူဇော်ကြသည်။
ထို့နောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဗုဒ္ဓဂါယာ သတ္တဌာန အောင်မြေတော်များနှင့် မြန်မာနိုင်ငံတစ်ဝန်း တန်ခိုးကြီးဘုရားစေတီများမှ အောင်မြေတော်များကို ခင်းကျင်းပူဇော်ပြီး မင်္ဂလာအချိန်တွင် ရတနာရွှေကြုတ်တော်၊ ဗုဒ္ဓဓာတ်တော် ရွှေကြုတ်တော်၊ ရဟန္တာဓာတ်တော် ရွှေကြုတ်တော်၊ ပိဋကတ်သုံးပုံကျမ်းဦးရွှေပေလွှာ၊ ဇယမင်္ဂလာဂါထာတော် ရွှေပေလွှာ၊ မော်ကွန်းကမ္ပည်းရွှေပေလွှာ၊ ပရိဘောဂစေတီ (ရွှေသပိတ်)တော်၊ ပတ္တမြားရတနာစီခြယ်ထားသည့် ရွှေအုတ်မြစ်တော်နှင့် မော်ကွန်း ကျောက်စာတော်တို့ကို စီသွင်းပူဇော်ပြီး ပရိတ်နံ့သာရည် ပက်ဖြန်းပူဇော်သည်။
ဆက်လက်၍ ရတနာအုတ်မြစ်တော်စီသွင်းပူဇော်ရန်အတွက် ရှေးထုံးစဉ်လာ ကျမ်းဂန်တော်လာ အစဉ်အလာမြတ်များနှင့်အညီ နေရာယူကြပြီး ကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က ပုလဲရတနာ အုတ်မြစ်တော်ကို လည်းကောင်း၊ ဗိုလ်ချုပ်ကြီး မြထွန်းဦးက နီလာရတနာ အုတ်မြစ်တော် ကိုလည်းကောင်း၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ဂေါ်မုတ်ရတနာ အုတ်မြစ်တော် ကိုလည်းကောင်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က မြရတနာ အုတ်မြစ်တော် ကိုလည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက သန္တာ ရတနာအုတ်မြစ်တော်ကို လည်းကောင်း၊ ဦးဝင်းရှိန်က ကြောင်မျက်ရတနာ အုတ်မြစ် တော်ကို လည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ဥဿဖရား ရတနာ အုတ်မြစ်တော်ကိုလည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းက စိန်ရတနာ အုတ်မြစ်တော်ကိုလည်းကောင်း အသီးသီးစီသွင်းပူဇော်၍ ပရိတ်နံ့သာရည်များ ပက်ဖျန်းပူဇော်ကာ အုတ်မြစ်တော်ဗဟိုဌာနတွင် ကျောက်မျက်ရတနာမျိုးစုံကို ကြဲဖြန့်ပူဇော်ကြသည်။
ထို့နောက် သံဃာတော်အရှင်သူမြတ်များ ဦးဆောင်၍ “ဇယန္တော ဗောဓိယာ မူလေ” အစ ချီသည့် ဇယမင်္ဂလာအောင်ဂါထာတော်များကို ရွတ်ဆိုပူဇော်ကြသည်။ ယင်းနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ကိုရုပ်သိမ်းကာ ရတနာ ရွှေမိုး ငွေမိုး များ ရွာသွန်းဖြိုးခဲ့ကြသည်။
အလားတူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၂)နှင့် (၃)ကို ကြိုဆို ပင့်ဆောင်ခြင်း အခမ်းအနားအား အစီအစဉ်အတိုင်း ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး ဈေးကုန်းဆရာတော်ကြီးနှင့် ပါဠိဆရာတော်ကြီးတို့ ဦးဆောင်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် တာဝန်ရှိသူများက “မာရဝိဇယ” ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်းများကို ပရိတ် နံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ကြကာ ဇယမင်္ဂလာအောင်ဂါထာတော်များကို ရွတ်ဆို ပူဇော်ကြသည်။ ထို့နောက် မင်္ဂလာအချိန်တွင် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော် အပိုင်း(၂)နှင့် အပိုင်း(၃)ကို အပူဇော်ခံမည့်နေရာသို့ ဆက်လက် ပင့်ဆောင် တော်မူကြသည်။
ယင်းနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ကိုရုပ်သိမ်းခဲ့ရာ ဝတ်အသင်းအဖွဲ့များက အရပ်ဆယ်မျက်နှာ မေတ္တာပို့လင်္ကာများဖြင့် မေတ္တာဘာဝနာပွားများ ပူဇော်ခဲ့ကြသည်။
အဆိုပါ “မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး” ဟူသည့် အမည်နာမသည် “မာရ်နတ်မင်း၏ အနှောင့်အယှက်ရန်စွယ်အန္တရာယ်အပေါင်းကို အထူးအောင်မြင်တော် မူသောမြတ်စွာဘုရား” ဟု အဓိပ္ပါယ်ဖော်ဆောင်ပါကြောင်း၊ “မာရဝိဇယ” ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓ သာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်း တောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်း သာယာမှုရှိ စေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်းပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသ တိုးတက်စည်ကားမှုဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှု အထောက်အကူဖြစ် စေရန် စသည့် ရည်ရွယ်ချက် ၄ ရပ်ဖြင့် တည်ထားကိုးကွယ်ရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရုပ်ပွားတော်မြတ်ကြီးကို မြတ်စွာဘုရားရှင်၏ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ် တို့နှင့် သင့်လျော်ညီညွတ် သည့် ဘူမိဖဿမုဒြာဟန်ဖြင့် ထုဆစ်ပူဇော်သွားမည်ဖြစ်ပြီး ပလ္လင်တော်အမြင့် ၁၈ ပေ၊ ဉာဏ်တော်အမြင့် ၆၃ ပေ၊ စုစုပေါင်း ၈၁ ပေအမြင့်ရှိ မည်ဖြစ်ကြောင်း၊ ယခုတည်ထား ကိုးကွယ်မည့် “မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး” အား တည်ထားကိုးကွယ်ပြီးစီး ပါက မြန်မာတွင်သာမက ကမ္ဘာ့နိုင်ငံများတွင်ပါ စကျင်ကျောက်တော်ကြီးဖြင့် ထုဆစ်သည့် ဆင်းတုတော်ကြီးများအနက် အကြီးဆုံးနှင့် ဉာဏ်တော်အမြင့်မားဆုံး ဆင်းတုတော်ကြီး ဖြစ်လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်