နေပြည်တော် ဧပြီ ၃၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ရန်ကုန် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၊ ရန်ကုန်မြစ်နှင့် မှော်ဝန်းချောင်းအကြား နေရာရှိ သီလဝါဘက်စုံ စိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက် နေမှုအခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အား မွေးမြူရေးဇုန်ရှင်းလင်းဆောင်၌ မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က သီလဝါဘက်စုံစိုက်ပျိုး မွေးမြူရေးဇုန်၊ ၂၆ မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်၊ ငွေပင်လယ်မွေးမြူရေးနှင့် ရေလုပ်ငန်းကုမ္ပဏီလီမိတက်တို့နှင့် တွံ့တေးမြို့နယ်ရှိ ရွှေမုယင်းငါးကန် တို့၏လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုနှင့် ဆောင်ရွက်ပြီးစီးပြီး လုပ်ငန်းလည်ပတ်နေမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုကဲ့သို့ စိုက်ပျိုးမွေးမြူရေး ဇုန်များဖော်ဆောင်၍ ဆောင်ရွက်လျက်ရှိခြင်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်လျက်ရှိသည့် ပြည်သူများစားသောက်မှု အဆင်ပြေစေရန်ဖြစ်ကြောင်း၊ သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်နှင့် ရွှေမုရင်းငါးကန်တို့တွင် ငါးနှင့်ဘဲများကို လည်းကောင်း၊ ၂၆ မိုင်ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်တွင် အသားစားနွားနှင့် နို့စားနွားများ၊ ဝက်၊ ကြက်နှင့် ဆိတ်များကိုလည်းကောင်း မွေးမြူ၍ ရန်ကုန်တိုင်းဒေသကြီး အတွင်းသားငါး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း “သက်ဆိုင်ရာဒေသအလိုက် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်၍ အရည်အသွေးပြည့်မီသည့် အသား၊ ငါးများအား တိုးမြှင့်ထုတ်လုပ်နိုင်ခြင်းဖြင့် ဈေးနှုန်းသက်သာစွာစားသောက်နိုင်ပြီး ပြည်သူများ အသားနှင့်ငါးစားသုံးမှုမြင့်မားလာကာ ကျန်းမာကြံ့ခိုင်မှု ရှိလာမည်ဖြစ်ကြောင်း၊ ကျန်းမာကြံ့ခိုင်မှုရှိမှသာ ပညာရည်မြင့်မား ရေးလုပ်ငန်းများ၊ စီးပွားရေး လုပ်ငန်းများကို ဖော်ဆောင်နိုင်မည် ဖြစ်သဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်”ကြောင်း၊ အသား၊ ငါးများအား သက်သာသော ဈေးနှုန်းများဖြင့် ဈေးကွက်အတွင်း ရောင်းချပေးနိုင်ရေး ဆောင်ရွက် ခြင်းဖြင့် အသား၊ ငါး ဈေးနှုန်းများကြီးမြင့်မှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် အသား၊ ငါး ထွက်ကုန်များအား ပြည်ပသို့ တင်ပို့နိုင်ရေးအတွက်လည်း ဆောင်ရွက်ရန် လိုကြောင်း၊ မွေးမြူရေး လုပ်ငန်းများသည် ရေရှည်ဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်သဖြင့် စနစ်တကျဖြင့် စံပြဖြစ်အောင် စီမံဆောင်ရွက်ရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းအတွက် လိုအပ်သည့် မျိုးကောင်းမျိုးသန့်များရရှိရေး သားဖောက်ခြင်း လုပ်ငန်းများအား သုတေသနပြုဆောင်ရွက်ရန်လိုကြောင်း၊ ထို့အပြင် ငါးသယံဇာတ ပေါများစေရေးအတွက် မြစ်ချောင်းများအတွင်း ငါးမျိုးများ စိုက်ထည့်ခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း။
“စိုက်ပျိုးရေးနှင့်ပတ်သက်၍ အဓိကစားကုန်ဖြစ်သည့် ဆန်များအရည်အသွေး ပြည့်မီရေးအတွက် အထွက်နှုန်းကောင်းမွန်၍ အရည်အသွေးပြည့်ဝသည့် စပါးမျိုး များစိုက်ပျိုးနိုင်ရေး မျိုးကောင်းမျိုးသန့်များရရှိအောင် သုတေသနပြုစိုက်ပျိုးရန်လို” ကြောင်း၊ ပြည်တွင်း ဆန်လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ရုံသာမက ပြည်ပနိုင်ငံများ သို့လည်း တင်ပို့နိုင်ရောင်းချနိုင်ရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မျိုးကောင်းရန်၊ စနစ်တကျပြုပြင် ထားသည့်မြေဖြစ်ရန်၊ စိုက်နည်းစနစ်မှန်ကန်ရန်နှင့် ရေဖူလုံစွာရရှိရန်လိုကြောင်း၊ သို့မှသာ အရည်အသွေး ပြည့်မီသည့် စိုက်ပျိုးရေး ထုတ်ကုန်များရရှိမည်ဖြစ်ကြောင်း၊ တပ်မိသားစုဝင်များ သာမက ပြည်သူများအသား၊ ငါးနှင့် စိုက်ပျိုးရေးထုတ်ကုန်များအား သက်သာသော ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေး စဉ်ဆက်မပြတ်ဖြည့်ဆည်း ဆောင်ရွက်သွား ရန်လိုကြောင်းမှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်၊ ဘဲမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိသည့် ဘဲဥများအားကြည့်ရှုပြီး မွေးမြူရေးဇုန်အတွင်းရှိ ငါးသားဖောက်လုပ်ငန်း ဆောင်ရွက်နေမှု၊ ငါးမွေးမြူထားရှိမှုနှင့် ဘဲမွေးမြူထားရှိမှုအခြေအနေများအား လှည့်လည် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)