နေပြည်တော် ဧပြီ ၃၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ အမှတ်(၁)ရေနံချက်စက်ရုံ (သန်လျင်)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင်များအား မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မြင့်၊ စက်ရုံမှူး ဦးညွန့်ဝေနှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် စက်ရုံဧည့်ခန်းမဆောင်အတွင်း၌ ဦးအောင်မြင့်က စက်ရုံသမိုင်း အကျဉ်း၊ စက်ရုံဆိုင်ရာအချက်အလက်များ၊ ၂၀၁၇ ခုနှစ်မှစ၍ စက်ရုံလည်ပတ်မှုမရှိဘဲ ရပ်တန့်ထားရသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်တွင်း၌ စက်သုံးဆီလိုအပ်ချက်ရှိနေဆဲ ဖြစ်ပြီး ပြည်ပမှ လစဉ်တန်ချိန်များစွာ တင်သွင်းနေရသည့် အခြေအနေ၊ ထိုသို့ ပြည်ပမှ တင်သွင်းခြင်းများ ဆောင်ရွက်ရာတွင် ပိုမိုတွင်ကျယ်အောင် သယ်ယူပို့ဆောင် ရေးလမ်းကြောင်းအား အဆင့်မြှင့်တင်လုပ်ဆောင်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ပြန်လည် အကြံပြုဆွေးနွေးခဲ့သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံဝန်းအတွင်းရှိ ဆီသိုလှောင်ကန်များ၊ ဆိပ်ခံ တံတား၊ စက်ဆီရောစပ်စည်သွပ်စက်ရုံနှင့် ရေနံချက်စက်ရုံများအား လိုက်လံကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက အချို့စက်ရုံများအား ပြန်လည်လည်ပတ်နိုင်ရေးကြိုးပမ်းဆောင်ရွက်၍ ပြည်တွင်းစက်သုံးဆီ လိုအပ်ချက်အားတစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင် ရန်မှာကြားပြီး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအနီး ဒေသအခေါ် ရေနံကုန်းပေါ်တွင် ခရစ်နှစ် ၁၇၄၉ ခုနှစ်က တည်ဆောက်ခဲ့သည့် Immaculate Conception Catholic Church (ပေါ်တူဂီကျောင်း)သို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ပြီး ရှေးဟောင်းလက်ရာ အဆောက်အဦ ဖြစ်သဖြင့် ရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းဆောင်ရွက်သင့်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယခုလ ၁၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ၊ မြို့တော်သန့်ရှင်း သာယာလှပရေးဆိုင်ရာများနှင့် ပတ်သက်၍ မိုးတွင်း ကာလ မြို့တွင်း၌ ရေကြီး၊ ရေလျှံမှု မဖြစ်ရေး၊ ယာဉ်စည်းကမ်း လိုက်နာစေရေး၊ ခြောက်သွေ့ရာသီ၌ သုံးရေ လုံလောက်ရေး စသည့် လက်တွေ့ပြည်သူဘဝကို အကျိုးရှိစေမည့် လုပ်ငန်းများအား ဦးစားပေး ဆောင်ရွက်ရန် လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့မှုအပေါ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ယခုနှစ်မိုးရာသီအတွင်း ရေကြီးရေလျှံမှု လျော့ပါးစေရန် ဆောင်ရွက်နေမှု အခြေအနေများအား ယနေ့ညနေပိုင်းတွင် သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ထို့သို့သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်မြတ်ထွန်းလမ်းရှိ မြစ်ထွက်ပေါက် ရေမြောင်းနေရာ၊ ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ အမှတ် ၁၀ ရေတံခါးနှင့် လမ်းမတော်မြို့နယ်ရှိ ရွာသစ်ချောင်း မြစ်ထွက်ပေါက်နေရာ တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး၊ မြို့တော်ဝန် ဦးဗိုလ်ဌေး နှင့် တာဝန်ရှိသူ များက လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရေကြီး ရေလျှံမှုများ ယခင်ကထက် လျော့နည်းစေရေး စနစ်တကျစီမံဆောင်ရွက်ရန် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)