Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၀/၂၀၂၁)သို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် မေ ၁၀

 

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁၀/၂၀၂၁)ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊  ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးရွှေကြိမ်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြသည်။

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အဖွင့် အမှာစကားပြောကြားရာတွင် မိမိတို့သည် ကြားကာလတာဝန်ယူသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သဖြင့် အချိန်တိုအတွင်း အကောင်အထည်ဖော်ဆောင်ရွက်၍ရသည်များကို နိုင်ငံအတွက် ကျယ်ကျယ်ပြန့်ပြန့် ဦးစားပေးစဉ်းစား ဆောင်ရွက်ကြစေလိုကြောင်း၊ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်အပေါ်တွင် အခြေခံပြီးဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မဲစားရင်းမှားယွင်း မှုများနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့်ပြည်နယ် ၂ ခုတွင် စစ်ဆေးဆောင်ရွက်ပြီးဖြစ်ပြီး မဲမသမာမှုများနှင့် အရေးယူဆောင်ရွက်မည့် အခြေအနေများအား နိုင်ငံသို့ အသိပေးသွားမည် ဖြစ်ကြောင်း။

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်ပြီး ကမ္ဘာပေါ်တွင်ကူးစက်မှု နှုန်းများ မြင့်တက်လျက်ရှိသော်လည်း မိမိတို့နိုင်ငံတွင် ကူးစက်မှုနှုန်းအနေဖြင့် ယခုအခါ မေလ ၁ ရက် နေ့မှစ၍ ဆေးစစ်နိုင်မှုအရေအတွက်၏ ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်း ခန့်သာ ရှိကြောင်း၊ သို့သော် အိမ်နီးချင်းနိုင်ငံများတွင် ကူးစက်မှုနှုန်းမြင့်တက်လျက်ရှိသဖြင့် မိမိတို့ နိုင်ငံအနေဖြင့်လည်း သတိထားဆောင်ရွက်ရမည်ဖြစ်ပြီး COVID-19 နှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် အချို့ စည်းကမ်းချက်များကို လျှော့ပေါ့ပေး၍ မရသေးကြောင်း၊ COVID-19 ကာကွယ်ဆေးထိုးနှံမှုနှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် ၁ သန်း ၉ သိန်းကျော် ထိုးနှံပြီး ဖြစ်ကြောင်း၊ ကာကွယ်ဆေးများ ဆက်လက်ဝယ်ယူရရှိနိုင်ရေးအတွက်လည်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ တက္ကသိုလ်၊ ကောလိပ်များ ပြန်လည်ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပြီး Social Distancing ကိုလည်း COVID-19 စည်းကမ်းအတိုင်း စံနမူနာပြ ဆောင်ရွက်သွားမည်ဆိုပါက COVID-19 ကာကွယ်ရေးအတွက်လည်း အထောက်အကူပြု မည်ဖြစ်ကြောင်း၊ တက္ကသိုလ်၊ ကောလိပ်များမှ ဆရာ၊ ဆရာမများနှင့် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း COVID-19 ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။

မိမိတို့နိုင်ငံတွင် COVID - 19 ကြောင့် လုပ်ငန်းများ ရပ်တန့်ခဲ့ရပြီး စီးပွားရေးနှင့် ပညာရေးတွင် ထိခိုက်ဆုံးရှုံးမှုများရှိခဲ့ကြောင်း၊ COVID-19 ကြောင့် ကျဆင်းနေသည့် စီးပွားရေးအား ပြန်လည် ကုစားရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ဖေဖော်ဝါရီလဆန်း ပိုင်းမှစ၍ ကောလာဟလ များထုတ်လွှင့်ပြီး ဆန္ဒပြမှုများမှတစ်ဆင့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်သည်အထိ ပြုလုပ်လာကြကြောင်း၊ ယခုနောက်ပိုင်း ဆူပူမှုများအရှိန်ကျလာသော်လည်း ဘဏ်များထိခိုက် အောင် နိုင်ငံရေးအရ ဆောင်ရွက်လာသည်များရှိသဖြင့် မိမိတို့အနေဖြင့် ထိန်းသိမ်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ COVID-19 ရောဂါဖြစ်ပွားမှု ကြောင့် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် စီးပွားရေးကျဆင်း လျက်ရှိကြောင်း၊ စီးပွားရေး လုပ်ငန်းများတွင် မဖြစ်မနေဆောင်ရွက် နေရသည့် လုပ်ငန်းမှာစားသောက်ကုန်လုပ်ငန်း ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အားသာချက် ရှိသော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းစေရေး ဆောင်ရွက်ရမည ်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် အရည်အသွေးပြည့်မီ၍ အထွက်နှုန်း ကောင်းမွန်ပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်များ ရရှိနိုင်သည့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးမွေးမြူရန်လို ကြောင်း၊ စိုက်ပျိုးရေးသီးနှံများ မျိုးကောင်းမျိုးသန့်များရရှိရေးအတွက် စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သုတေ သနပြု စီမံဆောင်ရွက်လျက်ရှိကြောင်း။

ဆီထွက်သီးနှံသည်လည်း နိုင်ငံ၏အဓိကပို့ကုန်များတွင် ပါဝင်ကြောင်း၊ မိမိတို့နိုင်ငံရှိ လူတစ်ဦး နှုန်းပျမ်းမျှဆီစားသုံးမှုသည် တစ်နှစ်လျှင် ၄ ဒသမ ၅ ပိဿာခန့်ရှိသဖြင့် စားသုံးမှု များပြားနေသေးကြောင်း၊ ပြည်တွင်း၌ စားသုံးဆီဖူလုံအောင်ထုတ်လုပ်နိုင်ခြင်းမရှိသဖြင့် ပြည်ပမှဆီများ တင်သွင်းနေရမှုကြောင့် နိုင်ငံခြားငွေများစွာ ကုန်ကျလျက်ရှိကြောင်း၊ ပြည်တွင်း စားသုံးဆီ ဖူလုံစွာရရှိနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်သဖြင့် ဆီထွက်သီးနှံများ စိုက်ပျိုးနိုင်သည့် ဒေသများတွင် ဆီထွက်သီးနှံများ အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်၍ ဆီအထွက်နှုန်း တိုးအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူများကျန်းမာရေးနှင့် ကိုက်ညီစေရန် ဆီစားသုံးမှုလျှော့ချနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေး ဝန်ကြီးဌာနတို့မှ ပညာပေး လုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်သည့် ဆီများစားသုံးနိုင်ရေးအတွက်လည်း ပြည်ပမှ တင်သွင်းသည့် စားသုံးဆီများတွင် ပြန်လည်သန့်စင်ထားသည့် ဆီများမဖြစ်စေဘဲ အရည်အသွေး အာမခံနိုင်မှုရှိစေရေးအတွက် စနစ်တကျကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် ၆၇ ဒသမ ၄၂ နှစ်သာရှိသဖြင့် အိမ်နီးချင်း နိုင်ငံများတွင် အနိမ့်ဆုံးဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ဆီများအလွန် အကျွံစားသုံးမှု၊ ဟင်းချိုမှုန့် စားသုံးမှု၊ မူးယစ်ဆေးဝါး၊ အရက်နှင့် ဆေးလိပ်သောက်သုံး မှုများကိုအသိတရားဖြင့် ထိန်းသိမ်းနိုင်ရေး ကြပ်မတ် ဆောင်ရွက်ရန် လိုကြောင်း၊ မိမိတို့နိုင်ငံရှိ ပြည်သူများ၏ သက်တမ်းသည် ကမ္ဘာပေါ်တွင် စံချိန်မီသည့် လူ့သက်တမ်းဖြစ်စေရေးအတွက် အာဟာရပြည့်ဝသည့် စားသောက်ကုန်များအား ဈေးနှုန်း သက်သာစွာဖြင့်ရရှိအောင် ဆောင်ရွက်ပေးခြင်းနှင့် ကျန်းမာသည့်နေထိုင် စားသောက်မှုပုံစံ နေထိုင်စားသောက်နိုင်ရေးအတွက် အသိပညာပေးခြင်းများကို ဆောင်ရွက် ပေးရမည်ဖြစ် ကြောင်း။

မိမိတို့နိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ မွေးမြူရေး လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည့် တိရိစ္ဆာန်အစာများအား ပြည်ပနိုင်ငံများမှ တင်သွင်း နေရမှုများရှိကြောင်း၊ နိုင်ငံအတွင်း တိရိစ္ဆာန်အစာများ ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေး ထွက်ကုန်များ ပေါများစွာရှိသဖြင့် တိရိစ္ဆာန်အစာစပ်လုပ်ငန်းများဆောင်ရွက်၍ ပြည်တွင်း၌ လုံလောက်အောင် ထုတ်လုပ်ခြင်းဖြင့် ပြည်ပမှဝယ်ယူသုံးစွဲမှုများ လျှော့ချနိုင်ပြီး နိုင်ငံခြားငွေ သုံးစွဲမှုများ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ စားသောက်ကုန်များအား ပြည်တွင်း၌ သက်သာသော ဈေးနှုန်းများဖြင့် ဖူလုံအောင်ထုတ်လုပ်နိုင်ခြင်းဖြင့် စားသောက်ကုန်ဈေးနှုန်းများအား ပြည်သူများ ဈေးသက်သက်သာသာဖြင့် စားသုံးနိုင်ရေးဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း။

နိုင်ငံအတွက် အဓိကကျသည့် စီးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် SME နှင့် သမဝါယမ လုပ်ငန်းများကို ဖေါ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် စက်မှုနိုင်ငံကြီးများ၌ပင် သမဝါယမလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် လျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် SME နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ကို အားပေးရန်လိုပြီး ထုတ်ကုန်များအား သမဝါယမစနစ်ဖြင့် တိုက်ရိုက်ရောင်းချနိုင်ခြင်းဖြင့် ကုန်ထုတ် လုပ်သူများအတွက် အကျိုးများစွာဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။

ပြည်သူများအသိပညာ မြင့်မားရေးနှင့်ပတ်သက်၍ ပညာတတ်မြောက်ရန် လိုအပ်ပြီး “အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက” ဟု ပညာရေးဆောင်ပုဒ်ရှိကြောင်း၊ အသိ တရားနှင့် အမျိုးသားရေးစိတ်ဓာတ်ရှိအောင် ပြောကြားထားခြင်းပင်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံသားတိုင်း မသင်မနေရအခြေခံပညာများကို သင်ကြားရမည် ဖြစ်သည် ဟု ပြဌာန်းထားကြောင်း၊ သို့ဖြစ်၍နိုင်ငံသားတိုင်း ပညာသင်ကြားခွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် ပညာ ရည် မြင့်မားရေးကို  ဦးစားပေးဆောင်ရွက်နေရမည်ဖြစ်ကြောင်း။

ပညာရည်မြှင့်တင်ရေးနှင့် ပတ်သက်၍ ထိထိ‌ရောက်ရောက် ဆောင်ရွက်နိုင်ရေး စီမံ ဆောင်ရွက်ရန် လိုကြောင်း၊ ဆရာ၊ ဆရာမများအား ၎င်းတို့ရရှိထားသည့် ဘွဲ့အရည်အချင်း များအလိုက် ထောက်ပံ့ကြေးများပေးအပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ယခု အခါစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်ဆောင်ရွက်ချိန်တွင် အနှောင့်အယှက်ပြုလုပ် ခြင်းနှင့် ဖျက်ဆီးခြင်းများ ပြုလုပ်လာသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာတတ်မြောက်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်ရိုးညွှန်းတန်းများနှင့်ပတ်သက်၍ ယခင်အစိုးရများက ရေးဆွဲအတည်ပြုခဲ့သည့် အမျိုးသား ပညာရည်မြင့်မားရေးအနှစ်(၃၀)နှစ်ရှည်စီမံကိန်း အတိုင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ စာသင်ကျောင်းများပြန်လည် မဖွင့်လှစ်နိုင်ရေး နှောင့်ယှက်ဆောင်ရွက်နေမှုများသည် တိုင်းပြည် ဖျက်နေသည့် လုပ်ရပ်ဖြစ်ပြီး ဆိုးရွားသော လုပ်ဆောင်ချက်ဖြစ်ကြောင်း၊ အဆိုပါ အဖျက်လုပ်ငန်း ဆောင်ရွက်နေမှုများကို ထိထိရောက်ရောက် ထိန်းသိမ်းကာကွယ် သွားရန်လို ကြောင်း၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ အားနည်းချက်များနှင့် နိုင်ငံရေးဆိုင်ရာထိုးနှက် ချက်များကြောင့် အထင်အမြင်လွဲမှားမှုများဖြစ်ပေါ်ပြီး CDM တွင်ပါဝင်ခဲ့သည့် ဆရာ၊ ဆရာမ များ အနေဖြင့်လည်း သက်ဆိုင်ရာကျောင်းများသို့ ဆက်သွယ်သတင်း ပို့စေလိုကြောင်း၊ ကျောင်းများပြန်လည် ဖွင့်လှစ်ချိန်တွင် ဆရာ၊ ဆရာမများ လိုအပ်ချက်ရှိပါကဖြည့်တင်းနိုင်ရေး အတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ကောင်စီအဖွဲ့ဝင်များအနေဖြင့် နိုင်ငံအတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘက်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံကောင်းကျိုးအတွက် အဓိကထား ဆောင်ရွက်ကြရန် လိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ကောင်စီဝင်များ ဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဦးရွှေကြိမ်းနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့က ယခင်အစိုးရ လက်ထက်တွင် ငှားရမ်းအသုံးပြုခဲ့သည့် နိုင်ငံခြားသား အကြံပေးများ ငှားရမ်းစရိတ်နှင့် နိုင်ငံတော်လုံခြုံရေး ကျိုးပေါက်မှုကိစ္စရပ်များကို ပြန်လည်စုံစမ်းဖော် ထုတ်သွားရေး၊ တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံကျောင်းများ ဖွင့်လှစ်ချိန်တွင် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးအစီအမံများ ချမှတ်၍ ပြည်သူလူထုနှင့် လုံခြုံရေးအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေး၊ တိုင်းပြည်နှင့် ကျောင်းသားများ၏ အနာဂတ်ကို နှောက်ယှက်ဖျက်ဆီးသူများအား ထိရောက်စွာ ဖော်ထုတ် အရေးယူရေး၊  ဘဏ်လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရေးနှင့် ပြည်သူများ ယုံကြည်မှုရှိလာအောင်ဆောင်ရွက်ရေး၊ ဆိုလာလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်ရေး၊ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အာမခံချက် ရှိစေရေးအတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များ ပြဋ္ဌာန်းပေးရေး၊ တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာ ကျောင်းများတွင် အရည်အသွေးပြည့်ဝသည့် အားကစားနည်းပြများ ထပ်မံခန့် ထားရေး၊ မောင်တောနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင် ရေး၊ မြို့ရွာများ အမှိုက်သိမ်းစနစ်နှင့် ရေစီးရေလာကောင်းမွန်ရေး ရေနုတ်မြောင်း များ စနစ်တကျရှိစေရေး၊ ဆီထွက်သီးနှံများအတွက် စိုက်ပျိုးစရိတ်ချေးငွေနှင့် စိုက်ပျိုးနည်း စနစ်များ ပံ့ပိုးပေးရေး၊ အခြေခံပညာစာသင်ကျောင်းများတွင် သိပ္ပံနည်းကျ စိုက်ပျိုးရေး ပညာရပ်များ ထည့်သွင်းသင်ကြားပေးရေး၊ တနင်္သာရီတိုင်းဒေသကြီးရှိ ကျွန်းများနှင့် ဝေးလံခေါင်ဖျား ဒေသများတွင် ကျေးလက်ကျန်းမာရေးဌာနများ၊ ဆေးကုသရေးစင်တာများ ဖွင့်လှစ်ပေးရေး၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို ကူညီထောက်ပံ့ပေးရေး၊ မော်လမြိုင်-ရေး-ထားဝယ် မီးရထားလမ်း ပြေးဆွဲနိုင်ရေး၊ မဟုတ်မမှန်သတင်းများ ထုတ်လွှင့်နေမှုအပေါ် တိကျထိရောက်စွာ တုံ့ပြန် ဆောင်ရွက်ရေး၊ တစ်နှစ်တာပြက္ခဒိန်တွင် အများပြည်သူ ရုံးပိတ်ရက် သတ်မှတ်ခြင်းကိစ္စ တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အားကစားကဏ္ဍနှင့်ပတ်သက်ပြီး မြန်မာ့အားကစား ပြန်လည် မြှင့်တင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပွဲကြည့်စင်နှင့် မီတာ ၄၀၀ ပြေးလမ်းပါ ဘောလုံးကွင်းများ တည်ဆောက်ပေးရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် မိုးလုံလေလုံအားကစားရုံများ၊ ဒိုင်ဗင်ထိုးစင်ပါ ရေကူးကန်များတည်ဆောက်ပေးရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မိမိတို့နိုင်ငံ၏ အားကစားအဆင့်အတန်း မြင့်မားလာစေရန် အားကစားသမားများအတွက် ကြံ့ခိုင်ရေး နည်းပြများနှင့် အားကစားစနစ်နည်းပြများခန့်အပ်ပြီး လေ့ကျင့်ဆောင်ရွက်နိုင်ရေး စီမံ ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ပြည်သူလူထု ကျန်းမာရေးလှုပ်ရှားမှုများ ဆောင်ရွက် နိုင်ရန်အတွက် မြို့နယ်များအလိုက် လမ်းလျှောက်နိုင်သည့်  ဧရိယာများသတ်မှတ် ပြုလုပ်ပေးရန် လိုအပ်ကြောင်း၊ စာသင်ကျောင်းများတွင် အားကစားနည်းပြ ကာယဆရာများ ခန့်အပ်နိုင်ရေးအတွက် သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ်များတွင် ကာယဆရာများ ပိုမိုလေ့ကျင့်မွေးထုတ် ပေးရမည်ဖြစ်ကြောင်း။

စာပေသင်ကြားရေးနှင့် ပတ်သက်၍ အခြေခံပညာကျောင်းများတွင် ကောင်းမွန်စွာ စာပေသင်ကြားပေးနိုင်မှသာ ကျောင်းသားကျောင်းသူများအနေဖြင့် အဆင့်မြင့် ပညာရပ်များ ကို ကောင်းမွန်စွာ လေ့ကျင့်သင်ကြားနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆရာ၊ ဆရာမများ အနေဖြင့် အခြေခံပညာအဆင့်တွင် အလေးထား၍ လေ့ကျင့်သင်ကြားပေးရန် လိုအပ် ကြောင်း။

အလားတူမြို့ရွာ စည်ပင်သာယာရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမှိုက်သိမ်းစနစ် ကောင်းမွန်ပြီး ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အမှိုက်စွန့်ပစ်မှုနှင့် ပတ်သက်၍ လူထုကိုအသိပညာပေးပြီး ပြည်သူလူထု ပူးပေါင်းပါဝင် လာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တာဝန်ရှိသည့် ဌာနများအနေဖြင့်လည်း အမှိုက် စွန့်ပစ်သည့်စနစ်နှင့် အမှိုက်သိမ်းသည့်စနစ်တို့ကို ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ရန် လိုကြောင်း။

စားသုံးဆီထုတ်လုပ်မှုနှင့် ပတ်သက်၍ ဆီထွက်သီးနှံများကြိတ်ခွဲရာတွင် အဆင့်မြင့် နည်းပညာများ အသုံးပြုနိုင်အောင် စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံများ အထွက် နှုန်းတိုးအောင် ဆောင်ရွက်ပေးရမည့်အပြင် မျိုးကောင်းမျိုးသန့်၊ မြေဩဇာနှင့် နည်းပညာများ ထောက်ပံ့ပေးရန်လိုကြောင်း၊ အထွက်နှုန်းတိုး၍ နည်းပညာမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်မှသာ စိုက်ပျိုးသည့် တောင်သူများ ဝင်ငွေပိုမိုရရှိမည်ဖြစ်ပြီး လူမှုဘဝ တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း။

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် စပ်လျဉ်း၍ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများသည် မြန်မာ့ပညာရေးစနစ်အတွက် ခေတ်အဆက်ဆက်များစွာ အထောက် အကူပြုခဲ့ကြောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ အဆင်ပြေစွာ ပညာသင်ကြား နိုင်ရေးအတွက် လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆရာဝန်၊ သူနာပြုများ ခန့်ထားရေးနှင့်ပတ်သက်၍ လိုအပ်လျက်ရှိသည့် နေရာဒေသများတွင် ဖြည့်ဆည်း ပေးနိုင်ရေးအတွက် သက်ဆိုင်ရာကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ပေးသွားမည်ဖြစ်ကြောင်း၊ အများပြည်သူရုံးပိတ်ရက်များ သတ်မှတ်ရာတွင်လည်း နိုင်ငံဖွံ့ဖြိုး တိုးတက်မှုအတွက် မျှော်မှန်းကာလုပ်ငန်းဆောင်ရွက်မှုများ မထိခိုက်အောင် နိုင်ငံတကာနှင့် နှိုင်းယှဉ်စဉ်းစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်