နေပြည်တော် ဖေဖော်ဝါရီ ၁၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ၂၀၂၀ ပြည့်နှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန် တော် လောင်းလှူပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပရေး ဦးစီး ကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အဖွင့်အမှာစကား ပြောကြားရာ တွင် ၂၀၂၀ ပြည့်နှစ် မတ် ၈ ရက်တွင် နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်ပရိဝုဏ်အတွင်းရှိ သာသနာ့ မဟာဗိမာန်တော်ကြီး၌ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲ အခမ်းနားကို ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း၊ အခမ်းအနားတွင် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၃၄၂ ပါး၊ သီလရှင် ၂၅ ပါး၊ လူပုဂ္ဂိုလ် ၁၄၇ ဦးတို့ကို ဘွဲ့တံဆိပ် ဆက်ကပ်ချီးမြှင့်သွား မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးတွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲ ကျင်းပရေးဦးစီးကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက လုပ်ငန်းစဉ်များ အလိုက် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။
ယင်းနောက် အစည်းအဝေး တက်ရောက်လာကြသည့် သက်ဆိုင်ရာ ဆပ်ကော် မတီအသီးသီးမှ ဥက္ကဋ္ဌတို့က သက်ဆိုင်ရာ လုပ်ငန်းစဉ် များ အလိုက် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကြကာ လိုအပ်သည်များအား ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးပြီး အခမ်းအနားများ ချောမွေ့အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီ အသီးသီးတို့က စေတနာထား၍ ကုသိုလ်ယူ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြရန် ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)