နေပြည်တော် ဖေဖော်ဝါရီ ၂၅
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်(၁၀)နာရီတွင် Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ တွေ့ရှိလာပါက ထိရောက်စွာကုသမှု ပေးနိုင်ရေးအတွက် နေပြည်တော် ခုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီး၌ သီးခြားဆေး ကုသဆောင် ပြင်ဆင်ထားရှိမှုအား သွားရောက်စစ်ဆေးကြ သည်။
ရှေးဦးစွာ နေပြည်တော် ခုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်အား ဆေးရုံအုပ်ကြီး ဒေါက်တာပပက Coronavirus Disease 2019(COVID-19) လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါနှင့် ပတ်သက်၍ ကြပ်မတ်စစ်ဆေးနေမှုများ၊ ရောဂါတွေ့ရှိ လာပါကထိရောက်စွာကုသမှုပေးနိုင်ရေးအတွက် ပြင်ဆင်ထားရှိမှု အခြေအနေများကို အသေးစိတ်ရှင်းလင်း တင်ပြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်နှင့် တာဝန်ရှိသူများသည် နေပြည်တော် ခုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီး၌ Coronavirus Disease 2019(COVID-19) လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါအတွက် ကြိုတင်ပြင်ဆင်ထားရှိသည့် သီးခြားဆေးကုသဆောင်အတွင်း လှည့်ကြည့်ရှုစစ်ဆေး ကြပြီး ပြင်ဆင်ထားရှိမှုအခြေအနေများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ဇော်မင်းလွင် (ခရိုင်ပြန်/ဆက်)