Skip to main content

နေပြည်တော် နိုဝင်ဘာ ၁၈

တန်ဆောင်မုန်းလသည် မြန်မာ့ ၁၂ လရာသီတွင် ရှစ်လမြောက်လဖြစ်ပြီး တန်ဆောင်မုန်း လပြည့်နေ့သည် မြတ်စွာဘုရားရှင်က အဇာတသတ်မင်းကြီး အမှူးပြုသော ပရိသတ်တို့အား သာမညဖလသုတ်တော်ခေါ် ရဟန်းပြုရအကျိုးပြတရားတော်ကို ဟောကြား တော်မူသောနေ့ထူး နေ့မြတ်ဖြစ်သည်။

တန်ဆောင်တိုင်မီးထွန်းတော်များကို  တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ကိုဗစ်- ၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ကြပြီး နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရွှေဘုန်းပွင့် စေတီတော် မြတ်ကြီးတွင် ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ပွဲ  ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး၊ အဖွဲ့ဝင်များ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက တက်ရောက် မီးထွန်းညှိ ပူဇော်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ အမှူးပြုသော ဧည့်ပရိသတ်များက ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ပွဲအား နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ တက်ရောက်လာကြ သူများက ရွှေဘုန်းပွင့်စေတီတော်တွင် ပန်း၊ ရေချမ်း၊ ဆီမီးများ ထွန်းညှိ ပူဇော်ကြပြီး စေတီတော်ရင်ပြင်တော်တွင် ဆီမီး တစ်ထောင်ထွန်းညှိ ပူဇော်ကြသည်။ ထို့နောက် အခမ်းအနားမှူးက အောင်ဆုမင်္ဂလာအမျှဝေ စာတမ်းအား ဖတ်ကြား၍ အမျှပေး ဝေသည်။

ဆီမီးတစ်ထောင်ထွန်းညှိပူဇော်

ထိုနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ တက်ရောက်လာကြသူများက ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ပွဲအား ဗုဒ္ဓသာသနံ  စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းခဲ့သည်။

ထို့ပြင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်း၌လည်း လမ်း၊ အဆောက်အဦများ၊ ပန်းအလှသစ်ပင်များတွင် ရောင်စုံ မီးအလှများဖြင့် မီးထွန်းပွဲတော်ကို ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြုလုပ်ခဲ့သည်။ မီးထွန်းပွဲတော်သို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများက စိတ်နှလုံး အေးချမ်းစွာဖြင့် ပျော်ရွှင်ကြည်နူးစွာ ကြည့်ရှုလေ့လာ ခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)