နေပြည်တော် နိုဝင်ဘာလ ၂၄
မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြည်တွင်း စာသုံးမှုတွင် ကျန်းမာရေးနှင့် ညီညွတ်သည့် အသား၊ ငါး၊ ကြက်ဥများ၊ နို့နှင့် နို့ထွက်ပစ္စည်းများ စသည့် မွေးမြူရေးထွက်ကုန်များ လတ်ဆတ်ဖူလုံစွာ စားသုံးနိုင်ရေး၊ ပြည်ပပို့ကုန် တိုးမြှင့်ရေး၊ ပြည်သူများ၏ ဝင်ငွေတိုးတက်ရေးနှင့် လူနေမှုအဆင့် အတန်းမြင့်မားရေး၊ တိုင်းဒေသကြီး ပြည်နယ်များအကြား ဆင်းရဲချမ်းသာမှုကွာဟမှု လျော့ချရေးတို့အတွက် အရေးပါသော အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်နေသည့် မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် ပြောင်းလဲတိုးတက်လျက်ရှိသော ခေတ်ကာလနှင့် လိုက်လျော ညီထွေမှုဖြစ်စေရန် ဌာနဖွဲ့စည်းပုံများ ပြုပြင်ဆောင်ရွက်သွား မည်ဖြစ်သကဲ့သို့ မွေးမြူရေး ဆိုင်ရာ သုတေသနဌာနဦးစီးဌာနကို အသစ်တိုးချဲ့ဖွဲ့စည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လူစွမ်းအားအရင်း အမြစ်များ တိုးပွားရေးအတွက် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ တိရစ္ဆာန် ဆေးသိပ္ပံဘွဲ့ (BASc)၊ တိရစ္ဆာန် ဆေးပညာဘွဲ့ (DVM)များကို ပေးအပ်လျက်ရှိကြောင်း၊ အလားတူ မွေးမြူရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်းလုပ်ငန်း ကျွမ်းကျင်သူများအဖြစ် သင်ကြားလေ့ကျင့် မွေးထုတ်ပေးနိုင်ရန် စိုက်ပျိုးရေးသိပ္ပံ (နေပြည်တော်၊ ပျဉ်းမနား)၊ ပုသိမ်ကြီးနှင့် ဟဲဟိုးတို့တွင် ရှေ့ပြေး ဖွင့်လှစ်သွားမည်ဖြစ်ကာ စိုက်ပျိုးရေးသိပ္ပံကျောင်း အားလုံးတွင် တိုးချဲ့ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း။
လုပ်ငန်းများဆောင်ရွက်ရာတွင် ဈေးကွက်လိုအပ်ချက်နှင့်အညီ ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် မွေးမြူရေးဇုန် (၂၈)ဇုန် ထူထောင်ထားရှိပြီး အဆိုပါဇုန်များ၏ လက်ရှိဆောင်ရွက်နေမှုအခြေအနေများကို လေ့လာဆန်းစစ်၍ တိုးတက်မှု အခြေအနေများကို သုံးသပ်ပြီး အားသာချက် အားနည်းချက်များကို ဖော်ထုတ်ရန် လိုအပ်ကြောင်း၊ မြစိမ်းရောင်စီမံကိန်း ကျေးရွာ(၃၀)၏ ဆောင်ရွက်နေ မှုများကို လေ့လာ၍ တိုးတက် အခြေအနေများကို ဆန်းစစ်ပြီး ဒေသအသီးသီးရှိ အခြားကျေးရွာများ လေ့လာ နိုင်ရေးနှင့် အလားတူ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မွေမြူရေးဆိုင်ရာ သတင်းအချက်များကို ခေတ်မီဒီဂျယ်တယ် နည်းပညာကိုအသုံးပြု၍ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးရန်လိုအပ်ကြောင်း၊ တိရစ္ဆာန်မျိုးသန့် မျိုးပွားလုပ်ငန်းများ၊ တိရစ္ဆာန်မွေးမြူ ကုသရေးဆိုင်ရာ နည်းပညာပြန့်ပွားရေးလုပ်ငန်းများအပြင် ပြည်ပပို့ကုန်များအတွက် သက်ဆိုင်ရာနိုင်ငံ၏ သတ်မှတ် စံချိန်စံညွှန်းကို မွေးမြူရေးကဏ္ဍတွင် ပါဝင်ပတ်သက်သူ အားလုံးသိရှိလိုက်နာ ဆောင်ရွက်ရေး အသိပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက မိမိဒေသနှင့်ကိုက်ညီသည့် စီမံကိန်း စီမံချက်များ ရေးဆွဲချမှတ်ဆောင်ရွက်ကြရန်၊ မွေးမြူရေးကဏ္ဍတစ်ခုလုံးကို ခြုံငုံမိ သော သုတေသနလုပ်ငန်းများ ဖြစ်စေရေးနှင့် လက်တွေ့အသုံးချ သုတေသနများ လုပ်ဆောင်ရေး၊ မွေးမြူရေးကို အခြေခံသော ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်ချက်များ ကူညီပံ့ပိုးပေးရန် လိုအပ်ချက်များကို ဆွေးနွေးပြော ကြားသည်။
အစည်းအဝေး၌ မွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာများ၊ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ် ရေး၊ မွေးမြူရေးဆိုင်ရာသုတေသနဖွံ့ဖြိုးရေး ဆိုင်ရာများ၊ မွေးမြူရေးထွက်ကုန် ကုန်သွယ်ရေး ဆိုင်ရာကိစ္စရပ်များနှင့် မွေးမြူရေးဆိုင်ရာ ကျွမ်းကျင်သူ လူ့စွမ်းအားအရင်းအမြစ်များ တိုးပွားရေးဆိုင်ရာကိစ္စရပ်များကိုတင်ပြ ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အစည်းအဝေးတက်ရောက်လာကြသူများက ဝိုင်းဝန်းသုံးသပ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)