Skip to main content

မန္တလေးတက္ကသိုလ်တွင် စကားရည်လုပြိုင်ပွဲ 2020 DEBATE ပြိုင်ပွဲကျင်းပ

မန္တလေး ဖေဖော်ဝါရီ ၂၆

မန္တလေးမြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံမှ ကျောင်းသားကျောင်းသူများ စဉ်းစားတွေးခေါ်မှု တိုးတက် စေရန်နှင့် ချစ်ကြည်ရင်းနှီးစေရန် ရည်ရွယ်၍ စကားရည်ပြိုင်လုပွဲ 2020 DEBATE ပြိုင်ပွဲကို မန္တလေး တက္ကသိုလ်ရှိ အင်းဝ(၉)ခန်းမ တွင် ယနေ့ နေ့လယ်  ၂ နာရီ က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မန္တလေးတက္ကသိုလ် မြန်မာစာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာအောင်ကျော်မိုး က အဖွင့် အမှာ စကား ပြောကြားပြီး ဉပဒေ ပညာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာစုယဉ်ထွန်း က ပြိုင်ပွဲ စည်းမျဉ်း စည်းကမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် 2020 DEBATE ပြိုင်ပွဲအား  ဆက်လက် ကျင်းပရာ  လူတစ်ယောက် ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ပတ်ဝန်းကျင်နဲ့ဗီဇ ဘာပိုအရေးကြီးသလဲ ခေါင်းစဉ်ဖြင့် ကျောင်းသား/သူ အဖွဲ့(၄)ဖွဲ့၊ ပညာတတ်ဖြစ်ဖို့နဲ့ သူဌေးဖြစ်ဖို့ ဘာပိုအရေးအကြီးသလဲ ခေါင်းစဉ်ဖြင့် အဖွဲ့ (၄)ဖွဲ့ စုစုပေါင်း ကျောင်းသား/သူအဖွဲ့(၈)ဖွဲ့ က ပါဝင်ယှဉ်ပြိုင်ကြသည်။

အဆိုပါ ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၆ ရက် မှ ၂၇ ရက် အထိ ကျင်းပ သွားမည်ဖြစ်ပြီး ကျောင်းသား/သူ အဖွဲ့(၈)ဖွဲ့ မှ တစ်ဖွဲ့လျှင်(၃)ဦး နှုန်းဖြင့် စုစုပေါင်း(၂၄)ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲသို့ မန္တလေးတက္ကသိုလ်မှ ပါမောက္ခ ဌာနမှူးများ၊ ဆရာ/မများ၊ မန္တလေးမြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံမှ ဆရာ/များ ကျောင်း သား/သူများ နှင့်ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)