Skip to main content

ရမည်းသင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ မြန်မာ့ရှေ့ဆောင်ဘဏ်မှ ငွေကျပ်သိန်း ၁၀၉၂ သိန်းအား အမျိုးသား ၂ ဦးက သေနတ်ပြခြိမ်းခြောက်ကာ လုယက်

နေပြည်တော်၊ နိုဝင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ “မြန်မာ့ရှေ့ဆောင် ဘဏ်မှ ငွေကျပ်သိန်း ၁၀၉၂ သိန်းအား အမျိုးသား ၂ ဦးက နိုဝင်ဘာလ ၂၆ ရက်နေ့တွင် သေနတ်ပြခြိမ်းခြောက်ကာ လုယက်ခဲ့မှုဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ယနေ့ နေ့လယ် ၁ နာရီ ၂၅ မိနစ်ခန့်တွင် ရမည်းသင်းမြို့၊ အောင်မင်္ဂလာ ရပ်ကွက်၊ လမ်းမတော်လမ်းရှိ “မြန်မာ့ရှေ့ဆောင်ဘဏ်သို့ အမျိုးသား ၂ ဦး(စိစစ်ဆဲ)က ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ဘဏ်ရှေ့ရှိ လုံခြုံရေးဝန်ထမ်း ၂ ဦးအနက် တစ်ဦးအား သေနတ်အတို (စိစစ်ဆဲ)ဖြင့် ထောက်ကာဓားစာခံအဖြစ် ဘဏ်အတွင်းသို့ ခြိမ်းခြောက်ခေါ်ဆောင်သွားပြီး ကျန်အမျိုးသားတစ်ဦးက ဓားကိုင်ကာ ဘဏ်အတွင်းသို့ အနောက်မှလိုက်ပါဝင်ရောက်လာပြီး ၎င်းလက်အတွင်းမှ အသင့်ယူဆောင်လာသည့် ဆာလာအိတ်တစ်လုံးအား ဘဏ်ဝန်ထမ်း အမျိုးသမီး တစ်ဦးထံပေးပြီး ငွေများအား ထည့်ခိုင်းသဖြင့် ဘဏ်ဝန်ထမ်းအမျိုးသမီးမှ ဘဏ်ကောင်တာအတွင်း ထားရှိသည့် ငွေကျပ်သိန်း ၁၀၉၂ သိန်းအား ဆာလာအိတ်အတွင်း ထည့်ပေးခဲ့သည်။

ထို့နောက် အဆိုပါအမျိုးသား ၂ ဦးသည် ငွေများထည့်ထားသည့် ဆာလာအိတ်အား ယူဆောင်ကာ ဘဏ်အတွင်းမှထွက်လာပြီး ဆိုင်ကယ်ဖြင့် ပျော်ဘွယ်မြို့ဘက်သို့ ထွက်ခွာသွားခဲ့ သည်။

ဖြစ်စဉ်တွင် မြန်မာ့ရှေ့ဆောင်ဘဏ်မှ ငွေကျပ်သိန်း ၁၀၉၂ သိန်းအား လုယက်ယူဆောင် သွားသည့် အမျိုးသား ၂ ဦးအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော ပိတ်ဆို့စစ်ဆေးရှာဖွေခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်