Skip to main content

မျိုးချစ်စိတ်အရင်းခံ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်

ယနေ့သည် ၁၃၈၃ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၈ ရက် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဖြစ်သည်။ မြန်မာတစ်မျိုးသားလုံး မီးခဲပြာဖုံးဖြစ်နေ သော အမျိုးသားရေးစိတ်ဓာတ်များ အုန်းအုန်းကျွက်ကျွက် စတင်ထက်သန်နိုးကြားလာသော နေ့ဖြစ်သည်။ ကျွန်ပညာရေးကို ကန့်ကွက်ရှုတ်ချတိုက်ဖျက်ရာမှ ပေါ်ပေါက်လာသော မျိုးချစ် စိတ်ဓာတ် အရင်းခံသည့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်သောနေ့ဖြစ်သည်။

တိုင်းတစ်ပါးလက်အောက် အမှောင်ဖုံးနေသည့်ဘဝမှ မြန်မာတစ်မျိုးသားလုံး သူ့ကျွန်မခံသည့် အမျိုးသားရေးမီးရှူးတန်ဆောင် အလျှံတညီးညီး တောက်ပြောင် လာအောင် ထွန်းညှိအလင်းဆောင် ပေးခဲ့သောနေ့ဖြစ်သည်။ ကိုလိုနီလက်အောက် ကျွန်သပေါက်ဘဝမှ တစ်မျိုးသားလုံး လွတ်မြောက် ရေးအတွက် စတင်နိုးထပေး သောနေ့တစ်နေ့ဖြစ်သည်။ ဤနေ့သည် မြန်မာ တစ်နိုင်ငံလုံးတွင် မြန်မာတစ်မျိုးသားလုံး တပေါင်းတစည်းတည်းအားမာန်များဖြင့် စတင်ရှင်သန် လာသောနေ့ ဖြစ်သည်။ ဤသို့ရှင်သန်၊ ထက်သန်လာသောကြောင့် ဂုဏ်တင့်တယ်သော လုံးဝ လွတ်လပ်သည့် နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ထွက်ပေါ်ခဲ့သည်။

ယခုအခါ မြန်မာတို့၏ အမျိုးသားအောင်ပွဲနေ့သည် နှစ်ပေါင်းတစ်ရာကျော်ရှိပြီ ဖြစ်သော်လည်း အမျိုးသားရေးစိတ်ဓာတ်များမှာ အလျှင်းပျောက်ကွယ်သွားခြင်းမရှိပေ။ သို့သော် နယ်ချဲ့ လက်ဟောင်းများသည် တိုင်းပြည်ကို လက်လွှတ်စွန့်ခွာခဲ့ရ သော်လည်း ပြင်ပမှနေ၍ မြန်မာနိုင်ငံကို အမျိုးမျိုးအဖုံဖုံသွေးခွဲသပ်လျှို၊ ကြံစည်အားထုတ်မှုများ ပြုလုပ်လျက်ရှိသည်မှာ ယနေ့ထက်တိုင် ဖြစ်သည်။ ပြည်တွင်းမှ အမျိုးသားသစ္စာဖောက်များနှင့် သူတော်ချင်းချင်း သတင်းကွေ့ကွေ့ ပေါင်းဖက် တွေ့ကြပြီး မြန်မာနိုင်ငံ ပျက်စီးရာပျက်စီးကြောင်းတို့ကို အမျိုးမျိုးအဖုံဖုံ ကြံစည် လုပ်ဆောင်လျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံကို စစ်မက်ဖက်ပြိုင်သည့် ခေတ်မဟုတ်တော့၍ နိုင်ငံသားများ အမျိုးသားရေးစိတ်ဓာတ်များ၊ အားမာန်များလျော့နည်းချည့်နဲ့စေရန် မက်လုံး အမျိုးမျိုးပေး စည်းရုံးခဲ့ကြသည်။

မြန်မာနိုင်ငံတွင် အမျိုးသားရေးစိတ်ဓာတ်များ အလျှင်းပျောက်ကွယ်ခြင်း မရှိသော်လည်း နှစ်ပေါင်း တစ်ရာအတွင်း အမျိုးမျိုးအဖုံဖုံ ဗျူဟာခင်းကျင်း ဆောင်ရွက်လာမှုကြောင့် မျက်မှောက်ကာလတွင် နိုင်ငံအတွင်း စည်းလုံးညီညွတ်မှုလျော့ရဲ၍ အချင်းချင်းစိတ်ဝမ်းကွဲနေကြသည်ကို မြင်တွေ့ရမည် ဖြစ်သည်။ သို့ကြောင့်လည်း လွန်ခဲ့သောနှစ်ပေါင်းတစ်ရာကျော်က မြန်မာတစ်မျိုးသားလုံး အမျိုးသားရေးစိတ်ဓာတ် ထက်သန်နိုးကြားပုံကို ပြန်ပြောင်းသတိရ နိုးထကြရန် လိုအပ်ပေသည်။ အမျိုးသားစိတ်ဓာတ်ထက်သန်ရန်အတွက် အဓိကလိုအပ်ချက်မှာ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်နေရန်လိုအပ်သည်။ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန် ပါမှ ပြည်ထောင်စုသားအချင်းချင်း ချစ်ခင်စည်းလုံး၍ အမျိုးသားရေးစိတ်ဓာတ်များ နိုးကြားလာမည်။

၂၀၂၁ ခုနှစ် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဆောင်ပုဒ်ကို “နိုင်ငံ သာယာဝပြောဖို့၊ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စို့”ဟုဆော်သြထားသည်။ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးသည် အနှစ်သာရဖြစ်၍ နိုင်ငံသာယာဝပြောရေး ကို ဆောင်ကြဉ်းပေးနိုင်သည်။ ယခုနှစ် အမျိုးသားအောင်ပွဲနေ့ကို ရည်ညွှန်းချမှတ်ထားသော ဦးတည်ချက်များတွင် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်ထောင်စုတစ်ဝန်းလုံး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာအဆင့်မြှင့်တင်ဆောင်ရွက်ရေး၊ မျိုးချစ်စိတ်ဓာတ်ကိုအရင်းခံသည့် ပြည်ထောင်စု စိတ်ဓာတ် ထာဝစဉ်ရှင်သန်ထက်မြက်ရေးနှင့် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းစွာဖြင့် တိုင်းရင်းသား ပေါင်းစုံ အတူတကွယှဉ်တွဲနေထိုင်ရေးတို့ကို ဖော်ညွှန်းထားသည်။ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံသည့်အမျိုးသားရေးအားမာန်များဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို မျှော်မှန်းထားသည်။ မျှော်မှန်းချက်များ ပြည့်ဝအောင်မြင်ရေးအတွက် အစဉ်အလာကြီးမားသော မိမိတို့ဘိုးဘွားများ ပျိုးထောင်ပေးခဲ့သည့် အမျိုးသားရေးစိတ်ဓာတ်များကို လက်ဆင့်ကမ်းသယ်ဆောင်ကြရန် လိုအပ်သည်။

ယခုအခါ ဘက်စုံဖွံ့ဖြိုးရေး၊ ပညာရေး၊ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ရေး၊ ထာဝရငြိမ်းချမ်းရေး တို့ကို နှောင့်ယှက်ဖျက်ဆီးနေကြသူများအား မြင်တွေ့နေရသည်။ ဒီမိုကရေစီရေး၊ အာဏာရှင် ဆန့်ကျင်ရေးဟုကြွေးကြော်ကာ ပြည်သူများအား လှည့်ဖြားစည်းရုံးကြပြီး တိုင်းပြည်အလုံးစုံ ပျက်စီးရေးကို နယ်ချဲ့လက်ဟောင်း၊ လက်သစ်များအကြိုက် လုပ်ဆောင်နေကြသူများမှာ အမျိုးသားရေးစိတ်ဓာတ် ကိုယ်ခံအားနည်းသူများဖြစ်သည်။ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ရေး၊ အမျိုးသား ရေးစိတ်ဓာတ် ကိုယ်ခံအားကောင်းရေးတို့ကို ကြိုးပမ်းအားထုတ်နေခြင်းသည် ပြည်ထောင်စုကြီးတစ်ခုလုံးနှင့် တိုင်းရင်းသားပြည်သူအားလုံး အေးချမ်းသာယာ ဝပြောဖွံ့ဖြိုး တိုးတက်လာရေးအတွက် ဦးတည်ဆောင်ရွက်နေခြင်းဖြစ်သည်။

သို့ဖြစ်ရာ “နိုင်ငံသာယာဝပြောဖို့တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ကြစို့” ဟူသည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဆောင်ပုဒ်နှင့်အညီ အမျိုးသား အောင်ပွဲနေ့ဦးတည်ချက် လေးရပ်ကို အကောင်အထည်ပေါ်လာအောင် တိုင်းရင်း သားပြည်သူအားလုံး စည်းလုံးညီညွတ်သော အမျိုးသားရေးအားမာန်များဖြင့် ဝိုင်းဝန်းလက်တွဲ အကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။