Skip to main content

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် ရင်းနှီးမြှုပ်နှံမှု​ကော်မတီအစည်းအဝေးသို့ တက်ရောက်

ပုသိမ် ဖေဖော်ဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုကော်မတီ (၂/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ်( ၃)နာရီက ကျင်းပခဲ့သည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က ကော်မတီ စတင်ဖွဲ့စည်းချိန်မှ ယနေ့အထိလုပ်ငန်း (၄၃)ခုခွင့်ပြုနိုင်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂၁)ခုကို ခွင့်ပြုပေးနိုင်ပြီး အစည်းအဝေးကို တစ်လလျှင်တစ်ကြိမ် အနည်းဆုံးကျင်းပနိုင်ရေး ကြိုးပမ်း ဆောင်ရွက် လျက်ရှိပြီး ယခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်နိုင်ရန်လည်း မျှော်မှန်းလျက် ရင်းနှီးမြှုပ်နှံလုပ်ငန်းများ အဆင်ပြေချောမွေ့ရေးကိုဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဟာ တိုင်းဒေသကြီးအတွက် စီးပွားရေးဖွံ့ဖြိုးဖို့ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ဖို့ အခြေခံ ဖြစ်သည့်အတွက် ကော်မတီအဖွဲ့ဝင်များအနေနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဆက်လက်ဖိတ်ခေါ် ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုကို ဥပဒေနှင့်အညီ အတည်ပြုခွင့်ပြုမိန့်ထုတ်ပေးနိုင်ရေး ကော်မတီဝင်များအနေဖြင့် ဆွေးနွေးပေးကြရန်၊ တိုင်းဒေသကြီးအနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အမြန်ဆုံးလွယ်လင့်တကူဖြစ်အောင် ကြိုးစားဆောင်ရွက်ပေးနေကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးကို ရွေးချယ်ပြီး လာရောက်ရင်းနှီးမြှုပ်နှံကြသည့်အတွက် ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။ 

အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ 

မောင်မောင်မြင့်(ပြန်/ဆက်)