နေပြည်တော် ဖေဖော်ဝါရီ ၂၈
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်ကုန်းမြို့နယ်၊ သစ်ဆိန်ပင်ကျေးရွာအုပ်စု၊ သစ်ဆိန်ပင် ကျေးရွာဘုန်းတော်ကြီးကျောင်း၊ သီရိမင်္ဂလာဓမ္မာရုံ၌ သစ်ဆိန်ပင်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ(၈)ရွာမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာမျိုးအောင် တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးတင်ထွန်း၊ ဦးအေးမောင်စိန်၊ ဦးညီထွန်း၊ တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်က ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေး အဆင့်အလိုက် ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒေသခံပြည်သူများက လျှပ်စစ်မီးလိုအပ်ချက်များ၊ လမ်းတံတားလိုအပ်ချက်များ၊ ပညာရေး၊ ကျန်းမာရေးနှင့်ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအား ဆောင်ရွက်ပေးနိုင်ရေးအတွက် မေးမြန်းဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော် ကောင်စီဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြကြောင်းသိရသည်။
ဇော်မင်းလွင်(ခရိုင်ပြန်/ဆက်)