နေပြည်တော် ဖေဖော်ဝါရီ ၂၈
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပလျက်ရှိသည့် (၄၃) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးကာလအတွင်း “ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာနှင့် အခြားလူနည်းစုတို့နှင့် စပ်လျဉ်းသည့် လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ” အပေါ် အပြန်အလှန် ဆွေးနွေးပွဲတို့ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၇ ရက်တွင် ပြုလုပ်ခဲ့သည်။
လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက် ၃၉/၂ အရ မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ အစီရင်ခံစာကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက တင်သွင်းချက်အပေါ် မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက မိန့်ခွန်းတစ်ရပ်ကို တုံ့ပြန်ပြောကြားခဲ့သည်။
အချိန်ကာလလိုအပ်
အမြဲတမ်းကိုယ်စားလှယ်က ပြောကြားရာတွင် “၂၀၁၆ ခုနှစ်တွင် ဒီမိုကရေစီနည်းကျကျ ရွေးကောက်တင်မြှောက်ထားသည့် လက်ရှိမြန်မာအစိုးရသည် ဆယ်စုနှစ်ပေါင်းများစွာ လက်နက်ကိုင်ပဋိပက္ခဒဏ်၊ နှစ်နှင့်ချီ၍ စီးပွားရေးမဖွံ့ဖြိုးမှုနှင့် ရပ်တန့်နေသော လူမှုရေးနှင့် နိုင်ငံရေးအခြေအနေ တို့ကြောင့် စိန်ခေါ်မှုများစွာရှိသည့်ကြားမှ နိုင်ငံတော်အားအာဏာရှင်စနစ်မှ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုဆီသို့ ပြောင်းလဲမှုများ ပြုလုပ်လျက်ရှိသည်” ကို ထောက်ပြပြောဆိုကာ၊ စနစ်တစ်ခုမှတစ်ခုသို့ ကူးပြောင်းရာတွင် အချိန်ကာလ လိုအပ်ကြောင်းကို အလေးအနက်ထား ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးနှင့်စဉ်ဆက်မပြတ်ရေးနှင့် အလုံးစုံဖွံ့ဖြိုး တိုးတက်ရေးတို့သည် ဆက်နွယ်လျက်ရှိသဖြင့်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ရရှိရေးသည် မြန်မာနိုင်ငံ၏ အရေးအကြီးဆုံး ဦးစားပေးကိစ္စဖြစ်ကြောင်းကို မီးမောင်းထိုးပြခဲ့သည်။ ထို့အပြင် လွန်ခဲ့သည့် သုံးနှစ်တာကာလအတွင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တို့အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အရှိန်အဟုန် ရရှိနေမှုများကို အသိပေး ပြောကြားခဲ့သည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ၏ လာမည့်အစည်းအဝေးကို ယခုနှစ် ပထမလေးလတာ ကာလအတွင်း ကျင်းပသွားရန် လျာထားကြောင်း ပြောကြားခဲ့သည်။
အမြဲတမ်းကိုယ်စားလှယ်က ရခိုင်ပြည်နယ်အရေး၏ ရှုပ်ထွေးနက်နဲပြီး သိမ်မွေ့မှုများကို ပြောကြားရာတွင် ရခိုင်ပြည်နယ်ပဋိပက္ခနှင့် စပ်လျဉ်း၍ နိုင်ငံတကာအသိုက်အဝန်း၏ စိုးရိမ်ပူပန်မှုများကို နားလည်ကြောင်းနှင့် ပြဿနာ၏ အရင်းအမြစ်များကို ဓမ္မဓိဌာန်ကျကျ အလုံးစုံ ခြုံငုံကြည့်ရှုရန်နှင့် အသိုက်အဝန်းများအကြား သမိုင်းကြောင်းအရ တင်းမာမှု၊ မယုံကြည်မှုနှင့် ကြောက်ရွံ့မှုတို့ကြောင့် ဖြစ်ပေါ်လာသည့် လူသားတို့၏ စိတ်ခံစားချက်များကိုလည်း မျက်ကွယ်မပြုဘဲ ကိုလိုနီခေတ်ကတည်းက နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းသွားလာမှု၊ ဆင်းရဲနွမ်းပါးမှု၊ တရားဥပဒေ စိုးမိုးမှုနှင့် လုံခြုံရေးအားနည်းမှုတို့ အပါအဝင် နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များအားလုံးကိုပါ ထည့်သွင်းစဉ်းစားရန် တိုက်တွန်း ပြောကြားခဲ့သည်။
စိန်ခေါ်မှုများတိုးပွားလာ
လက်ရှိအစိုးရ စတင်တာဝန်ထမ်းဆောင်စဉ်ကတည်းက ရေရှည်တည်တံ့သည့် အဖြေရရှိရေးအတွက် လက်တွေ့ဆောင်ရွက်နေမှုများကို ပြောကြားခဲ့သည်။ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် အာဆာ၏ ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်ခဲ့မှုသည် ရခိုင်ပြည်နယ်အရေး ရေရှည်တည်တံ့သည့် အဖြေရရှိရေး ဆောင်ရွက်မှုတွင် အစိုးရ၏ ကြိုးပမ်းမှုများကို အားလျော့စေသည်သာမက လူအစုလိုက် အပြုံလိုက် နေရပ်စွန့်ခွာမှုနှင့် လက်ရှိလူသားချင်း စာနာမှုအခြေအနေများကို ဖြစ်ပေါ်စေခဲ့ကြောင်း ထောက်ပြခဲ့သည်။ ထို့အပြင် တပ်မတော်နှင့် အေအေအကြား လက်နက်ကိုင်ပဋိပက္ခသည် ပြဿနာအား ပိုမိုရှုပ်ထွေးစေပြီး စိန်ခေါ်မှုများ တိုးပွားလာစေကြောင်း ပြောကြားခဲ့သည်။
စိန်ခေါ်မှုများရှိသော်ငြားလည်း အမြဲတမ်းကိုယ်စားလှယ်က “မိမိတို့သည် ရေရှည်ဖြေရှင်းမှု နည်းလမ်းရှာဖွေမှုကို မည်သည့်အခါကမျှ လျစ်လျူမရှုခဲ့ကြောင်းနှင့် ယခုအချိန်တွင် အရေးအကြီးဆုံးမှာ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသည့် သဘောတူစာချုပ်များနှင့်အညီ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးကို မြန်ဆန်စွာ စတင်နိုင်ရန်ဖြစ်ကြောင်း” ထပ်လောင်း အတည်ပြု ပြောကြားခဲ့သည်။ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား လက်မှတ်ရေးထိုးထားသည့် သဘောတူစာချုပ်များကို တိကျစွာလိုက်နာရန်နှင့် စစ်မှန်သောစိတ်ရင်းဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို ပြသရန် တိုက်တွန်းခဲ့သည်။
ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းလည်းရှိ
တာဝန်ခံမှု၊ တာဝန်ယူမှုနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံသည် ကိုင်တွယ်ဖြေရှင်းရန် ဆန္ဒရှိသကဲ့သို့ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းလည်း ရှိကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် နိုင်ငံတော် သမ္မတထံသို့ တင်ပြခဲ့သည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (ICOE) ၏ အပြီးသတ် အစီရင်ခံစာအကြောင်းကို အသိပေးပြောကြားခဲ့သည်။ မြန်မာအမြဲတမ်းကိုယ်စားလှယ်က ကော်မရှင်၏ အချက်အလက် စုဆောင်းရေးနှင့် စိစစ်ရေးအဖွဲ့ (ECVT) ၏ ရှာဖွေတွေ့ရှိမှုများသည် “လူမျိုးသုဉ်း သတ်ဖြတ်မှု ရည်ရွယ်ချက်” ဖြင့် ကျူးလွန်သည့် လုပ်ရပ်များဟု ချင့်ချိန်ကောက်ချက်ချနိုင်သော အရိပ်လက္ခဏာ မရှိကြောင်း မီးမောင်းထိုးပြခဲ့သည်။ ICOE ၏ အစီရင်ခံစာပါ အကြံပြုချက်များနှင့်အညီ နိုင်ငံတော်သမ္မတသည် နောက်ထပ် စုံစမ်းစစ်ဆေးမှုများနှင့် အရေးယူမှုများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုရှေ့နေချုပ်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ထံသို့ နောက်ဆက်တွဲများနှင့်အတူ အစီရင်ခံစာ အပြည့်အစုံအား ပေးပို့ထားကြောင်း ဆက်လက်ပြောကြားခဲ့သည်။
အလေးအနက်ပြောကြားခဲ့
ထို့နောက် ဗီယင်နာကြေညာချက်နှင့် လုပ်ဆောင်ချက် အစီအစဉ်တို့ကို အတည်ပြုခဲ့မှုအား ပြန်ပြောင်း အမှတ်ရလျက် အမြဲတမ်းကိုယ်စားလှယ်က ပြည်တွင်း၌ ဆောင်ရွက်နိုင်သည့် နည်းလမ်းများ ရှိနေသေးသည့်အလျောက် မည်သည့်နိုင်ငံတကာတရားရေး (သို့မဟုတ်) ဥပဒေအဖွဲ့တို့၏ ကြိုးပမ်းမှုမဆို လက်မခံကြောင်း အလေးအနက်ပြောကြားခဲ့သည်။
ဆက်လက်၍ အမြဲတမ်းကိုယ်စားလှယ်က ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် နားလည်မှုရှိစွာဖြင့် အသိုက်အဝန်းအားလုံး ပါဝင်လာရေးအတွက် အစိုးရ၏ အစွမ်းကုန် ကြိုးပမ်းနေမှုများကို အသိပေးခဲ့ပြီး၊ “OHCHR ၏ အစီရင်ခံစာများနှင့် ထုတ်ပြန်ချက်များ၊ ကောင်စီ၏ ချဉ်းကပ်မှု နည်းလမ်းများသည် မိမိတို့၏ စည်းစည်းလုံးလုံးဖြင့် သဟဇာတရှိစွာ နေထိုင်နိုင်ရန် ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းနေမှုများအပေါ် အထောက်အကူ ဖြစ်စေသင့်ကြောင်းနှင့် နိုင်ငံတော် စည်းလုံးညီညွတ်မှုပျက်ပြားပြီး အသိုက်အဝန်းများအကြား အမုန်းတရားဖြစ်စေသည့် နည်းလမ်းမျိုး မဖြစ်သင့်ကြောင်း” ပြောကြားရင်း၊ နိုင်ငံတကာ အသိုက်အဝန်းအား အပြုသဘောဆောင်သည့် နည်းလမ်းဖြင့် မြန်မာနိုင်ငံနှင့် လက်တွဲပါဝင်ကြရန် တိုက်တွန်းခဲ့သည်။
အခိုင်အမာဆုံးဖြတ်ထား
အမြဲတမ်းကိုယ်စားလှယ်က ကုလသမဂ္ဂ၏ များစွာသော ယန္တရားများဖြင့် အထူးစစ်ဆေးမှုအောက်တွင် မျှတမှုမရှိ ပစ်မှတ်ထားခြင်းသည် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး မိမိတို့၏ ကြိုးပမ်းမှုများအပေါ် အပြုသဘော အထောက်အကူမဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ နိဂုံးချုပ်ပြောကြားရာတွင် “ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုဟူသည့် မိမိတို့၏ ရည်မှန်းချက် ပန်းတိုင်သို့ရောက်ရှိရေးအတွက် မည်သည့်စိန်ခေါ်မှုမျိုးမဆို ရင်ဆိုင်ကျော်လွှားသွားရန် အခိုင်အမာ ဆုံးဖြတ်ထားကြောင်း” ပြောကြားခဲ့သည်။
သတင်းစဉ်