မြစ်ကြီးနား ဖေဖော်ဝါရီ ၂၉
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာ ဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်၊ ရာဒါကောင်းဘီနယ်မြေအတွင်း လူထုတွေ့ဆုံပွဲနှင့် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသည့် ကတ္တရာလမ်းသစ်ကို ယနေ့ နံနက်ပိုင်းတွင် ဖွင့်လှစ် ပေးခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် တပ်ကုန်းရပ်ကွက်(ရာဒါကောင်း-ဘီ) နယ်မြေ အတွင်း ရှိ ခရစ်တော်၏ အသင်းတော်ဘုရားကျောင်း၌ အသင်းတော်သိက္ခာတော်ရဆရာများ၊ အသင်းတော် တာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူများနှင့် တွေ့ဆုံပြီး သိက္ခာတော်ရဆရာများက ပြည်နယ် အစိုးရအဖွဲ့ အတွက် အထူးဆုတောင်း ဆက်ကပ်အပ်နှံပေးခြင်းနှင့် လိုအပ်ချက်များကို တင်ပြကြကာ ပြည်နယ် ဝန်ကြီးချုပ်အား ကချင်ရိုးရာပလိုင်းဖြင့် ဂါဝရပြုပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ် အသင်းတော် အတွက် အလှူငွေကျပ် (၁၀)သိန်းကို ပေးအပ်လှူဒါန်းခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြော ကြားခဲ့ သည်။
ယင်းနောက် ရပ်ကွက်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့သည့် ကွန်ကရစ်တံတား (၂)စင်းနှင့် ရေပြွန် (၃)စင်းပါဝင်သည့် ဆွတ်ဂျတ်လမ်း ပေ(၃၇၇၀) ကတ္တရာ လမ်းသစ်ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ရပ်မိရပ်ဖ ဦးခင်ချောင်ဖုန်ရမ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြ ခဲ့ပြီး လမ်းသစ်ဆောင်ရွက်ထားမှုကို ကြည့်ရှုခဲ့ကြသည်။
လမ်းဖွင့်ပွဲအခမ်းအနားကို အခြေခံပညာမူလတန်းကျောင်း(ရာဒါကောင်း)၌ ဆက်လက်ကျင်းပရာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဘောက်နော်က ကျေးဇူးတင်စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်အား ရပ်ကွက်နေပြည်သူများက ကချင်ရိုးရာပလိုင်းဖြင့် ဂါဝရပြုပေးအပ်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်သူ့အစိုးရဖြစ်သည်နှင့်အညီ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရိုင်(၄)ခုလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုလိုဆောင်ရွက်ပေးသည့် နေရာတွင်လည်း ပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်ခဲ့ပါကြောင်း၊ သို့သော်လည်း လိုအပ်ချက်များစွာ၊ လုပ်ငန်းများစွာ ကျန်ရှိနေမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ဘတ်ဂျတ်ရရှိမှုအပေါ် မူတည်ပြီး ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ အလေအလွင့် နည်းနိုင်သမျှနည်းအောင် အကောင်အထည်ဖော်ဆောင်ရွက်ပေး ခဲ့ပါကြောင်း၊ ဒါ့အပြင် ကချင်ပြည်နယ်အတွင်း One State One Township အဖြစ် မြစ်ကြီးနားမြို့ကို သန့်ရှင်းသာယာသော မြို့အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်နေရာတွင် ပြည်သူများ အားလုံးက ဝိုင်းဝန်းပူးပေါင်းပါဝင်ပေးကြရန်လိုကြောင်း တိုက်တွန်းမှာကြားခဲ့သည်။
ပြည်နယ် ပြန်/ဆက်