Skip to main content

မြန်မာမိန်းကလေးတစ်ဦး၏ ဘဝအခက်အခဲတွေကို ဖော်ညွှန်းထားသော “ ကျွန်မ မလိုချင်သော ကျွန်မဘဝ” ကာတွန်းရုပ်ရှင် ပြသမည်

ရန်ကုန် မတ် ၄

မတ်လ ၆ ရက်နေ့ ညနေ ၆:၃၀ နာရီအချိန်တွင် ရန်ကုန်မြို့ JCGV ကန်သာယာစင်တာ ရုပ်ရှင်ရုံ ၌ “ ကျွန်မတို့လိုချင်သော ဘဝများဆီသို့” Campaign ဖွင့်ပွဲနှင့်အတူ “ကျွန်မ မလိုချင်သော ကျွန်မဘဝ” ကာတွန်းရုပ်ရှင် ပြသမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်မ မလိုချင်သော ကျွန်မ ဘဝ” ကာတွန်းရုပ်ရှင်တိုသည် မြန်မာမိန်းကလေးတစ်ဦး၏ ဘဝအကြောင်းကို မျက်မှောက် ကာလ အမှန်တကယ် ဖြစ်ပျက်နေမှုတွေအပေါ် အခြေခံပြီး ဖန်တီးထာတဲ့ (၁၁) မိနစ်စာ ကာတွန်းရုပ်ရှင်တိုဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် စတင်ထွက်ရှိခဲ့ပြီး ဒါရိုက်တာ ဉာဏ်ကျယ်စေမှ ဦးဆောင်ဖန်တီးထားသည်။

အဆိုပါ ကာတွန်းရုပ်ရှင်တိုသည် မြန်မာမိန်းကလေးတစ်ယောက်၏ မွေးဖွားလာချိန်မှ အရွယ် ရောက်ချိန်အထိ တွေ့ကြုံခံစားရသော အခက်အခဲများ၊ ဆင်းရဲမွဲတေမှုများ၊ မိဘ၏ စောင့်ရှောက်မှု မရခြင်းများ၊ ပညာရေးအခက်အခဲများ၊ လိင်အကြမ်းဖက် အမြတ်ထုတ်မှုများနှင့် လူကုန်ကူးမှုများကြောင့် မလိုအပ်ဘဲ ကိုယ်ဝန်ရရှိမှုစတဲ့ အမျိုးသမီးများ၏ အခက်အခဲများကို ရသမြောက်စွာ မီးမောင်းထိုးဖော်ပြထားသော ကာတွန်းရုပ်ရှင်တစ်ခု ဖြစ်ကြောင်း သိရသည်။

“ကျွန်မ မလိုချင်သော ကျွန်မဘဝ” ကာတွန်းရုပ်ရှင်တိုသည် နိုင်ငံတကာရုပ်ရှင်ပွဲတော် (၁၄၀) ကျော်မှာ ပြသခဲ့ပြီး ဆုပေါင်း (၃၉)ဆုကျော် ရရှိခဲ့သည်။ စပိန်နိုင်ငံ၏ ကမ္ဘာကျော် Animayo Animation Festival တွင် Best Social Awareness Award ဆုကို ဆွတ်ခူးရရှိခဲ့ပြီး သြစတေးလျနိုင်ငံ၏ Flickerfest ရုပ်ရှင်ပွဲတော်၊ ရိုမေးနီးယားနိုင်ငံ၏ Ainmest ရုပ်ရှင်ပွဲတော်၊ ဘရာဇီးနိုင်ငံ၏ Anima Mundi ရုပ်ရှင်ပွဲတော်၊ ဂျပန်နိုင်ငံ၏ နာမည်ကြီး ကာတွန်းရုပ်ရှင် ပွဲတော်တစ်ခုဖြစ်သော Tokyo Anime Award Film Festival များတွင်လည်း ပါဝင်ပြသခဲ့သည်။

“ဒီရုပ်ရှင်ကားလေးဟာ ကျားမတန်းတူညီမျှရေးနဲ့ပတ်သက်ပြီး လူအများသိမြင်နိုးကြားလာစေ တာနဲ့အမျှ မြန်မာနိုင်ငံမှာရှိတဲ့ အကူအညီလိုအပ်နေတဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို ကူညီနိုင် ဖို့အတွက် “ ကျွန်မတို့လိုချင်သော ဘဝများဆီသို့” Campaign ရန်ပုံငွေမြှင့်တင်ပွဲကို ပရိသတ်များကို မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်၊ Campaign ဖြစ်မြောက်ရေးအတွက် ကျွန်တော် ဉာဏ်ကျယ်စေ၊ Domino၊ Gender Equality Network (GEN)၊ Business Coalition of Gender Equality (BCGE) တို့ကပူးပေါင်းစီစဉ်မှာဖြစ်ပြီး KBZ Pay pH Care JCGV Junction Square 7Day TV Pencell Studio တို့ကကူညီထောက်ပံ့ပေးထားပါတယ်” ဟု ဒါရိုက်တာ ဉာဏ်ကျယ်စေမှပြောသည်။

“ကျွန်မ မလိုချင်သော ကျွန်မဘဝ” ကာတွန်းရုပ်ရှင်တိုကို ၂၀၂၀ ပြည့်နှစ် မတ်လ (၆) ရက်နေ့ မှ စ၍ လူအများ အလွယ်တကူကြည့်ရှုနိုင်ရန် “My Life Don’t Want” Facebook Page မှာ အခမဲ့ပြသပေး သွားမည်ဖြစ်ကြောင်းသိရသည်။

ခင်သူဇာမင်း(FDC)