Skip to main content

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၀) ရက် မြောက်နေ့ကျင်းပ

နေပြည်တော် မတ် ၁၁

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၀) ရက် မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ တက်ရောက်ခွင့်ရှိသူ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၆၅၄ ဦးရှိသည့်အနက် ၆၃၅ ဦး တက်ရောက်ပြီး ၁၉ ဦး ခွင့်တိုင်ကြားသည်။

အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ မူကြမ်းများပါ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပုဒ်မခွဲ(က)တွင် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ ၁၅ ခုကို စုစည်းထားသည့် ဆန္ဒမဲလက်မှတ်(၂)နှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ်ကို ဆောင်ရွက်သည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က ယနေ့ဆောင်ရွက်မည့် ဆန္ဒမဲလက်မှတ်(၂)နှင့် စပ်လျဉ်း၍ ထူးခြားမှုတစ်ခုအနေဖြင့် အမှတ်စဉ် (၁) တွင်ပါရှိသည့် ပုဒ်မ ၅၉ ပုဒ်မခွဲ (ဂ)တွင် ပြင်ဆင်ချက်နှစ်ခု ပါရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြင်ဆင်ချက် နှစ်ခုလုံးကို ဆန္ဒပြုရမည် ဖြစ်ပါကြောင်း၊ ပြင်ဆင်ချက်နှစ်ခုလုံးသည် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲ ရရှိပါက ထောက်ခံဆန္ဒမဲ ပိုများသည့် ပြင်ဆင်ချက်ကို အတည်ပြု မည်ဖြစ်ပါကြောင်း အသိပေးပြောကြားသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက အတည်ပြုမည့် ဆန္ဒမဲလက်မှတ်များကို ရေတွက်အပ်နှံသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ညွှန်ကြားရေးမှူးချုပ် ယူဆောင်လာသည့် ဆန္ဒမဲလက်မှတ် အရေအတွက် ၆၇၀ ဖြစ်ပါကြောင်း၊ ယနေ့တက်ရောက်သည့် ကိုယ်စားလှယ် ၆၃၅ ဦးဖြစ်သည့်အတွက် အပိုဆန္ဒမဲလက်မှတ် ၃၅ စောင်ကို မိမိထံတွင် ထားရှိမည် ဖြစ်ပါ ကြောင်း ပြောကြားသည်။

ဆက်လက်၍ သက်ဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းအဖွဲ့ (၄) ဖွဲ့တို့က တာဝန်ပေးထားသည့် အကန့်အလိုက် နေရာယူကြသည်။

ထို့နောက် ဆန္ဒမဲလက်မှတ်များကို သက်ဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က ညွှန်ကြားရေးမှူးချုပ်ထံမှ လာရောက်ထုတ်ယူပြီး အကန့်အလိုက် တာဝန်ပေးထားသည့် ဝန်ထမ်းအဖွဲ့(၄)ဖွဲ့ထံသို့ အစည်းအဝေး တက်ရောက်မှု အင်အားအတိုင်း ခွဲဝေပေးသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက သတ်မှတ်နေရာတွင် လျှို့ဝှက်ဆန္ဒပြုခြင်း နည်းလမ်းဖြင့် ဆန္ဒမဲပေးကြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က သတ်မှတ်နေရာတွင် လျှို့ဝှက်ဆန္ဒပြုခြင်း နည်းလမ်းဖြင့် ဆန္ဒမဲပေးသည်။

ဆက်လက်၍ ဆန္ဒမဲပေးမှု ပြီးမြောက်ပြီးနောက် သက်ဆိုင်ရာ တာဝန်ခံများက ဆန္ဒမဲပုံးများကို လွှတ်တော်ကိုယ်စားလှယ်များ၏ ရှေ့မှောက်တွင် ဖွင့်လှစ်၍ ထုတ်ပေးထားသည့် ဆန္ဒမဲ လက်မှတ် အရေအတွက်နှင့် ဆန္ဒမဲပုံးအတွင်းမှ ထုတ်ယူရရှိသည့် ဆန္ဒမဲ လက်မှတ် အရေအတွက်ကို စစ်ဆေးရေတွက်သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက လွှတ်တော်ကိုယ်စားလှယ်များထံ ထုတ်ပေးထားသည့် ဆန္ဒမဲလက်မှတ် ၆၃၅ စောင်ဖြစ်ပြီး ယခုဆန္ဒမဲပုံးထဲမှ ထုတ်ယူရရှိသည့် ဆန္ဒမဲလက်မှတ် အရေအတွက်သည်လည်း ၆၃၅ စောင်ဖြစ်သည့်အတွက် ကိုက်ညီမှုရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဆန္ဒမဲပေးပွဲ အထမြောက်ကြောင်း ကြေညာသည်။

ယင်းနောက် ပုဒ်မ၊ ပုဒ်မခွဲအလိုက် ရလဒ်ရေတွက်မှုကို ဝန်ထမ်းအဖွဲ့ (၈)ဖွဲ့ဖြင့် သတ်မှတ်နေရာ အသီးသီး၌ တစ်ပြိုင်တည်း ရေတွက်ကြရာ  နိုင်ငံရေးပါတီအစုအဖွဲ့ အလိုက် အမည်စာရင်း ပေးထား သည့် လွှတ်တော်ကိုယ်စားလှယ်များက သတ်မှတ်နေရာများ၌ ကြီးကြပ် စောင့်ကြည့် ကြသည်။

ဆက်လက်၍ အဖွဲ့(၈)ဖွဲ့ခွဲ၍ အသေးစိတ်စိစစ်ရေတွက်မှု ပြီးမြောက်ပြီးနောက် သက်ဆိုင်ရာ ရုံးအဖွဲ့နှင့် နိုင်ငံရေးပါတီ အစုအဖွဲ့အလိုက် ကိုယ်စားလှယ် (၅) ဦးပါဝင်သည့် အဖွဲ့က ကြီးကြပ်ပြီး စာရင်းချုပ်နှင့် ထောက်ခံဆန္ဒမဲ အရေအတွက် ရာခိုင်နှုန်း တွက်ချက်မှုတို့ကို ဆက်လက်ဆောင်ရွက်သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ယနေ့လွှတ်တော်၏ အဆုံးအဖြတ် ရယူသည့် ဥပဒေမူကြမ်းပြင်ဆင်ချက် ပုဒ်မ၊ ပုဒ်မခွဲအလိုက် ထောက်ခံဆန္ဒမဲရရှိမှု အရေအတွက် ၇၅ ရာခိုင်နှုန်းကျော် ရ၊ မရနှင့် လွှတ်တော်၏ ဆုံးဖြတ်ချက်တို့ကို အတည်ပြု ကြေညာရာတွင် ပုဒ်မ ၅၉ ပုဒ်မခွဲ(ဂ) ပြင်ဆင်မှုတွင် ဦးစိုင်းသန်းနိုင် တင် သွင်းသည့် ပြင်ဆင်ချက်အတွက် ထောက်ခံ ဆန္ဒမဲ ၂၁၄ မဲ ဖြစ်ပါကြောင်း၊ ပုဒ်မ ၅၉ ပုဒ်မခွဲ (ဂ) ပြင်ဆင်မှုတွင် ဦးထွန်းအောင် (ခေါ်) ဦးထွန်းထွန်းဟိန် တင်သွင်းသည့် ပြင်ဆင်ချက်အတွက် ထောက်ခံဆန္ဒမဲ ၄၁၅ မဲဖြစ်ပါကြောင်း၊ ပြင်ဆင်ချက် နှစ်ခုလုံး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတိုင်း ဖြစ်ပါကြောင်း၊ ပုဒ်မ ၅၉ ပုဒ်မခွဲ (ဃ) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၅ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော် သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၅၉ ပုဒ်မခွဲ(စ) ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ ၃၉၃ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၁၀၉ ပုဒ်မခွဲ(ခ) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၂ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလ အတိုင်း ဖြစ်ပါကြောင်း၊ ပုဒ်မ ၁၄၁ ပုဒ်မခွဲ(ခ) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ  ၄၁၂ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း။

ပုဒ်မ ၁၆၁ ပုဒ်မခွဲ(ဃ) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၄ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၂၀၁ ၏ အစုခေါင်းစဉ် ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၂၁၃ မဲဖြစ်ပြီး ထောက်ခံဆန္ဒ မဲ ၇၅ ရာခိုင်နှုန်း မကျော်သည့် အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၂၀၁ ပုဒ်မခွဲ (ဆ - ၁) အသစ်ဖြည့်စွက်မှုအတွက် ထောက်ခံ ဆန္ဒမဲ ၄၁၁ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလ အတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၂၀၁ ပုဒ်မခွဲ (ဆ - ၂) အသစ်ဖြည့် စွက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၁ မဲဖြစ်ပြီး ထောက်ခံ ဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော် သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၂၀၁ ပုဒ်မခွဲ(ဋ) ပယ် ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၀၉ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း။

ပုဒ်မ ၂၀၁ - က အသစ်ဖြည့်စွက်မှုအတွက် ထောက်ခံဆန္ဒမဲ ၂၁၆ မဲဖြစ်ပြီး ထောက်ခံ ဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၂၄၈ ပုဒ်မခွဲ(ဂ) ခြေဆင်း ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၂၂၆ မဲဖြစ်ပြီးထောက်ခံ ဆန္ဒမဲ ၇၅ရာခိုင်နှုန်း မကျော်သည့် အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၂၉၄ ပြင် ဆင်မှု အတွက် ထောက်ခံဆန္ဒမဲ ၄၁၃ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော် သည့် အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၄၁၀ ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒ မဲ ၄၀၈ မဲဖြစ်ပြီးထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့် အတွက် မူလအတိုင်း ဖြစ်ပါကြောင်း၊ ပုဒ်မ ၄၁၁ ပုဒ်မခွဲ (ခ) ၏ နောက်တွင် ပုဒ်မခွဲ(ဂ) အသစ်ဖြည့်စွက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၀ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့် အတွက် မူလအတိုင်းဖြစ်ပါကြောင်း ကြေညာသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပုဒ်မခွဲ(က)တွင် အကျုံးဝင် သည့် ဆန္ဒမဲလက်မှတ်(၂)နှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ်ပြီးဆုံးပြီ ဖြစ်ပါကြောင်း၊ ဆက်လက်၍ ဆန္ဒမဲလက်မှတ် (၃) နှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းကို ၂၀၂၀ ပြည့်နှစ် မတ် ၁၂ ရက် ကြာသပတေးနေ့တွင် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၁) ရက် မြောက်နေ့ကို မတ် ၁၂ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊ အေးအေးသန့်

ဓာတ်ပုံ - ထန်းဖုန်