Skip to main content

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၈) ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် မတ် ၂၄

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၈) ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA) ထံမှ ချေးငွေအမေရိကန်ဒေါ်လာ သန်း ၁၀၀ နှင့် ထောက်ပံ့ငွေ ဒေါ်လာ ၁ဝသန်း ရယူနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။

ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က မရှိမဖြစ်လိုအပ်သည့် ကျန်းမာရေး ဝန်ဆောင်မှုလက်လှမ်းမီ စီမံချက် IDA-17 ဖြင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများကို ကမ္ဘာ့ဘဏ်က သတ်မှတ်ထားသည့် ငွေကြေး ထောက်ပံ့ရေး ဆက်စပ် အညွှန်းကိန်း (၇)ခုဖြင့် တိုင်းတာခဲ့ရာ နှစ်စဉ်သတ်မှတ်ချက် ပြည့်မီစွာဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း၊ ထို့ကြောင့် ကမ္ဘာ့ဘဏ်မှ IDA – 18 ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀နှင့် ထောက်ပံ့ငွေ ဒေါ်လာ ၁ဝသန်းအား ထပ်ဆောင်း ငွေအဖြစ် စီမံချက်လုပ်ငန်းများ အရှိန်အဟုန် မပျက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ထပ်မံထောက်ပံ့ ပေးခြင်းဖြစ်ပါကြောင်း၊ ယင်းထောက်ပံ့ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနတွင် ကမ္ဘာ့ဘဏ် ထပ်တိုးရန်ပုံငွေ ဆောင်ရွက် မည့်လုပ်ငန်းများ စီမံကြီးကြပ်ရေး အဖွဲ့ကို ဖွဲ့စည်းထားရှိခဲ့ပါကြောင်း၊ စီမံချက်ဒေသများ ရွေးချယ်ရာတွင် တိကျခိုင်မာသည့် သတင်းအချက် အလက်ကိုအခြေခံ၍ အမှန်တကယ် လိုအပ်သော မြို့နယ်များကို ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားသည်။

ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ချေးငွေရယူမည့် ကိစ္စကို လွှတ်တော်က အတည်ပြုပြီးသည့် အခါတွင် ဝန်ကြီးဌာနအနေဖြင့် ချေးငွေစာချုပ် ချုပ်ဆိုရန် ညှိနှိုင်းခြင်းနှင့် ချေးငွေစာချုပ် လက်မှတ်ရေးထိုးခြင်း၊ စာချုပ်အသက်ဝင်ရန် ဆောင်ရွက်ခြင်း၊ ချေးငွေထုတ်ယူသုံးစွဲမှု ရရှိစေရန် ဆောင်ရွက်ပေးခြင်း စသည့် လုပ်ငန်းစဉ်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောလျင်စွာ ပြီးစီးအောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါ ကြောင်း၊ စီမံကိန်းအကောင်အထည်ဖော်နိုင်မှု အခြေအနေကိုလည်း စောင့်ကြည့် ကြပ်မတ်သွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အဓိကလိုအပ်သည့် ကျန်းမာရေး ဝန်ဆောင်မှုများ လက်လှမ်းမီရရှိရေး စီမံချက်ကို အရှိန်အဟုန်မပျက်ဆက်လက် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် IDA–18 ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ထပ်မံရယူမည့် ကိစ္စအပေါ် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူပေးနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က အဆိုပါ ချေးငွေအမေရိကန်ဒေါ်လာ သန်း၁၀၀ နှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းကို စက်ခလုတ်အသုံးပြု၍ ဆန္ဒပြုသည့်နည်းလမ်းဖြင့် ဆောင်ရွက်ရာ ထောက်ခံ မဲ ၅၅၁၊ ကန့်ကွက်မဲ ၁ မဲ နှင့် ကြားနေမဲ ၁ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲများသဖြင့် လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ကြေညာသည်။

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအတွက် ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံမှ ဂျပန်ယန်း ၇ ဒသမ ၃၃၉ ဘီလီယံ ချေးငွေရယူနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ် တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း က မြန်မာနိုင်ငံ၏ ကုန်ထုတ် လုပ်မှုနှင့် စီးပွားရေး အခြေအနေများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လျှပ်စစ်စွမ်း အား ပိုမိုထုတ်လုပ်ရန် လိုအပ်လျက် ရှိပါကြောင်း၊ လျှပ်စစ်စွမ်းအင် တိုးတက်အသုံးပြုလာနိုင်ခြင်းဖြင့် မြို့ပြနှင့် ကျေးလက်ဒေသများ၏ ဖွံ့ဖြိုးရေး ကွာဟမှုကို လျော့နည်းစေမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါစက်မှုဇုံအတွင်း လျှပ်စစ် လိုအပ်ချက်ကို ဖြည့်တင်းရန်အတွက် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီထံမှ ဂျပန်ယန်း ၇ ဒသမ ၃၃၉ ဘီလီယံ ချေးငွေရယူရေးကိစ္စကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။

ဆိပ်ဖြူမဲဆန္ဒနယ်မှ ဦးအောင်သိုက် က ချေးငွေကို တာဝန်ခံဝန်ကြီးဌာနအနေ ဖြင့် မိမိကိုယ်ပိုင်ငွေကို သုံးစွဲသကဲ့သို့ ခြိုးခြံချွေတာ၍ စနစ်တကျသတ်မှတ်ထားသော  စီမံကိန်းအကောင်အထည်ဖော်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ သုံးစွဲရန် လိုအပ်ပြီး အဆင့်ဆင့်စစ်ဆေးမှုများလည်း အမြဲမပြတ် ဆောင်ရွက်နေရမည် ဖြစ်ပါကြောင်း၊ သို့မှသာ စီမံကိန်းရည်မှန်းချက် အောင်မြင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်  နိုင်ငံတော်အတွက် အဘက်ဘက်မှ တိုးတက်လာစေရန် အားလုံးပူးပေါင်း ဆောင်ရွက်ကြစေလိုပြီး ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီထံမှ ဂျပန်ယန်းငွေ ၇ ဒသမ ၃၃၉  ဘီလီယံချေးယူခြင်းကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆိပ်ကမ်းမဲဆန္ဒနယ်မှ ဦးတင်မောင်ဝင်း၊ လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချို၊ အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို၊ ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒ နယ်အမှတ်(၄)မှ ဦးသန်းစိုး (ခေါ်) သန်းစိုး (ဘောဂဗေဒ)၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့် နှင့် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်း တို့က ဆက်လက်ဆွေးနွေးကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA) ထံမှ အမေရိကန်ဒေါ်လာသန်း ၃၅၀ ချေးငွေရယူနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချိုက ချေးငွေများကို သုံးစွဲရာတွင် စာချုပ် စည်းကမ်းများနှင့်အညီ ထိထိရောက်ရောက်သုံးစွဲရန် လိုအပ်ပါကြောင်း၊ ချေးငွေနှင့် သုံးစွဲသည့် အသုံးစရိတ်များ ပိုလျှံငွေ ပြန်အပ်ရသည့်ကိစ္စ မဖြစ်စေရေးအတွက် ကြိုတင် ဆောင်ရွက်ထားရန် လိုအပ်ပြီး Work Plan အတိုင်းပြီးမြောက်အောင် ဆောင်ရွက်ရန် လည်း လိုအပ်ပါကြောင်း၊  ထို့ပြင် ချေးငွေသက်တမ်းအတွင်း Work Plan နှင့်အညီ ချေးငွေအပြည့်အဝ ထုတ်ယူနိုင်ရန်အတွက် စီစဉ်ထားရှိရန်နှင့် သတ်မှတ်ပြန်ဆပ် ကာလ အတွင်းအတိုး၊ အရင်းများကိုလည်း အနီးစပ်ဆုံး နိုင်ငံခြားငွေဈေးနှုန်းနှင့် တွက်ချက် လျာထားကြရန် လိုအပ်ပါကြောင်း အကြံပြုဆွေးနွေးသည်။

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့် က ကမ္ဘာ့ဘဏ် ချေးငွေသည် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေ၊ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှု ဥပဒေ ၊ ၂၀၁၈ ခုနှစ်ကာလလတ် ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ မူဝါဒများနှင့် ကိုက်ညီသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ၂၀၁၈ - ၂၀၃၀ ၏ မဟာဗျူဟာ ၅ ဒသမ ၄ နှင့် ၅ ဒသမ ၅ action plan များနှင့်လည်း ကိုက်ညီမှု ရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ကမ္ဘာ့ဘဏ်၏ IDA – 18 အစီအစဉ်ထံမှ ချေးငွေ အမေရိကန်ဒေါ်လာသန်း ၃၅၀ ရယူနိုင်ရေး ဆောင်ရွက်ချက်ကို ကြိုဆို ထောက်ခံပါကြောင်း ဆွေးနွေးသည်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆိပ်ကမ်းမဲဆန္ဒနယ်မှ ဦးတင်မောင်ဝင်း၊ အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချို၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဦးသန်းစိုး (ခေါ်) သန်းစိုး(ဘောဂဗေဒ)၊ ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီး နှင့် ဧရာဝတီ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅) မှ ဦးမောင်မောင်အုန်းတို့က ဆက်လက်ဆွေးနွေးကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာနအတွက် ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ထံမှ ဂျပန်ယန်း ၄၀ ဒသမ ၆၀၄ ဘီလီယံ ချေးငွေရယူနိုင်ရေးကိစ္စ နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါက်တာမြသောင်း က နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီမှ ရန်ကုန် - မန္တလေး ရထားလမ်းပိုင်းပြုပြင်အဆင့်မြှင့်တင် ရန်အတွက် ဂျပန်ယန်းငွေ ၄၀ ဒသမ ၆၀၄ ဘီလီယံချေးငွေ အတွက် ထောက်ခံပါကြောင်း၊ အကြံပြုလိုသည်မှာ ချေးငွေများကို အလေအလွင့်မရှိ စနစ်တကျ သုံးစွဲမည်ဟု ယုံကြည်ပါကြောင်း၊ မတော်တဆ ထိခိုက်မှုများ မရှိစေရေး၊ ခရီးသွားပြည်သူများ စိတ်ချမ်းသာစွာဖြင့် သွားလာနိုင်ရန်နှင့် လက်မှတ်မှောင်ခိုကိစ္စရပ်များ ပပျောက်စေရန် ဆောင်ရွက်နိုင်မည်ဟုလည်း ယုံကြည်ပါကြောင်း၊ ထို့ပြင်နိုင်ငံတကာ အဆင့်မီရထားများ မကြာသောကာလတွင် မိမိတို့နိုင်ငံ၌ ပြေးဆွဲနိုင်မည်ဟု ယုံကြည်သည့်အတွက် JICA ချေးငွေရရှိရေး ကိစ္စကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။

လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချိုက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ရထားပို့ဆောင်ရေး လုပ်ငန်း ရန်ကုန် - မန္တလေး ရထားလုပ်ငန်း အဆင့်မြှင်တင်ရန် JICA မှ ချေးယူမည့်ကိစ္စကို အကြံပြုလိုပါကြောင်း၊ ယခုစီမံကိန်းသည် အရှုံးဖြစ်ပေါ်နေသည့် မြန်မာ့မီးရထားလုပ်ငန်းအတွက် ဝင်ငွေတိုးလာနိုင်အောင် ဆောင်ရွက်နိုင်မည် ဖြစ်သကဲ့သို့ ခရီးသွားပြည်သူများအတွက် ကောင်းကျိုးများစွာ ရရှိနိုင်မည် ဖြစ်သည့်အတွက် ထောက်ခံပါကြောင်း၊ ထို့ပြင် မြန်မာ့မီးရထားလုပ်ငန်း ဝင်ငွေတိုးလာစေရန်အတွက် ရထားတွဲများ၊ ရထားလမ်းများ အဆင့်မြှင့်တင်ပေးလိုက်သည်နှင့်အညီ ခရီးသွားပြည်သူ များ ပိုမို အားကိုးပြီး ပိုမိုသုံးစွဲနိုင်ရန်မှာ အဓိကကျပါကြောင်း။

ထို့ပြင် သယ်ယူပို့ဆောင်ရသည့် ကုန်စည်များကိုလည်း ပျက်စီးလေလွင့်မှု မရှိစနစ်တကျ ထိန်းသိမ်း၍ လိုရာနေရာသို့ အဆင်ပြေ လွယ်ကူစွာ ရောက်ရှိနိုင်စေရန် ဆောင်ရွက်ပေးနိုင်မည်ဆိုပါက အရှုံးဖြစ် ပေါ်နေသည့် မြန်မာ့မီးရထားလုပ်ငန်းသည် အမြတ်ရလာနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံခြားငွေ စီမံကိန်းများနှင့် ပတ်သက်၍ ယခင် ချေးငွေများတွင် အကြံပြုခဲ့သလို စာချုပ် စည်းကမ်းများ၊ ဘဏ္ဍာရေးစည်းမျဉ်းများ နှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ရန် အကြံပြုလိုပါကြောင်း ဆွေးနွေးသည်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆိပ်ကမ်းမဲဆန္ဒနယ်မှ ဦးတင်မောင်ဝင်း၊ ကယားပြည် နယ်မဲဆန္ဒနယ် အမှတ်(၉)မှ ဦးစိုးသိန်း၊ အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို၊ ကျိုက်လတ်မဲဆန္ဒနယ်မှ ဦးရန်လင်း၊ ပုလောမဲဆန္ဒနယ်မှ ဦးအုန်းခင်နှင့် ဖောင်းပြင် မဲဆန္ဒနယ်မှ ဦးထွန်းဝေတို့က ဆက်လက် ဆွေးနွေးကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန အတွက် ကိုရီးယားသမ္မတနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ (EDCF) ထံမှ အမေရိကန်ဒေါ်လာ ၁၂၅ သန်းချေးငွေ ရယူနိုင်ရေး ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

အင်းတော် မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ပြုံး က မြန်မာ့မီးရထားချေးငွေနှင့် ပတ်သက်၍ ထောက်ခံပါကြောင်း၊ စီမံကိန်းမှာ မန္တလေး မြစ်ကြီးနားလမ်းပိုင်းရှိ ဂျိုး ထောင် - မဲဇာ နှင့် မော်ဟန် - ကာဒူ လမ်းပိုင်းများကို အဆင့်မြှင့်တင်မည့်စီမံကိန်း ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ရထားလမ်းများ အဆင့်မြှင့်ပြီး အချိန်တိုနှင့် ပို့ဆောင်ပေး မည်ဆိုပါက ကုန်ဈေးနှုန်းတည်ငြိမ်ခြင်း၊ ဆင်းရဲနွမ်းပါးမှု လျော့ချခြင်းနှင့် အလုပ်အကိုင် ဖန်တီးခြင်းတို့ကို ဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် ကုန်ရထားများကို ပိုမိုပြေး ဆွဲ ရန် စီစဉ်သင့်ပါကြောင်း ဆွေးနွေးသည်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆိပ်ကမ်း မဲဆန္ဒနယ်မှ ဦးတင်မောင်ဝင်း၊ ကယား ပြည်နယ်မဲဆန္ဒနယ် အမှတ်(၉)မှ ဦးစိုးသိန်း၊ ကသာ မဲဆန္ဒနယ်မှ ဦးမြင့်ကြည်၊ ဝန်းသိုမဲဆန္ဒနယ်မှ ဦးနေစိုးအောင်၊ ကောလင်း မဲဆန္ဒ နယ်မှ ဦးမျိုးဇော်အောင်နှင့် ချောက် မဲဆန္ဒနယ်မှ ဦးဘိုကြီးတို့က ဆက်လက်ဆွေးနွေး ကြသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၉) ရက်မြောက်နေ့ကို မတ် ၂၆ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊ အေးအေးသန့်