Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၃)ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၃၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၃)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး တက်ရောက်ကြပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအနေဖြင့် ကျန်းမာရေးအခြေအနေအရ အစည်းအဝေးမတက်ရောက်နိုင်ကြောင်း ခွင့်ပန်ကြားခဲ့သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုများနှင့် အဆိုပါမဲမသမာမှုများကို တာဝန်ရှိသူများက ဖြေရှင်းပေးခဲ့ခြင်းမရှိဘဲ နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့်ရယူရန် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကြောင့် နိုင်ငံတော်တစ်ဝန်းလုံးကို အရေးပေါ်အခြေအနေကြေညာခဲ့ရသည်အထိ ဖြစ်ပွားခဲ့သည့်အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်းပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်ဖွဲ့စည်း၍ မဲစာရင်းစစ်ဆေးခဲ့မှုနှင့် စစ်ဆေးတွေ့ရှိမှုအခြေအနေများ၊ မဲမသမာမှုတွင် တာဝန်ရှိသူများကို အရေးယူဆောင်ရွက်ခဲ့မှုအခြေအနေများ၊ NLD ပါတီဥက္ကဋ္ဌနှင့် သမ္မတဟောင်းတို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် တိုက်ရိုက်နှင့်သွယ်ဝိုက်ဖိအားပေးဆောင်ရွက်မှုအခြေအနေများ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး၊ ကုသရေးနှင့်ကာကွယ်ဆေးထိုးနှံပေးမှုအခြေအနေများ၊ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့်အခြေအနေများ၊ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်ငြိမ်းသက်သာခွင့်များပေးခဲ့သည့်အခြေအနေများ၊ နောင်လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများမှန်ကန်မှုရှိစေရေး ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ မူးယစ်ဆေးဝါးဖော်ထုတ်ဖမ်းဆီးရမိမှုအခြေအနေများ၊ အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH ၊ NUG နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များနှင့် အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်နေမှုများကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံးဒဏ်ရာရရှိမှု၊ နိုင်ငံပိုင်နှင့်ပုဂ္ဂလိကပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရမှုအခြေအနေများနှင့် နိုင်ငံတော်အာဏာကိုဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနည်းလမ်းများဖြင့်ရယူရန် ကြိုးပမ်းလုပ်ဆောင်လာမှုအခြေအနေများကို အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်အပေါ် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများက ဝိုင်းဝန်းသုံးသပ်ဆွေးနွေးခဲ့ကြသည်။

ယာယီသမ္မတအပါအဝင် တက်ရောက်လာသူအားလုံးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး အဘက်ဘက်မှဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးလျက်ရှိသော်လည်း နိုင်ငံတော်ကို အလုံးစုံပျက်သုဉ်းစေလိုသည့် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH ၊ NUG နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ အများပြည်သူဆိုင်ရာနေရာများကို အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်ခြင်း၊ ပြည်သူများကို လက်နက်ကိုင်ခြိမ်းခြောက်အကြပ်ကိုင်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်လျက်ရှိပြီး နိုင်ငံတော်အာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနည်းလမ်းများဖြင့်ရယူရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည့် သာမန်မဟုတ်သောအခြေအနေတွင်ရှိနေဆဲဖြစ်သည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်းနှင့် လိုအပ်သည့် ထုတ်ပြန်ကြေညာချက်ကို ၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။