နေပြည်တော် ဇန်နဝါရီလ ၁၄
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ နယ်မြေခံတပ်ရင်းမှ လက်နက်ကြီးများဖြင့် ပြည်သူများနေထိုင်ရာ ကျေးရွာများသို့ ပစ်ခတ်လိုက်သောကြောင့် ကလေးမြို့နယ်မြောက်ပိုင်း၊ ကြိုးကြာကွင်းကျေးရွာမှ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ကျည်ထိမှန်၍ သေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit Media က လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဇန်နဝါရီ ၁၃ ရက်နေ့တွင် တီးတိန်မြို့နယ်အတွင်းရှိ နယ်မြေရဲစခန်းတစ်ခုကို CDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများက Drone များအသုံးပြု၍ လာရောက်တိုက်ခိုက်စဉ် စခန်းအတွင်း ကျရောက်ခဲ့ခြင်းမရှိဘဲ ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ ကျရောက်ပေါက်ကွဲခြင်းဖြစ်ပြီး၊ တပ်မတော်မှ ပြည်သူများနေထိုင်ရာ ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်မှုများ မရှိပါကြောင်း သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ပြီး၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများမှ အထင်အမြင် လွဲမှားစေရန်အတွက် သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။
