Skip to main content

ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၀) ကျင်းပ

နေပြည်တော်    ဇန်နဝါရီ   ၁၆

လွှတ်တော်အစည်းအဝေးများကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၀)ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဒုတိယအကြိမ် လွှတ်တော်အသီးသီး၏ (၁၄)ကြိမ်မြောက်အထိ ပုံမှန်အစည်းအဝေးများကို လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၏ ဝိုင်းဝန်းကူညီ ပံ့ပိုးမှုကြောင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ လာမည့်(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးများကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၇) ရက်တွင် စတင်ကျင်းပသွားမည် ဖြစ်ကြောင်း၊ ယင်းလွှတ်တော်အစည်းအဝေး များတွင် ဆောင်ရွက်ဆဲဖြစ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပြင်ဆင်ရေး လုပ်ငန်းများအပါအဝင် ဥပဒေကြမ်းများ ဆွေးနွေးအတည်ပြုနိုင်ရေးနှင့် အခြားသောလွှတ်တော်ဆိုင်ရာ လုပ်ငန်းများကို ဦးစားပေးအလိုက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခုကျင်းပပြုလုပ်မည့် လွှတ်တော်အစည်းအဝေးများကိုလည်း ယခင်ကျင်းပပြီးစီးခဲ့သည့် လွှတ်တော်အစည်းအဝေးများကဲ့သို့ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပူးပေါင်းညှိနှိုင်းပြီး ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။ 

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက (၁၅)ကြိမ်မြောက် ပုံမှန်အစည်း အဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယခင်ကျင်းပပြီးစီးခဲ့သည့် လွှတ်တော်အစည်း အဝေးများတွင် တွေ့ကြုံခဲ့ရသည့် လုပ်ငန်းလိုအပ်ချက်များအပေါ် မူတည်၍ လုပ်ငန်းကော်မတီ အသီးသီးက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေး ညှိနှိုင်းပြီးဆောင်ရွက်ကြစေလိုကြောင်း၊ (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို အခက်အခဲမရှိ အောင်မြင်စွာကျင်းပနိုင်ခြင်းမှာလည်း လုပ်ငန်းကော်မတီအားလုံး ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည့်အတွက် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများက လုပ်ငန်းကော်မတီအလိုက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက က လုပ်ငန်းကော်မတီများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ)ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ သက်ဆိုင်ရာ လုပ်ငန်းကော်မတီ အတွင်းရေးမှူးများနှင့် လွှတ်တော်ရုံး အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)